သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကိုနီ လုပ်ကြံခံရမှု နိုင်ငံအတွက် ဆုံးရှုံးမှုကြီးဖြစ်ကြောင်း ကန်သံအမတ်ဟောင်း ရှုမြင်


အမေရိကန်သံအမတ်ကြီးဟောင်း Derek Mitchell
အမေရိကန်သံအမတ်ကြီးဟောင်း Derek Mitchell

အမျိုးသားဒီမိုကရေစီအဖွ့ဲချုပ် ဥပဒေအကြံပေးဦးကိုနီ လုပ်ကြံခံရတဲ့ကိစ္စနဲ့ပါတ်သက်လို့ ဘာအကြောင်းကြောင့် ခုလိုလုပ်ကြံရသလဲဆိုတာကို သတိထားစုံစမ်းသင့်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Derek Mitchell ကပြောလိုက်ပါတယ်။ သူနဲ့လူချင်းသိခဲ့တဲ့အပြင် သူ့အနေနဲ့ အထင်ကြီးလေးစားရသူဖြစ်တဲ့ ဦးကိုနီလုပ်ကြံခံရတာဟာ မြန်မာနိုင်ငံအတွက်တင် မဟုတ်ဘဲ သူ့ကိုသိသူတိုင်းအတွက် ဆုံးရှူံးမှုဖြစ်တယ်လို့ Mr. Mitchell က ဗွီအိုအေ မြန်မာပိုင်းကိုပြောပါတယ်။ ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ အမေရိကန်သံအမတ်ကြီးဟောင်း Dereck Mitchell ရဲ့သဘောထားအမြင် အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

မျိုးချစ်စိတ်ရှိပြီး သူလုပ်နေတဲ့အလုပ်အပေါ် သစ္စာရှိသူတယောက်ဖြစ်တဲ့ ဦးကိုနီလုပ်ကြံခံရ တဲ့သတင်းကြားရချိန်မှာ သူ့အနေနဲ့ အင်မတန် တုန်လှုပ်ခဲ့ရတယ်လို့ အမေရိကန်သံ အမတ်ကြီးဟောင်း Dereck Mitchell ကပြောလိုက်ပါတယ်။ မြန်မာနိုင်ငံကို စစ်အစိုးရကနေ အရပ်သားအစိုးရအဖြစ် အသွင်ပြောင်းခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်မှာအမေရိကန်အစိုးရက မြန်မာနိုင်ငံကို သံအမတ်အဆင့် ပြန်လည်ထားရှိခဲ့ချိန်မှာ Derek Mitchell ဟာ အမေရိကန်သံအမတ်ကြီးတာဝန်ကို ယူခဲ့သူဖြစ်ပါတယ်။ သူနဲ့လူချင်းရင်းနှီးပြီး သူအထင်ကြီးလေးစားသူတယောက်ဖြစ်တဲ့ ဦးကိုနီလုပ်ကြံခံရ တာဟာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ဆုံးရှူံးမှုကြီးဖြစ်တယ်လို့ ဗွီအိုအေ မြန်မာပိုင်းကို Mr. Mitchell ကခုလိုပြောပါတယ်။

“သူဟာမူရှိသူ၊ မျိုးချစ်စိတ်ရှိသူ၊ လူတွေရဲ့လေးစားမှုကိုခံရသူ၊ စိတ်ချယုံကြည်ရသူတယောက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သူ့လိုလူမျိုး များများရှိဖို့လိုပါတယ်။ သူလုပ်နေတဲ့အလုပ်အပေါ် ကျွန်တော်လေးစား စိတ်ဝင်စားတဲ့အတွက် အခွင့်အရေးရတိုင်းသူ့ဆီကအကြံဉာဏ်ယူခဲ့ပါတယ်။ သူဟာ ကျွန်တော်အထင်ကြီးသူတယောက်ဖြစ်ပါတယ်။ သူ့အလုပ်အပေါ် လေးစားမှု၊ တိုင်းပြည်ကိုချစ်စိတ်နဲ့ သစ္စာရှိမှုတွေကြောင့် သူ့ကိုဆုံးရံှူးရတာဟာ မြန်မာနိုင်ငံအတွက်တင် မဟုတ်ဘဲ သူ့နဲ့သိရသူတိုင်းအတွက် ကြီးမားတဲ့ဆုံးရှူံးမှုကြီးဖြစ်ပါတယ်။”

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေးဖြစ်တဲ့ ဦးကိုနီဟာ အမေရိကန်သံရုံးနဲ့ NLD ကြားဆက်ဆံရေးကို ကူညီဆောင်ရွက်ပေးခဲ့သူ တယောက်လည်းဖြစ်တာမို့ ဦးကိုနီနဲ့ ထိတွေ့ဆက်ဆံခဲ့ရတဲ့ အတေ့ွအကြုံအရ သူ့ကို ပါတီအတွက်ထက် နိုင်ငံအတွက် အလုပ်လုပ်ပေးနေသူအဖြစ်မြင်တယ်လို့လည်း သံအမတ်ကြီးဟောင်း Dereck Mitchell ကသူ့အမြင်ကို ခုလိုပြောပါတယ်။

