သုံးရလွယ်ကူစေသည့် Link များ

မူးယစ်မှောင်ခို ၈ ဦး ထိုင်းမြန်မာနယ်စပ်မှာ အသေမိ


၂၀၁၇ဖေဖော်ဝါရီလတုန်းက ထိုင်း-မြန်မာနယ်စပ်မှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ

ထိုင်း-မြန်မာနယ်စပ် မဲဆိုင်နယ်ခြားဒေသမှာ ထိုင်းနယ်ခြားစောင့် တပ်ဖွဲ့တွေနဲ့ မြန်မာနိုင်ငံဘက်ကနေကူးလာကြတဲ့မူးယစ်ဆေးဝါး သယ်ဆောင်လာသူတွေ အကြား မေလ ၁၃ ရက်နေ့က တိုက်ပွဲတွေ ဖြစ်ခဲ့တာမှာ စိတ်ကြွဆေး ခြောက်သိန်းနဲ့ အတူ လူ (၈) ဦးကို အသေ ဖမ်းဆီး မိခဲ့ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ထိုင်းနယ်ခြားစောင့်တပ်တွေနဲ့ အတူ ထိုင်းမူးယစ်နှိမ်နင်းရေး အဖွဲ့တွေဟာ မယ်ဆိုင်-တာချီလိတ် နယ်ခြား တောင်ကြားလမ်းကနေ သတင်းအရ စောင့်နေချိန်မှာ မူးယစ်ဆေးဝါး သယ်ဆောင်လာသူ (၁၅) ဦးခန့်နဲ့ ထိုင်းစစ်တပ်တို့ထိပ်တိုက် ပစ်ခတ်မှုတွေဖြစ်ခဲ့တာပါ။

၁၀ မိနစ်ကျော် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးတဲ့ နောက်မှာတော့ ကျောပိုးအိတ်တွေနဲ့ သယ်ဆောင်လာတဲ့ စိတ်ကြွဆေး အလုံးရေပေါင်း ၆ သိန်းနဲ့ အတူ လက်နက်ကိုင်အုပ်စုက (၈) ဦးကို အသေဖမ်းမိခဲ့ပြီး တခြားလူတွေကတော့ ထွက်ပြေး သွားကြတယ်လို့ ထိုင်းအာဏာပိုင်တွေ ပြောပါတယ်။ ဒါ့အပြင် မူးယစ် မှောင်ခို ကူးသူတွေထံက M16 သေနတ် ၂ လက်နဲ့ AK-47 တလက်တို့ကိုလည်း သိမ်းဆည်း ရမိခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနယ်ခြားစောင့် တပ်ရဲ့ တာဝန်ရှိသူတွေကတော့ အခု တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ တောင်ကြောတွေဟာ အိမ်နီးချင်း မြန်မာဘက်ကနေ မူးယစ်ဆေး သယ်ဆောင်လာနေကြတဲ့ အဓိက လမ်းကြောင်းဖြစ်တယ်လို့ ပြောပါတယ်။

ဒီလို တိုက်ပွဲ ဖြစ်ခဲ့တာကြောင့် မြန်မာနိုင်ငံဘက်က ဘယ်အဖွဲ့တွေနဲ့ ပတ်သက်သလဲ ဆိုတာကို ထိုင်းအာဏာပိုင်တွေ ဘက်က စုံစမ်းမူတွေ လုပ်နေပေမဲ့ မြန်မာနိုင်ငံ တာချီလိတ် မူးယစ်တပ်ဖွဲ့စု (၃၀) ကို ဆက်သွယ် မေးမြန်း ကြည့်တဲ့အခါမှာတော့ သူတို့အနေနဲ့ မသိရှိသေးကြောင်း ပြောပါတယ်။ ထိုင်းသတင်းတွေမှာတော့ ကြိုတင်သတင်းရတဲ့အတွက် လာရောက်ပြီး စောင့်ဆိုင်းနေရာကနေ မူယစ်ဆေးဝါး သယ်ဆောင် သူတွေနဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တာလို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ခရိုင်၊ မဲဆိုင် နယ်စပ်ဘက်တွေမှာတော့ အခုလိုမျိုး ထိုင်းနယ်ခြားစောင့်တွေနဲ့ မူယစ်ဆေးဝါး သယ်ဆောင် လာသူတွေ မကြာခဏ ဆိုသလို တိုက်ပွဲတွေ ဖြစ်နေတာပါ။

ထိုင်း မြန်မာနယ်စပ် မယ်ဆိုင်မြို့ကနေ ထိုင်းနိုင်ငံ ချင်းရိုင်-ချင်းမိုင်နဲ့ တောင်ပိုင်း ဒေသအထိ မူးယစ်ဆေးဝါးတွေ ဖြန့် ဖြူးနေတဲ့ မြန်မာ နိုင်ငံသားတွေ ပါဝင်နေတဲ့ ဂိုဏ်းက အဖွဲ့ဝင်တွေကို ဖမ်းဆီးမိခဲ့ကြောင်း ၂၀၁၆ ခုနှစ် ကုန်ပိုင်မှာ ထိုင်းအာဏာပိုင်တွေ လုပ်တဲ့ တင်းစာရှင်းလင်းပွဲမှာ ထုတ်ဖေါ် ပြောဆိုခဲ့ပါတယ်။

မဲခေါင်းမြစ်ဝှမ်း တလျောက် ထိုင်း၊ မြန်မာ၊ လာအိုနဲ့ တရုတ် စတဲ့ ၄ နိုင်ငံ ပူးပေါင်းပြီး မူယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေချိန်မှာပဲ ဘိန်းဖြူနဲ့ အိုက်စ် လို့ခေါ်တဲ့ မူးယစ်ဆေးတွေ အပါအ၀င် စိတ်ကြွဆေး သန်းနဲ့ ချီပြီး တနှစ်ထက် တနှစ် ဖမ်းဆီးမှုတွေ တိုးလာနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG