သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA အခြေအနေ အကောင်းမြင်ဖို့စောသေး


အပစ်ရပ်စာချုပ် NCA ကို လက်မှတ်မရေးထိုးသေးတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ နိုင်ငံရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN။
အပစ်ရပ်စာချုပ် NCA ကို လက်မှတ်မရေးထိုးသေးတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ နိုင်ငံရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN။

အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်နိုင်ဖို့ UNFC တိုင်းရင်းသားမဟာမိတ်အဖွဲ့က အဆိုပြုထားတဲ့ အချက် (၉)ချက်ကို အစိုးရက မူအားဖြင့် သဘောတူ လိုက်ပါတယ်။ ဒါပေမယ့် ဘယ်အချက်တွေကို ဘယ်လို လိုက်လျောမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးတဲ့အတွက် ထူးခြားတိုးတက်မှုလို့ ယူဆလို့ မရကြောင်း မြန်မာ့အရေး အကဲခတ်တွေက သုံးသပ်ကြပါတယ်။ ဒီအတောအတွင်း မတ်လမှာ ဒုတိယအကြိမ် (၂၁)ရာစု ပင်လုံညီလာခံကျင်းပဖို့ လျာထားတဲ့အစီအစဉ် မဖြစ်နိုင်တော့ကြောင်း အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်က ပြောကြားလိုက်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။

ရန်ကုန်မြို့မှာ မတ်လ (၃)ရက်နေ့က အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFC တိုင်းရင်းသားလူမျိူးများ ဖယ်ဒရယ်ကောင်စီ ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေး ခဲ့ကြတာပါ။ UNFC က အဆိုပြုထားတဲ့ အချက် (၉)ချက်ကို အစိုးရဘက်က မူအားဖြင့် သဘောတူညီခဲ့တယ်ဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး ဆွေးနွေးပွဲအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ UNFC ရဲ့ နိုင်ငံရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN ခေါင်းဆောင် ခူးဦးရယ်က သတင်းထောက်တွေကို အခုလို ပြောပါတယ်။

"အဆုံးသတ် ဆုံးဖြတ်ချက် မရောက်ခင်မှာ ဆိုလိုတာကတော့ ကျနော်တို့ အခြေခံ အချက်အလက်တွေအပေါ်မှာ မူအားဖြင့် ကျနော်တို့ကို ဘယ်လိုဖြတ်ကျော် သွားပြီးတော့ သွားမယ်ဆိုတဲ့ အခြေခံသဘောထားကို ပြောတာဖြစ်ပါတယ်။"

အခုလို UNFC ဘက်က အဆိုပြုထားတဲ့ အချက် (၉)ချက်ကို မူအားဖြင့် သဘောတူညီတဲ့ အထဲမှာ တပ်မတော်ဘက်က ကိုယ်စားလှယ်တွေပါဝင်ပါတယ်။ ဒါကိုကြည့်ပြီးတော့ တပ်မတော်ဘက်က သဘောထားပျော့ပြောင်းလာတယ်လို့ မြင်လို့ မရကြောင်း သတင်းစာဆရာ ဦးစည်သူအောင်မြင့်က သုံးသပ်ပါတယ်။

" ဒါပေမဲ့ NCA ထိုးလာဖို့အတွက် လိုအပ်တဲ့အချက်အလက်လေးတွေကို ညှိမယ် နှိုင်းမယ် ဆိုတဲ့ သဘောပါ။ သူကတော့ မူမှာ သူရပ်တည်တုန်းပါပဲ။ အဲ့ဒီ့တော့ မူကို မထိခိုက်သေးတဲ့နောက်မှာ ညှိနှိုင်းလို့ရတယ်ဆိုပြီး သူ ရပ်တည်တဲ့သဘောပါပဲ။ ဒါမျိုးက အရင်တုန်းကလည်း ဖြစ်ဖူးပါတယ်။ သမ္မတဦးသိန်းစိန် လက်ထက်မှာ သူတို့ညှိနှိုင်းရ ခက်ခဲသွားတဲ့ ကာလမျိုးတွေ ရှိခဲ့ဖူးပါတယ်။ အဲ့ဒီ့အခါမျိုးကျရင်တော့ အစိုးရဘက်က အဲ့ဒီ့တုန်းကဆိုရင် ဦးအောင်မင်းတို့ ကိုယ်တိုင်ပါဝင်တယ် နောက် ဟိုတဘက်က တပ်ဘက်က အများကြီးပါပြီးမှ ဒီအခြေအနေကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာ သူတို့ဆွေးနွေးတာတွေ ရှိခဲ့တယ်။ အခုလည်း ဒီသဘောပါပဲ ဒီသဘောမှာ တဘက်က လာတာက NCA စာချုပ်ကို ပြန်ပြင်ရမယ်တို့ NCA စာချုပ်ကို မလိုချင်တော့ဘူး ဒီလိုမျိုး ပြောတာ မရှိဘူး ဆိုတော့ သူတို့ဆက်ပြီးတော့ လမ်းပွင့်မယ် သဘောပါပဲ။"

ဒါ့အပြင် မနေ့က နှစ်ဘက် ဆွေးနွေးပွဲရလာဒ်အဖြစ် ထုတ်ပြန်တဲ့ ကြေညာချက်မှာ မူအားဖြင့် သဘောတူညီတာကလွဲပြီး ထူးထူးခြားခြားမပါသလို ဆက်ပြီးဆွေးနွေးသွားမယ် ဆိုတဲ့ အခြေအနေကိုပဲ တွေ့မြင်ရကြောင်း ဦးစည်သူအောင်မြင့်က ပြောပါတယ်။