“NLD နဲ့ဆိုင်တဲ့ကိစ္စတွေ ပြောဖို့ ဆိုဖို့လိုလာရင် သူကကျွန်တော့်အတွက်အရေးကြီးတဲ့ ကူညီဆောင်ရွက် ပေးခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ကျွန်တော်သူ့ကို ပါတီနိုင်ငံရေးသမားလို့ မမြင်ပါဘူး။ နိုင်ငံအတွက် စိတ်ရောကိုယ်ပါ နှစ်ပြီးဆောင်ရွက်နေသူတယောက်လို့ပဲ မြင်ပါတယ်။ လူတွေစည်းလုံး ညီညွတ်ကြစေအောင် သူ့အနေနဲ့ အများကြီးလုပ်နိုင်သေးတယ်လို့ ကျွန်တော်ထင်ပါတယ်။”

အင်ဒိုနီးရှားမှာ ခေါင်းဆောင်မှုသင်တန်းတက်လာပြီး ဇန်နဝါရီလ ၂၉ ရက်နေ့ညနေက ပြန်ရောက်လာတဲ့ ဦးကိုနီကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်သမားတယောက်က နောက်စေ့ကို အနီးကပ် သေနတ်နဲ့ပြစ်ခတ်လုပ်ကြံခဲ့တာဖြစ်ပါတယ်။ ဖမ်းမိထားတဲ့သေနတ်သမားဦးကြည်လင်းကို အခုချိန်ထိ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ ဒီလုပ်ကြံမှုကို သူဘာကြောင့်လုပ်ခဲ့ရသလဲဆိုတဲ့ နောက်ခံအမှန်တကယ်သိရအောင် စုံစမ်းနိုင်ဖို့အရေးကြီးတယ်လို့ အမေရိကန်သံအမတ်ကြီးဟောင်းက ခုလိုတိုက်တွန်းပါတယ်။

“ဒီလုပ်ကြံမှုကြီးနဲ့ပတ်သက်လို့ ပြည်သူတွေဖက်က စဉ်းစားခြင့်ချိန်ပြီးမှ တုံ့ပြန်ကြစေချင်ပါတယ်။ ဘာကြောင့်ခုလို လုပ်ကြံရသလဲဆိုတာတဲ့ အကြောင်းအရင်းအမှန်သိရအောင် သေသေချာချာ သတိထားပြီး စုံစမ်းစစ်ဆေးမယ်လို့ မျှော်လင့်ပါတယ်။ သေနတ်သမားကို မေးတာဖြေအောင် လုပ်တာမျိုးထက် တိုင်းပြည်အတွက် တကယ့်အမှန်တရားပေါ်လာဖို့လိုပါတယ်။ အမှားအမှန် မသိရသေးဘဲ အထင်နဲ့ အရေးယူမှုတွေ မလုပ်ကြဖို့လိုပါတယ်။ သူ့ရဲ့လုပ်ရပ်တွေအပေါ် ပြည်သူတွေက အားကျအတုယူကြမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဦးကိုနီတသက်လုံး လုပ်ခဲ့တဲ့အလုပ်တွေကို ပြည်သူတွေက နမူနာယူပြီး သူလုပ်ခဲ့တဲ့အလုပ်တွေအပေါ် စိတ်ရောကိုယ်ပါ ဆက်လုပ်သွားကြဖို့မျှော်လင့်ပါတယ်။ ဒီလိုကိစ္စမျိုးဖြစ်လာရင် သဘောထားကွဲမှု တွေဖြစ်တတ်လေ့ ရှိတာကြောင့် အဲဒီအပေါ်မစိုက်ဘဲ ဦးကိုနီလုပ်ခဲ့သလို ကိုယ်ဘာလုပ်နိုင်မလဲဆိုတဲ့အပေါ် အာရုံစိုက်သင့်ပါတယ်။”

အမေရိကန်သံအမတ်ကြီးဟောင်း Derek Mitchell က ဗွီအိုအေ မြန်မာပိုင်းကို သီးသန့်ပြောကြားခဲ့တာဖြစ်ပါတယ်။ မြန်မာအစိုးရနဲ့ သံတမန်ဆက်ဆံရေးပြန်စခဲ့တဲ့ သမ္မတအိုဘားမားအစိုးရလက်ထက်မှာ Derek Mitchell ကို သံမတ်ရာထူးတန်းတူ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ မူဝါဒရေးရာ ညှိုနှိုင်းရေးမှူးအဖြစ် ၂၀၁၁ခုနှစ်မှာ ခန့်အပ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဇွန် လမှာတော့ အမေရိကန်အထက်လွှတ်တော်က သူ့ကိုမြန်မာနိုင်ငံဆိုင်ရာ သံအမတ်ခန့်အပ်ဖို့ အတည်ပြုခဲ့ပြီးတဲ့နောက် Mr. Mitchell ဟာ ၂၀၁၂ ခုနှစ် ဇူလိုင်လကနေ ၂၀၁၆ ခုနှစ် မတ်လအထိ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG