သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EMG အမှုဆောင်အရာရှိချုပ်ကို ဖမ်းဆီးဖို့ ရှာဖွေနေ


ရန်ကုန်အနောက်ပိုင်းခရိုင် ရဲမှူးကြီး ဦးမြင့်ထွေးက မီဒီယာတွေကို ဖြေကြား
ရန်ကုန်အနောက်ပိုင်းခရိုင် ရဲမှူးကြီး ဦးမြင့်ထွေးက မီဒီယာတွေကို ဖြေကြား

ဆက်သွယ်ရေးပုဒ် ၆၆(ဃ)အရ အမှုဖွင့်ခံထားရတဲ့ Eleven Media Group ရဲ့အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်နဲ့ Eleven သတင်းစာရဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုးတို့ကို အရေးယူဖို့ိ့ စုံစမ်းဆောင်ရွက်နေကြောင်း တာဝန်ရှိ ရဲအရာရှိတဦးက ပြောကြားလိုက်ပါတယ်။ ဒေါက်တာသန်းထွဋ်အောင်နဲ့ ကိုဝေဖြိုးတို့ကို လာရောက်ဖို့ တာမွေရဲစခန်းက ဆင့်ခေါ်ခဲ့ပေမယ့် အချိန်မီ ရောက်မလာတဲ့အတွက် သူတို့ကို ဖမ်းဆီးနိုင်ဖို့ လိုက်လံရှာဖွေနေပြီ ဖြစ်ပါတယ်။ အဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

နိုဝင်ဘာ ၆ ရက်နေ့ထုတ် Daily Eleven သတင်းစာပါ “ရွေးကောက်ပွဲ တနှစ်ကြာသော်”ဆိုတဲ့ အယ်ဒီတာ့အာဘော် ဆောင်းပါးမှာ ဝန်ကြီးချုပ် တဦးဟာ ဒေါ်လာ တသိန်းလောက်တန်တဲ့နာရီကို ရန်ကုန်မြို့သစ်စီမံကိန်း တင်ဒါအောင်ထားတဲ့ မူးယစ်ဆေးမှုနဲ့ထောင်ကျဖူးသူ သူဌေးကြီး တဦးဆီက လက်ခံရယူခဲ့တယ်ဆိုပြီး ရေးသားခဲ့တာနဲ့ ပတ်သက်လို့ Eleven Media Group ရဲ့CEO ဒေါက်တာ သန်းထွဋ်အောင်နဲ့ Daily Eleven သတင်းစာအယ်ဒီတာချုပ် ကိုဝေဖြိုးတို့ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က တရားလိုလုပ်ပြီး တာမွေရဲစခန်းမှာ နိုဝင်ဘာ ၉ ရက်နေ့က ဆက်သွယ်ရေးပုဒ် ၆၆(ဃ)နဲ့ အမှုဖွင့် ထားတာဖြစ်ပါတယ်။

ဒီတိုင်ကြားချက်အရ အောက်တိုဘာ ၁၀ ရက်နေ့မှာ တာမွေရဲစခန်းကို လာရောက်အစစ်ခံဖို့ Eleven အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်း ထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုးတို့ကို ဆင့်ခေါ်ထားပေမယ့် ရောက်မလာကြဘူးလို့ ရန်ကုန်အနောက်ပိုင်းခရိုင် ရဲမှူးကြီး ဦးမြင့်ထွေးက မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။

“ ပနံံပါတ် ၈၉၃/၂၀၁၆ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) နဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွန်ကြားရေးမှူး ဦးမိုးဟိန်းက တရားလိုလုပ်ပြီးတော့ Eleven မီဒီယာ CEO ဦး သန်းထွဋ်အောင် နဲ့ Eleven မီဒီယာကို အမှုဖွင့် ဆောင်ရွက်ထားတာ ဖြစ် ပါတယ်။ အဲဒီအတွက် ကျနော်တို့ စုံစမ်းစစ်ဆေးဆောင်ရွက်လျှက်ရှိပါတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့က လက်ရှိ ဦး သန်းထွဋ်အောင် နဲ့ Eleven မီဒီယာက ကိုဝေဖြိုးတို့လာဖို့ ကျနော်တို့ မနေ့က ကျင့်ထုံးဥပဒေ ၁၆၀ အရ ဒီကနေ့ ၁၀ နာရီအရောက် ဆင့်ခေါ်ခဲ့ပါတယ်။ ဆင့်ခေါ်တာနဲ့ ပတ်သက်ပြီးတော့ အဲဒီမှာ GM ဖြစ်တဲ့ ကိုထိန်လင်းနဲ့ တွေ့ခဲ့တယ်။ ကိုထိန်လင်း က ဒီစာကို လက်မှတ်ထိုးပေး ခဲ့ပါတယ်။ ကိုထိန်လင်းက ခုနက ကျနော်တို့ ဆီပြန်လာပါတယ်၊ ကိုထိန်လင်း က လောလောဆယ်မှာ မလာနိုင်သေး တဲ့အတွက် ပြန်လည်ပြီးတော့ ကျနော်တို့ကို အချိန်တောင်းတဲ့အတွက် ညနေ ၂ နာရီမှာ တခါတည်းခေါ်လာဖို့ ကျနော်တို့ မှာလိုက်ပါတယ်။”

ရဲစခန်းရဲ့ ဆင့်ခေါ်မှုအတိုင်း ရောက်မလာတဲ့အတွက် ဒေါက်တာသန်းထွဋ်အောင်ကို ဖမ်းဆီးနိုင်ဖို့ ရဲတပ်ဖွဲ့က ရှာဖွေနေတယ်လို့ ရဲမှူးကြီး ဦးမြင့်ထွေးက ပြောပါတယ်။