" တခြားအများကြီး အဲ့ဒီ့မှာ ထူးခြားတာ မတွေ့ရဘူး။ နှစ်ဘက်စလုံး သဘောတူတယ် ဆိုတဲ့သဘော။ အဲ့ဒီ့မှာ ရှင်းရှင်း ပြတ်ပြတ်နဲ့ ဒီအချက် ၉ချက်ထဲက ဘယ်အချက်ကို ဘယ်လိုလိုက်လျောမယ် ဆိုတာ ဒီသဘောမျိုးမပါဘူး။ တချို့ဟာတွေက နောင်မှ ဆက်ဆွေးနွေးဖို့ဟာတွေရှိတယ်။ တချို့ဟာတွေက သီးသန့် တခြားဟာထဲမှာ သွားပြီးတော့မှ ဆွေးနွေးမယ်ဆိုတဲ့အချက်လေးတွေ ထည့်ထားတာ တွေ့ရတယ်။"

ဒါပေမဲ့ UNFC ကိုဦးဆောင်နေတဲ့ KIO ကချင်လွတ်လပ်ရေးအဖွဲ့က ကိုယ်စားလှယ်တွေ ဒီဆွေးနွေးပွဲမှာ ပါဝင်မှုမရှိတာဟာတော့ ထူးခြားမှုရှိတယ်လို့ ဦးစည်သူအောင်မြင့် က ပြောပါတယ်။ KIO နဲ့ UWSA အပါအဝင် တရုတ်-မြန်မာနယ်စပ် အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က လက်ရှိ NCA စာချုပ်အစား တရားမျှတမှုရှိတဲ့ အပစ်အခတ် ရပ်စဲရေး စာချုပ်နဲ့ အစားထိုးဖို့ ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့က ထုတ်ပြန်တဲ့ ပန်ခမ်း အစည်းအဝေးကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒါကြောင့် တိုင်းရင်းသားတွေဘက် က NCA နဲ့ပတ်သက်ပြီး သဘောထား ကွဲလွဲမှုတွေများ ရှိလာနေသလား။ ဦးစည်သူအောင်မြင့်ရဲ့ အမြင်ကတော့- " အခုကြည့်လိုက်ရင်တော့ အဲ့သလိုပုံစံမျိုး ဖြစ်နေတယ်။ ဒီဘက်မှာ အခုလာတဲ့ ကိုယ်စားလှယ်အဖွဲ့တွေက NCA မူအတိုင်းကိုပဲ ဆက်ပြီးတော့ ဆွေးနွေးသွားမယ်ဆိုတဲ့သဘောကို သူတို့ပြောနေတယ်။ သတင်းစာရှင်းလင်းပွဲမှာလည်း ပြောတယ်။ ဆွေးနွေးပွဲမှာလည်း ဒီအတိုင်းပဲ သူတို့ဆွေးနွေးသွားတယ်။ ဒါပေမဲ့ ပန်ခမ်းက ထုတ်တဲ့ ဝနဲ့ပူးပေါင်းပြီးတော့ ဆွေးနွေး ရရှိချက်မှာ ထုတ်ပြန်ထားတဲ့ ဟာကတော့ ဒီလမ်းကြောင်းမဟုတ်ဘူး။ ဟိုအရင်လက်မှတ်ထိုး တဲ့သူကတော့ ထိုးပစေတော့ ကျန်တဲ့သူတွေကျတော့ ဝက ဦးဆောင်ပြီးတော့မှ နောက်ထပ် အပစ်အခတ်ရပ်စဲရေး ပုံစံအသစ် ဆွေးနွေးမှုပုံစံအသစ် လုပ်မယ် ကမ်းလှမ်းမယ်ဆိုပြီးတော့မှ သူတို့က ထုတ်ပြန်ထားတာကိုး အဲ့ဒီ့တော့ ဒီနှစ်ခုက ဆန့်ကျင်နေတာကို တွေ့ရတယ်။"

မနေ့က အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFC ကိုယ်စားလှယ်တွေ ဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ- UNFC ဘက်က အဆိုပြုထားတဲ့ အချက် (၉)ချက်ထဲက သုံးပွင့်ဆိုင်ငြိမ်းချမ်းရေးဆွေးနွေးပွဲ အချက်အပါအဝင် နိုင်ငံရေးဆွေးနွေးမှု မူဘောင်၊ တပ်နေရာပြန်လည်ချထားရေး ကြိုတင်သဘောတူညီမှုရယူရန် အချက်တွေကိုတော့ အခြားသက်ဆိုင်ရာဆွေးနွေးပွဲ ခေါင်းစဉ်တွေအောက်မှာ ဆက်ပြီးဆွေးနွေး သွားမယ်လို့ ဖေါ်ပြထားပါတယ်။ အလားတူ အဖွဲ့အားလုံးပါဝင်ရေးကို နှစ်ဘက်စလုံးက ဆက်လက်ကြိုးစား ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

မူလက လျာထားတဲ့ ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို မတ်လအတွင်း ကျင်းပမယ့် အစီစဉ်ကိုလည်း ထပ်ပြီး ရွှေ့ဆိုင်းလိုက်ကြောင်း အစိုးရငြိမ်းချမ်းရေးကော်မရှင် တာဝန်ရှိသူတွေဘက်က ပြောပါတယ်။

NCA အခြေအနေအကောင်းမြင်ဖို့စောသေး
please wait

No media source currently available

0:00 0:04:15 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG