သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငလျင်ဒဏ်သင့် ပုဂံဘုရားပြုပြင်ရေး အလျင်စလိုမလုပ်ဖို့ ဒေါ်စုညွှွန်ကြား


ငလျင်ဒဏ်သင့် ပုဂံဘုရားတစ်ဆူ
ငလျင်ဒဏ်သင့် ပုဂံဘုရားတစ်ဆူ

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ပုဂံဒေသက ဘုရား၊ စေတီပုထိုးတွေကို အလျှင်စလိုမပြုပြင်ဘဲ၊ ကမ္ဘာ့ကုလသမဂ္ဂ ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး (UNESCO) အဖွဲ့ရဲ့ အကူအညီနဲ့ လုပ်ဆောင်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှာကြားလိုက်ပါတယ်။ သြဂုတ်လ ၂၄ ရက်နေ့က မြန်မာနိုင်ငံအလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပုဂံဒေသက နာမည်ကြီး ဘုရားတချို့ အပါအဝင် စေတီပုထိုးပေါင်း ၂၀၀ လောက် ထိခိုက်ပျက်စီးသွားခဲ့တာပါ။ ဒီအကြောင်းအပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းမှာ ဗုဒ္ဓဟူးနေ့က လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် ပုဂံဒေသမှာရှိတဲ့ ရှေးဟောင်း ဘုရားတွေ အတော်များများ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။ အဲဒီ ထိခိုက်ပျက်စီးသွားတဲ့ ဘုရားစေတီပုထိုးတွေကို အလျင်စလို ပြုပြင်ထိန်းသိမ်းသွားမှာမဟုတ်ဘဲ ကျွမ်းကျင်သူတွေရဲ့ ညွှန်ကြားချက်တွေနဲ့ အညီလုပ်ဆောင်သွားဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ညွန်ကြားခဲ့တယ် လို့ မြန်မာသမ္မတရုံးပြောခွင့် ဒု-ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။

“ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကို သူကိုယ်တိုင်မှာတာပေါ့နော် ။ ပြုပြင်ထိန်းသိမ်းတာနဲ့ ပတ်သက်ပြီးတော့ ဒီရှေးဟောင်းအမွေအနစ်တွေ ၊ ရှေးဟောင်းလက်ရာတွေကို မပျက်ပြားပဲ ထိန်းသိမ်းတဲ့နည်းကတော့ သူတို့ UNESCO က ပညာရှင်တွေရှိတယ် ။ နောက် တကမ္ဘာလုံးမှာ ကျွမ်းကျင်တဲ့ပညာရှင်တွေ နဲ့ UNESCO ချိတ်ဆက်ပြီးတော့မှ လုပ်ဆောင်နေတာတွေဖြစ်တဲ့အတွက် အဲဒါနဲ့ ဆွေးနွေးပြီးတော့မှ လုပ်ဖို့ဆိုပြီးတော့ ညွှန်ကြားထားပါတယ်။”

ချောက်မြို့ရဲ့ အနောက်ဘက် ၁၂ မိုင်လောက်ကို ဗဟိုပြုပြီး လှုပ်ခတ်သွားတဲ့ ငလျင်ဟာ ပြင်းအား ၆.၈ မက်ဂနိကျူရှိပြီးတော့ ၊ သမိုင်းဝင် နာမည်ကြီးဘုရားတချို့အပါအဝင် စေတီပုထိုး ၂၀၀ လောက် ပျက်စီးသွားခဲ့တယ်လို့ အပျက်အစီးနဲ့ ပတ်သက်တဲ့ နောက်ဆုံးအခြေအနေကို ပုဂံမြို့ ရှေးဟောင်းသုတေသနဌာနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာနက ညွန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောပါတယ်။

“ပျက်စီးတဲ့ အရေအတွက်ကတော့ ၁၈၇ ဆူပေါ့။ ကျနော်တို့ အဲဒါကတော့ လုံးဝကြီးတော့ အတည်မပြုသေးပါဘူး။ စာရင်းကောက်နေတဲ့အဖွဲ့တွေကတော့ ကောက်နေကြတယ်ခင်ဗျ ကျနော်ကနောက်ဆုံးရတဲ့ အခြေအနေလေးတွေကို လှမ်းပြောတာပါခင်ဗျ