“ဒါကတော့ ကျနော်တို့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ရဲလုပ်ငန်းအရကော ၊ လုပ်ငန်းလုပ်တဲ့ အခါမှာလည်း ကျနော်တို့ ကျင့်ထုံးဥပဒေနဲ့ အညီဆောင်ရွက် မှာဖြစ်ပါတယ်။ ကျနော်တို့က လုပ်ထုံးလုပ်နည်း ဥပဒေအတိုင်း ကျနော်တို့ ညနေ ၄ နာရီ အထိစောင့်ပေးမယ် မရရင် ကျနော်တို့ရဲ့ ရဲလုပ်ငန်း ဥပဒေအတိုင်း ဆောင်ရွက် မှာဖြစ်ပါတယ်။”

ဒီအတောတွင်း Daily Eleven သတင်းစာ ရေးသားချက်အပေါ် ကြားဝင်ဖြေ ရှင်းပေးဖို့ ရန်ကုန်တိုင်းအစိုးရ ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီကို နိုဝင်ဘာ ၉ ရက်နေ့က စာရေးသား မေတ္တာရပ်ခံခဲ့တာပါ။ ဒါပေမယ့် တဖက်မှာ တရားဥပေဒကြောင်း အရ အမှုဖွင့်ထားရင် သူတို့ မီဒီယာကောင်စီ လုပ်ထုံးအရ ကြားဝင် ဖြန်ဖြေဖို့ အခက်အခဲရှိတာကြောင့် တရားစွဲတဲ့အမှုကို ပြန်ရုပ်သိမ်းဖို့ လိုမယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုဥက္ကဌ ဦးအောင်လှထွန်းက VOA မြန်မာပိုင်းကို ရှင်းပြပါတယ်။

“ကျနော်တို့ သတင်းမီဒီယာဥပဒေအရဆိုရင် ကျနော်တို့က ကူညီပြီးတော့ ဖြေရှင်းေ ပးတာပေါ့လေ၊ ဒါပေမယ့် အဲဒီတဘက် တိုင်ကြားတဲ့လူက တခြားဥပဒေတခုခုနဲ့ အရေးယူဖို့ အတွက် ရဲစခန်းကို မတိုင်ကြားမှသာလျှင် ကျနော်တို့က ကူညီဖြေရှင်းလို့ ရပါတယ်။ အခုက ကျနော်တို့ဆီကို အကြောင်းကြားလာတယ်၊ တချိန်ထဲမှာပဲ ဦးဖြိုးမင်းသိန်း ကိုယ်တိုင်က သတင်းစာရှင်းလင်းပွဲ မှာပြောတာပေါ့လေ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့် ထားတယ်ဆိုပြီးပြော ခဲ့ပါတယ်။ အဲဒီတော့ ကျနော်တို့ရဲ့ သတင်းဥပဒေပုဒ်မ ၃၇ မှာက ဒီ နစ်နာတဲ့ဘက်ကပေါ့လေ ကျနော်တို့ကို တိုင်ကြားပြီးရင် တရားမကြောင်းအရ တရားစွဲထားတာဆိုရင် ကျနော်တို့က ဝင်လုပ်လို့မရဘူး။ အဲဒါကြောင့်မို့လို့ ကျနော်တို့ကို ဝင်ပြီးတော့ ဖြေရှင်းပေးစေချင်ရင် သူတို့ တရားမကြောင်းအရ လုပ်ထားတဲ့ဟာကို ရုပ်သိမ်းပေးဖို့ အကြောင်းပြန်တာပါ ဟုတ်ကဲ့။”

ဒါပေမယ့် သူတို့အနေနဲ့ တရားစွဲထားတဲ့အမှုကို ပြန်ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးမိုးဟိန်းက ပြောပါတယ်။

“ဒီဟာနဲ့ ပတ်သက်လို့ တရားစွဲဆိုထားတဲ့ အတိုင်းပဲ ကျနော်တို့ ဥပဒေကြောင်း အရပဲ ဆက်လက်ဆောင်ရွက် သွားဖို့ ရှိပါတယ်ခင်ဗျ ၆၆(ဃ)ပါ။”

တချိန်တည်းမှာပဲ ဝန်ကြီးချုပ်ကို နာရီလက်ဆောင်ပေးတယ် ဆိုတဲ့ကိစ္စမှာ သူမဟုတ်ကြောင်း သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး ငြင်းဆိုထားတဲ့ လုပ်ငန်းရှင် သူဌေးကြီး ဦးမောင်ဝိတ်ကိုလည်း တာမွေရဲစခန်းက ဆင့်ခေါ်စာ ပို့ထားတာကြောင့် ဒီနေ့ညနေ ၄ နာရီကျော်မှာ လာရောက် အစစ် ဆေးခံတယ်လို့ တာမွေရဲစခန်း တာဝန်ကျ အရာရှိတဦးက ပြောပါတယ်။

စစ်ဆေးထွက်ဆိုချက် အသေးစိတ်ကိုတော့ ပြောဆိုခြင်းမရှိပါဘူး။ ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ)ဟာ လူမှုကွန်ယက် မီဒီယာကတဆင့် နိုင်ငံတော် အကြီးအကဲတွေ ကို ဝေဖန်ရေးသားတဲ့ အခါမျိုးမှာ အရေးယူ အပြစ်ပေးတဲ့ ပုဒ်မဖြစ်ပြီး အာမခံ မရနိုင်တဲ့ ပုဒ်မလည်း ဖြစ်ပါတယ်။ NLD အစိုးရ လက်ထက်မှာ မီဒီယာလွတ်လပ် ခွင့်ကို လေးစားသင့်ပြီး ဆက်သွယ် ရေးပုဒ်မ ၆၆(ဃ)ကို ဆက်လက်သုံးနေတာနဲ့ ပတ်သက်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG