သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Current Politics စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


တိုက်ရိုက် လင့်ခ်


ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်နိုင်ငံရေးလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့ဖြစ်တဲ့ Knee jerk, Put on the brakes နဲ့ Out of thin air အီဒီယံအသုံးအနှုန်းများကို တင်ပြထားပါတယ်။

(၁) Knee jerk

Knee (ဒူးဆစ်)၊ jerk (ဆတ်ခနဲဖြစ်တာ၊ ရုတ်တရက် ဆောင့်တွန်း၊ ဆောင့်ဆွဲတာ) ဖြစ်ပြီးစကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ဒူးခေါင်းက ဆတ်ခနဲ ပြန်ကန်ထွက်တာ ဖြစ်ပါတယ်။ ဒီအသုံးက ကျန်းမာရေး ဆေးစစ်တဲ့အခါမှာ ဆရာဝန်အနေနဲ့ လူနာရဲ့ ဒူးခေါင်းကို တူငယ်နဲ့ ခေါက်ကြည့်လိုက်ရင် ခြေထောက်အောက်ပိုင်းကနေ ပြန်ကန်ထွက်တဲ့ Reflex ဖြစ်တဲ့ လူ့ခန္ဓာကိုယ် ကအလိုအလျောက်တုံ့ပြန်မှုကနေ ဆင်းသက်လာတာပါ။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်က တခုခုဆို ဘာမှမစဉ်းစားဘဲ ထစ်ကနဲပြန်ပြော၊ ဖျတ်ခနဲပြန်လုပ်တတ်တဲ့ အလေ့အကျင့်ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဒီအသုံးကတော့ သမ္မတ Trump က စောစောပိုင်းရက်တွေမှာ ပြဿနာပေါ်တိုင်း သမ္မတရဲ့ထစ်ကနဲပြန်ပြော ပြန်လုပ်တတ်တဲ့ အလေ့အထကို သတင်းမီဒီယာတွေက ထောက်ပြရာမှာ Knee jerk အသုံးကို ရည်ညွှန်းသုံးခဲ့ကြတာ ဖြစ်ပါတယ်။ လတ်တလောအကျဆုံးကတော့ သမ္မတဟောင်း Obama လက်ထက်တုန်းက Trump Tower မှာ သူ့ဖုန်းကို ကြားဖြတ်ခိုးနားထောင်ခဲ့တယ်ဆိုတာကို စုံစမ်းစစ်ဆေးဖို့ ပြောခဲ့တာမျိုးလို ၊ အမေရိကန်နိုင်ငံသားမဟုတ်တဲ့လူတွေ သန်းနဲ့ချီ မဲပေးခဲ့တာကို စုံစမ်းစစ်ဆေးဖို့ ပြောတာမျိုးလို၊ ပြဿနာတက်တိုင်း ထစ်ခနဲတုံ့ပြန်ပြောတာတွေကို Trump’s knee jerk လို့ သတင်းတွေမှာသုံးခဲ့ကြတာဖြစ်ပါတယ်။ ဒီအသုံးအနှုန်း ရဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John has a knee jerk answer in his head. It is simply, “I don’t know.”

John က သူ့ခေါင်းထဲမှာ ထစ်ကနဲဆိုအဆင်သင့်ရှိတဲ့အဖြေက ၊ သူမသိဘူးဆိုတာပါပဲ။

(၂) Put on the brakes

Put on (အပေါ်တင်တာ)၊ the brakes (မော်တော်ကား၊ စက်ဘီးတွေမှာ အရှိန်လျှော့ဖို့၊ အရှိန်အုပ်ဖို့ နင်းတဲ့ဘရိတ်) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က ဘရိတ်ကိုနင်းတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကအရှိန်လျှော့တာ၊ အရှိန်ကိုထိန်းတာ ဖြစ်ပါတယ်။ ဒီအသုံးကို Trump အစိုးရက အခွန်ငွေဖြတ်တောက်မှုနဲ့ ပတ်သက်လို့ ပြုပြင်ပြောင်းလဲတဲ့ အစီအစဉ်တွေကို မကြာမီကြေညာတော့မယ်လို့ ပြောခဲ့တာကို အထက်လွှတ်တော် Republican ခေါင်းဆောင် Mitch McConnell က၊ ဒီကိစ္စကို သြဂုတ်လ လွှတ်တော်ရပ်နားတဲ့အထိတော့ ကြေညာနိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပြီး၊ အရှိန်လျှော့ဖို့ ကြိုးစားတာကို သတင်းမီဒီယာက “McConnell hits the brakes on tax reforms.” လို့ သုံးနှုန်းခဲ့တာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကိုလေ့လာကြည့်ရအောင်ပါ။

Joe’s wife wants to put on the brake to his spending.

Joe ရဲ့ ဇနီးက သူ့ခင်ပွန်းသည် အသုံးကြမ်းတာကို လျှော့စေချင်တယ်။

(၃) Out of thin air

Out of (အပြင်ထွက်လာတာ)၊ thin air (ပါးလွှာတဲ့လေ) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ပါးလွှာတဲ့လေထဲကနေ ထွက်လာတာ ဖြစ်ပါတယ်။ အရောင်အဆင်းမရှိတဲ့ လေထဲက ဖြစ်လာတယ်ဆိုပြီး တင်စားပြောထားတဲ့အတိုင်း ဒီအသုံးရဲ့ အီဒီယံ အဓိပ္ပါယ်က ရုတ်ရက် ဘယ်ကမှန်းမသိ ပေါ်လာတာ၊ မျက်စိရှေ့ရောက်လာတာကို ဆိုလိုတာ ဖြစ်ပါတယ်။ မျက်လှည့်ပြတဲ့ လူတွေအနေနဲ့ ဖဲချပ်တွေ၊ ယုန်လေးတွေ ငှက်ကလေးတွေ ဒါမှမဟုတ် ပစ္စည်းတွေကို လေထဲကနေ ဆွဲထုတ်ပြီး ရုတ်တရက် လက်ထဲရောက်လာတာကို ပြသတဲ့ ဖြစ်ရပ်ကနေ ဒီအသုံးဆင်းသက်လာတာပါ။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ နေ့စဉ်ဘဝမှာ မရှိတာကို ရှိတယ်လို့ လုပ်ပြောတာမျိုး၊ ခိုင်လုံမှုမရှိဘဲ လွယ်လွယ်နဲ့ ပြောလိုက်တဲ့ အခြေအနေမျိုးမှာ ရည်ညွှန်းသုံးတာ ဖြစ်ပါတယ်။ တနည်းတော့ အခြေအမြစ်မရှိဘဲ လုပ်ကြံပြောတာမျိုးကိုလဲ ဒီအသုံးနဲ့ ရည်ညွှန်းသုံးနိုင်ပါတယ်။ Out of thin air အသုံးကို အခုလောလောဆယ် သတင်းတွေမှာ သုံးခဲ့ကြတာကတော့ သမ္မတဟောင်း Obama လက်ထက်တုန်းက New York Trump Tower မှာ သူ့ရဲ့ တယ်လီဖုန်းကို ခိုးနားထောင်ဖို့ အမိန့်ပေးခဲ့တယ်လို့ သမ္မတ Trump က သူ့ရဲ့ Twitter ပေါ်မှာ စွပ်စွဲရေးသားခဲ့တာနဲ့ ပတ်သက်လို့ သတင်းမီဒီယာတွေက၊ ဒီသတင်းဟာ အခြေအမြစ်မရှိဘူးဆိုပြီး Out of thin air ကို သုံးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး တချို့ Republican အမတ်တွေကတော့ ခုခံကာကွယ် ပြောဆိုကြတာဖြစ်ပြီး “The accusations are not out of thin air.” လို့ ပြောဆိုတာ တွေလဲရှိ ခဲ့ပါတယ်။ Out of thin air အသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The magician pulled the rabbit out of thin air.

မျက်လှည့်ဆရာက ယုန်လေးကို လေထဲကနေရုတ်တရက် ဆွဲထုတ်ပြလိုက်တယ်။

Out of thin air နဲ့ ပတ်သက်လို့ လုပ်ကြံပြောတဲ့ အဓိပ္ပါယ်ရဲ့ဥပမာကိုလဲ လေ့လာကြည့်ရအောင်ပါ။

The boss was angry at John for making up excuses out of thin air.

John ပေးတဲ့ ဆင်ခြေတွေက တကယ်မဟုတ်ဘဲ လုပ်ပြောတာဖြစ်လို့ဆရာသမားက စိတ်ဆိုးတာပေါ့။

ဒီသတင်းပတ်တင်ပြခဲ့တဲ့ အီဒီယံအသုံးအနှုန်းတွေက Knee jerk, Put on the brakes နဲ့ Out of thin air တို့ ဖြစ်ပါတယ်။

XS
SM
MD
LG