မေး။ ။ အဲဒီအထဲမှာ အပျက်စီးဆုံးဘုရားက ဘယ်ဘုရားလို့ပြောလို့ရမလဲ။

ဖြေ။ ။ စူဠာမဏိ ပါခင်ဗျ။ ကျနော်တို့ အပေါ်ပိုင်းက ကွမ်းတောင် ပြိုကျတယ်ပေါ့နော်။ ပြိုကျတဲ့ဟာက အောက်ကို အရန်စေတီတွေပါထိသွားပါတယ်ခင်ဗျ အပျက်အများဆုံးပဲဖြစ်ပါတယ်။ တခြားနာမည်ကြီးတဲ့ ဘုရားတွေ ထဲကတော့ ထီးလိုမင်းလိုဘုရားရှိပါတယ်။ ထီးလိုမင်းလိုဘုရားကတော့ စူဠာမဏိလောက်မဆိုးပါဘူးခင်ဗျ။ အာနန္ဒာ ကတော့ မုခ်ဦးတွေ ပလာစတာတွေကွာတာကတော့ စောင်းတန်းတွေမှာပဲဖြစ်ပါတယ်။ အဲဒီဘက်မှာတော့ အဲဒီအတိုင်းတွေဖြစ်ပါတယ်။ နောက်တခါ စေတနာကြီးဘုရားပေါ့နော် စေတနာကြီးဘုရားကတော့ အပေါ်က ထီးတော်ပိုင်းမှာ ပြိုကျသွားပါတယ်။ ပြဿဒ်ကြီးဘုရားကတော့ အပေါ်ကပြိုကျပါတယ် ဟုတ်ကဲ့ အထင်ကရဘုရားတွေကတော့ အဲဒါတွေပဲရှိပါတယ်။”

နိုင်ငံတော်သမ္မတ ဦးထင်ကျော် နဲ့ အတူ ၊ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ သူရဦးအောင်ကို နဲ့ ဒေါက်တာဝင်းမြတ်အေး ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့လည်း ပုဂံမြို့ကို ကိုယ်တိုင်သွားရောက်ခဲ့ကြပါတယ်။ ပုဂံဘုရားတွေ နည်းစနစ်ကျကျမှန်မှန်ကန်ကန် ပြန်လည်ပြင်ဆင်ဖို့အတွက် ဒေသတွင်းပညာရှင်တွေ၊ ရှေးဟောင်းသုတေသနဝန်ထမ်းတွေ၊ ဗိသုကာပညာရှင်တွေ၊ ကျွမ်းကျင်အင်ဂျင်နီယာတွေ ဖိတ်ကြားထားကြောင်း၊ လာမယ့် ၂၉ ရက်နေ့မှာ အလုပ်ရုံဆွေးနွေးပွဲတခုလုပ်သွားမှာဖြစ်တယ်လို့ သူကပြောပါတယ်။ ပြီးခဲ့တဲ့ စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ နှစ်တွေအတွင်း သမိုင်းဝင်ရှေးဟောင်းပုဂံဘုရားတွေကို ပြုပြင်တဲ့နေရာမှာ ပညာရှင်တွေနဲ့ တိုင်ပင်ခြင်းမရှိဘဲ လုပ်ဆောင်ခဲ့တာကြောင့် ရှေးမူလက်ရာတွေပျောက်ပျက် သွားတဲ့အပေါ်မှာ ဝေဖန်မှုတွေ အတော်လေးရှိခဲ့ပါတယ်။ အခုပျက်စီး သွားခဲ့တာတွေကို ပြန်လည်ပြုပြင်ထိန်းသိမ်းဖို့ နဲ့ ပတ်သက်ပြီး ဦးအောင်အောင်ကျော်ကတော့ အခုလိုပြောပါတယ်။

