သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်တိုင်း ပုဂ္ဂလိကလုပ်ငန်းအားလုံး ပါဝါလိုင်း ဖြတ်တောက်


ရန်ကုန်တိုင်းအတွင်းက ပုဂ္ဂလိက လုပ်ငန်းတွေမှာ အသုံးပြုနေတဲ့ ပါဝါမီတာတွေ အားလုံးကို အာဏာပိုင်တွေက သုံးခွင့်မပြုတော့ဘဲ ဖြတ်တောက်လိုက်ပါပြီ။ ပုံမှန် လျှပ်စစ်မီးပေးချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေအတွင်း လုပ်ငန်းတွေ ဆက်လက် လည်ပတ်နိုင်ဖို့အတွက် ကိုယ်ပိုင် မီးစက်တွေနဲ့သာ အသုံးပြုကြရပါမယ်။ ဒီအခြေအနေ တွေကတော့ အစစ အရာရာ ဈေးနှုန်းတွေ ပိုပြီးတက်လာဖို့သာ ဖြစ်တယ်လို့ လုပ်ငန်း ရှင်တွေက ပြောကြတာကို မသင်းသီရိက အပြည့်အစုံ ပြောပြထားပါတယ်။

လုပ်ငန်းတွေအားလုံးမှာ သုံးနေကြတဲ့ ပါဝါမီတာတွေ ရပ်ပစ်တဲ့အထဲမှာ ရှော့ပင်းစင်တာ နဲ့ ပလာဇာကြီးတွေအပါအဝင် ပုံနှိပ်လုပ်ငန်းတွေ ဓာတ်ပုံဆိုင်တွေလို လုပ်ငန်းငယ်တွေ သာမက စက်မှုဇုန်လုပ်ငန်းတွေအားလုံးကိုပါ ဖြတ်ပစ်လိုက်တာပါ။ ရပ်ကွက်နဲ့မြို့ နယ်တွေအတွင်း လျပ်စစ်မီး ပိုပေးချင်လို့ အခုလို ပါဝါမီတာအသုံးပြုတာတွေ ရပ်ပစ်တာ ဖြစ်တယ်လို့ အာဏာပိုင်တွေကပြောကြောင်း လုပ်ငန်းရှင်တွေက ဆိုပါတယ်။

အခုဆိုရင် လုပ်ငန်းတွေမှာ မြို့နယ်တွင်းပေးတဲ့ ပုံမှန်လျှပ်စစ်မီးရချိန်အတွင်း လည်ပတ်လုပ်ကိုင်ကြရမှာဖြစ်သလို လျှပ်စစ်မီး မရတဲ့ အချိန်တွေမှာ ကိုယ်ပိုင်မီးစက်တွေ နဲ့ လည်ပတ်ရမှာပါ။ ဒါပေမဲ့ အစိုးရပေးတဲ့ လျှပ်စစ်မီးကလည်း ပြောထားတဲ့အချိန်တွေ အတိုင်း မရတာမို့ လုပ်ငန်းချိန်အများစုကို မီးစက်တွေနဲ့သာ အသုံးပြုကြရမယ်လို့ ရန်ကုန် ပုံနှိပ်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

“သောကြာနေ့ကတည်းက စတာ၊ အခုဆို ဖြုတ်လို့တောင် ပြီးပီ၊ အကုန် ကုန်သွားပြီ။ ဖြုတ်လို့။ သူတို့က လျှပ်စစ်မီး ပုံမှန်ပေးချင်လို့တဲ့။ အဲဒါကြောင့်မို့လို့ ဖြုတ်တာ။ လုပ်ငန်းရှင် အကုန်လုံး ထိတယ်။ ကိုယ့်အစီအစဉ်နဲ့ကိုယ် လည်တဲ့၊ ပါဝါမီတာအားလုံး ဖြုတ်တာကိုး။ ပုံနှိပ်စက ်တွေရော၊ စက်ရုံတွေကော ရှိသမျှအားလုံး၊ အကုန်လုံး ဖြုတ်တာ။ မီးစက် မဝယ်နိုင်သေးတဲ့သူကတော့ ငုတ်တုပ်ထိုင်ပေါ့။ အလုပ်မှ မရှိ တော့တာ။ အကုန်ဈေးတွေတက်ကုန်မှာပေါ့။ ဆီဈေးတွေတက်၊ လုပ်အားခတွေတက်၊ ထွက်လာမယ့်ကုန်တွေရဲ့ဈေးတွေ အကုန် တက်လာမှာပေါ့။”

အထူးသဖြင့် ပုံနှိပ်စက်တွေမှာ အရင်ကတည်းက တရိပ်ရိပ်တက်နေတဲ့ စက္ကူဈေး အပြင် အခုလို မီးစက်လည်ပတ်ဖို့ပါ ဖြစ်လာလေတော့ အခြေအနေက ဈေးနှုန်းတွေ တက်ဖို့သာ ဖြစ်တယ်လို့လည်းဆိုပါတယ်။

တခါ ရန်ကုန်က အရောင်းဆိုင်ကုန်တိုက်ကြီးတွေမှာရော ဘယ်လိုအခြေအနေ ဖြစ်နေ ပါသလဲ၊ အာရှပလာဇာက ဆိုင်ခန်းပိုင်ရှင်တဦးက ဒီလို ကုန်တိုက်ကြီးတခုလုံးကို ကိုယ်ပိုင်မီးစက်နဲ့ လည်ပတ်နိုင်ဖို့ အခက်အခဲရှိနေတာမို့ အဆင်မပြေဘူးလို့ အခုလို ရှင်းပြပါတယ်။

“အဲဒါ သူက အဆင်မပြေနိုင်ဘူးလို့ ပြောနေတယ်။ ကျနော်တို့ကလည်း အသေအချာ တော့ ညှိနေပါတယ်။ ညှိနေတဲ့အခါကျတော့ အကုန်လုံးကို မီးမောင်းပြီး ပေးဖို့ဆိုရင် သူ့အနေနဲ့လည်း မနိုင်ဘူးပေါ့၊ ဆီကလည်း ဈေးတက်နေတဲ့အခါကျတော့ မလွယ်ဘူးလေ။ ကျနော်တို့ ပလာဇာတခုတည်းမဟုတ်ဘူး။ ပလာဇာအကုန်လုံးလို့ပြောတယ်။ ပုံမှန်မီးကလည်း အခု ကျနော်တို့ဖြစ်နေတာက ကျနော်တို့က ညနေဆိုရင် ပြန်ပေါ့နော်။ ခုနစ်နာရီလောက်အထိတော့ လုပ်လို့ရမယ်ပေါ့။ အဲလိုတော့ ပြောထားတယ်။ ဥပမာ မနက်ပိုင်း တပိုင်းလာမယ်ဆိုရင် ဒုတိယ ရက်ကျ ညနေပိုင်းလာမယ်။ နောက် တတိယ ရက်ကျရင် လုံးဝအော့ (Off) မယ်လို့ ပြောတယ်။ လုပ်ငန်းတွေကတော့ အကုန်လုံး ဈေးတက် မယ်လို့ ကြားနေရတယ်။ ဒါကတော့ အများကြီးထိခိုက်ဖို့ သဘောရှိတယ်။ တချို့ဆိုရင်လည်း အတော်များများက မီးနဲ့လုပ်နေရတဲ့ အတော်များများက အများကြီး ထိခိုက်သွားမယ်။”

အာရှပလာဇာက ဆိုင်ခန်းပိုင်ရှင်ပြောပြခဲ့တာပါ။ ဒါပေမယ့် ပုဂ္ဂလိက ဆေးရုံဆေးခန်း တွေမှာတော့ အစကတည်းက လျှပ်စစ်မီး ပုံမှန် မရတဲ့အတွက် ဆေးရုံခွဲစိတ်မှုနဲ့ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေမှာ မထိခိုက်ရလေအောင် ကိုယ်ပိုင်မီးစက်တွေ ထားရှိပြီးသားမို့ အခုလို ပါဝါမီတာတွေ မသုံးရလည်း လုပ်ငန်းမှာ သိပ်ထိခိုက်မှု မရှိနိုင်ဘူးလို့ အာရှတော်ဝင်ဆေးခန်းက ဝန်ထမ်းတဦးကဆိုပါတယ်၊ ဒါပေမဲ့ ကိုယ်ပိုင်မီးစက်တွေ နဲ့ လည်ပတ်ရ ချိန်များလာရင်တော့ ရလဒ်က လူနာတွေရဲ့ ကုန်ကျစရိတ်သာ တက်လာဖို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“မီးစက်မောင်းတယ်ဆိုတော့ ဆီပဲပေါ့။ လောင်စာဆီရရင်တော့ အဆင်ပြေပါတယ်။ ကျနော်တို့က ပါဝါအပြတ်မခံဘူးလေ။ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် အောက်မှာ မီးစက်တွေ က Stand By လေးလုံးရှိတယ်။ မီးစက်မောင်းတယ်ဆိုတော့ Cost တော့ တက်မှာပေါ့။ ဆီဝယ်သုံးတာကိုး။ ဆီဝယ်သုံးတယ်ဆိုရင်တော့ နဂိုရ်တည်းကနဲ့ စာရင်တော့ တက်တာပေါ့။”

တခါ စက်မှုဇုန်တွေမှာဆိုရင်လည်း ထရန်စဖော်မာတွေအားလုံး အသုံးပြုမှု ရပ်ပစ်တာမို့ စက်ရုံတွေလည်ပတ်ဖို့ ကိုယ်ပိုင်မီးစက်တွေနဲ့ပဲ လုပ်ငန်းတွေမှာ အသုံးပြုကြမယ်လို့ ပြောကြပြီး နဂိုကတည်းက အစစအရာရာ တက်နေတဲ့ဈေးတွေ ပြန်ကျဖို့ အရိပ်အယောင်ဝေးလို့ ထပ်တက်ဖို့သာရှိတယ်လို့ သုံးသပ်ကြပါတယ်။

XS
SM
MD
LG