“၂၀၁၀ နောက်ပိုင်း အထူးသဖြင့် ၂၀၁၂ နောက်ပိုင်းမှာ ကျနော်တို့ ပြုပြင်တဲ့အခါမှာ UNESCO ချထားတဲ့ guideline နဲ့ conservation manual guideline နဲ့ ကျနော်တို့သွားနေပါတယ်။ ဆိုလိုတာကတော့ ကျနော်တို့ ရှေးဟောင်းအဆောက်အအုံတခုပျက်သွားတယ်ဆိုရင် ပျက်ယွင်းသွားတဲ့ဟာကို ဆက်ပြီးတော့ ပျက်ယွင်းမသွားအောင်ပဲ ထိန်းသိမ်းပါတယ်။ ပြန်လည်ပြီးတော့ ဖြည့်တင်ပြီးတော့ အစားထိုး ဆောင်ရွက်တာမျိုးတွေ ကျနော်တို့ မရှိပါဘူး။ အဲလိုနည်းနဲ့ပဲ ကျနော်တို့ အများဆုံးဆောင်ရွက်သွားပါမယ်။ပြီးတော့ နောက်တခါ အသုံးပြုတဲ့ နည်းစနစ်တွေပေါ့နော် ၊ အသုံးပြုတဲ့ နည်းစနစ်တွေမှာ ကျနော်တို့ ရှေးဟောင်းအဆောက်အဦးတွေမှာ ရှိတဲ့ နည်းစနစ်နဲ့ ခေတ်သစ်နည်းစနစ်နဲ့ မတူညီတဲ့အခါကျတော့ သဟဇာတ မဖြစ်တဲ့အခါမှာ ကျနော်တို့ အဲဒီနေရာမှာ ပြဿနာတွေဖြစ်ပါတယ်။ အဲဒါတွေကိုလည်း ပညာရှင်တွေနဲ့ ညှိနှိုင်းပြီးတော့ အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ကျနော်တို့ ဆောင်ရွက်သွားမှာပါ။”

ငလျင်ကြောင့် သေဆုံးသူ လူအရေအတွက်က အခုချိန်ထိ ၃ ဦးပဲရှိတယ်လို့ လူမှုဖူလုံရေး၊ ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

“လူက စုစုပေါင်း အားလုံး ၃ ယောက်ပဲ ။ ပခုက္ကူမှာ ၁ ယောက် ရေနံချောင်းဘက်က ရွာ ၁ ရွာမှာ ၂ ယောက်။ အားလုံး ၃ ယောက်ပဲ ဖြစ်ပါတယ်။ ပခုက္ကူ ဘက်က အဆောက်အဦးမြင့်မိုရ် ပြုတ်ကျလို့ အဲဒါကို မရှောင်နိုင်တော့ပဲနဲ့ ၁ ဦးဆုံးတယ်ပေါ့နော်။ အဲဒါက ပခုက္ကူ ဘက်မှာ သေဆုံးတာ ၁ ယောက်။ ရေနံချောင်းဘက်မှာ ကျောင်းသူလေး ၂ ယောက် စစ်ပလီကျေးရွာမှာဖြစ်တယ်။ မြစ်ကမ်းပါး ပြိုကျပြီးတော့ ကျောင်းသူလေး ၂ ယောက်ဆုံးပါတယ် အားလုံးပေါင်း ၃ ယောက်ပဲ။”

ငလျင်ကြောင့်ထိခိုက်သေဆုံးသွားတဲ့သူတွေအတွက် လူကယ်ပြန်ဝန်ကြီး ဌာနက ငွေကြေးထောက်ပံ့ကူညီပေးခဲ့ပြီး၊ ပုဂံ ညောင်ဦး၊ ရေနံချောင်း၊ ချောက်၊ နဲ့ မကွေးမြို့တွေကို သွားရောက်ခဲ့တယ်လို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။ ။ သမ္မတဦးထင်ကျော်ကတော့ အစိုးရအနေနဲ့ လိုအပ်တဲ့ အကူအညီတွေပေးသွားမှာဖြစ်ပြီး၊ အပျက်အစီးတွေကို စနစ်တကျထိန်းသိမ်းကြဖို့ ပြောခဲ့ပါတယ်။ ပုဂံဒေသမှာတော့ အခုချိန်မှာ လုံခြုံရေးတွေ တိုးမြှင့်ချထားပါတယ် ဒါပေမဲ့လည်း ဘုရားဖူးတွေကို တချို့ဘုရားတွေမှာ ဝင်လို့ရသလောက်ပေးဝင်ဖို့ သမ္မတ ဦးထင်ကျော်က မှာကြားခဲ့တယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG