သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုင်ဂျာယန်ညီလာခံအပေါ် တိုင်းရင်းလူငယ်ထု အမြင်


တိုင်းရင်းလူငယ်များ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ကျင်းပရန် နေပြည်တော်တွင်ရောက်ရှိလာစဉ် ( စက်တင်ဘာလ ၁၅ ရက်နေ့ ၂၀၁၅)
တိုင်းရင်းလူငယ်များ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ကျင်းပရန် နေပြည်တော်တွင်ရောက်ရှိလာစဉ် ( စက်တင်ဘာလ ၁၅ ရက်နေ့ ၂၀၁၅)

ကချင်ပြည်နယ် မိုင်ဂျာယန်မှာ မနက်ဖြန်ဆိုရင် တိုင်းရင်းသားလက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံကို စတင်ကျင်းပတော့မှာဖြစ်ပါတယ်။ ဒီမိုင်ဂျာယန်ညီလာခံအပေါ် တိုင်းရင်းသားလူငယ်တွေက ဘယ်လို အမြင်ရှိကြသလဲဆိုတာကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က စုစည်းတင်ပြထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံနဲ့ပတ်သက်ပြီး ဘုံသဘောထားတရပ်ရရှိရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံကို ကချင်ပြည်နယ် မိုင်ဂျာယန်မှာ ဒီလ ၂၆ရက်ကနေ ၂၉ရက်အထိ ကျင်းပကြမှာဖြစ်ပါတယ်။

ဒီညီလာခံဟာ မြန်မာပြည်ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ဘယ်လောက်အရေးပါသလဲဆိုတာကို ပလောင်ကျောင်းသားနဲ့ လူငယ်များအဖွဲ့ မိုင်မျိုးအောင်က အခုလို ပြောပါတယ်။

“ဒီအခုလုပ်မယ့် ၂၁ ရာစုပင်လုံညီလာခံအတွက်သာမကပဲ ကျနော်တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာ ဖြေရှင်းတဲ့နည်းလမ်းတွေ ရနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ တိုင်းရင်းသားတွေလုပ်တဲ့ညီလာခံဆိုပေမယ့်လည်း တိုင်းရင်းသားတွေက ဘုံသဘောတူညီချက်တခုရပြီဆိုရင်တော့ ဒါက ကျနော်တို့ မြန်မာနိုင်ငံတခုလုံးရဲ့ ပြဿနာ ဖြေရှင်းဖို့ကို ရတယ်လို့ ကျနော်တော့ အဲဒီလိုသုံးသပ်ပါတယ်။”

လာမယ့် လမှာ ကျင်းပမယ့် ငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံအပေါ်မှာ မိုင်မျိုးအောင်က အခုလို ဆက်ပြောပါတယ်။

“အခုလက်ရှိအကောက်အထည်ဖော်နေတဲ့ ၂၁ရာစုပင်လုံညီလာခံ ကိစ္စပေါ့နော်။ အဲဒီအပေါ်မှာကတော့ အလုံးစုံတော့မသိရသေးဘူးပေါ့နော်။ အလုံးစုံ မသိရသေးဘူးဆိုပေမယ့် သေချာတာတခုက နိုင်ငံရေးဆွေးနွေးပွဲလုပ်တာတော့အကောင်းဆုံး ၊ နိုင်ငံရေးဆွေးနွေးပွဲ တခု ဖန်တီးပေးတာတော့ ကောင်းတယ်လို့ ကျနော်မြင်မိပါတယ်။ သို့သော်လည်း အဲဒီ နိုင်ငံရေးဆွေးနွေးပွဲက အားလုံးပါဝင်ဆွေးနွေးနိုင်မယ့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်ရမယ်။ ပြီးရင်လည်း ဆွေးနွေးတဲ့နေရာမှာ တန်းတူညီမျှမူရှိရမယ်။ ပြီးရင်အထူးသဖြင့် ချမှတ်တဲ့နေရာမှာလည်း တန်းတူညီမျှမှုရှိရမယ် ။ အဲဒီလိုဖြစ်တယ်ဆိုရင်တော့ ဒါတော်တော်ကောင်းတဲ့ နိုင်ငံရေးဆွေးနွေးပွဲမျိုးဖြစ်သွားမှာပေါ့နော် ။”

မွန်လူငယ်ခေါင်းဆောင်တဦးဖြစ်တဲ့ မင်းနှောင်ထောကတော့ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ မိုင်ဂျာယန်ညီလာခံအပေါ် သူ့အမြင်ကို အခုလို ပြောပါတယ်။

“ နှစ်ဦး နှစ်ဘက် အပစ်အခတ်ရပ်စဲဖို့ကို တပ်မတော်ဘက်က ဒီဟာကို အာမ မခံရဲဘူးဆိုတဲ့ အနေအထားမျိုးကိုတွေ့ရတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း တပ်မတော်ဘက်ကို ပြန်ပြီးတော့ ညှိနှိုင်းပေးရတဲ့သဘောတွေတွေ့ရတယ်။ တွေ့ရတဲ့အခါကျတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့မှ ကျနော်မြင်တာကတော့ ယုံကြည်မှုက အားနည်းသေးတယ်ပေါ့နော်။ ယုံကြည်မှုက အားနည်းတဲ့အတွက်ကြောင့် လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေအနေနဲ့ကျတော့ ဒီငြိမ်းချမ်းရေးစကားဝိုင်းကို ရောက်ဖို့အတွက် သူတို့ ယုံကြည်မှုအား အရမ်းနည်းသေးတယ်။ မိုင်ဂျာယန်က ဘာဆုံးဖြတ်မလဲဆိုတာ ကျနော်တို့ မသိသေးဘူး။ ဒီမိုင်ဂျာယန် ဆုံးဖြတ်ချက်အပေါ်မှာလည်း တမျိုးတဖုံ ပြောင်းလဲသွားနိုင်တယ်လို့ ကျနော်ယူဆတယ်။”

ရခိုင်လူငယ်တဦးဖြစ်တဲ့ ခိုင်လမင်းကတော့ အခုလို ပြောဆိုပါတယ်။

“ပြည်တွင်းစစ်တွေမှာ အဓိက ခံစားနေရာတာတွေက လူငယ်နဲ့ အမျိုးသမီးတွေ၊ ကလေးတွေပဲဖြစ်တယ်။ တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေးတခုဖြစ်လာဖို့ဆိုရင် လူငယ်အင်အား၊ အမျိုးသမီးတွေ နေရာဒေသအလိုက် အများကြီးပါဝင်မှသာ ဒေသတခုလုံး ငြိမ်းချမ်းမယ်ဆိုတာ မြင်တယ်ပေါ့။ အဲဒါကြောင့် လက်ရှိအခြေအနေမှာ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ လူငယ်ရဲ့အသံတွေ၊ အမျိုးသမီးတွေအသံတွေ ဆိုတာမျိုးက အရမ်းအားနည်းနေသေးတယ်လေ။ အဲဒါ ကျနော်တို့ရဲ့အမြင်ပါ။”

မိုင်ဂျာယန်ညီလာခံ ကျင်းပမယ့်အချိန်မှာပဲ တိုင်းရင်းသားလူငယ်တွေဟာ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့မှာ နိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်ညီလာခံတရပ်ကို ကျင်းပဖို့ပြင်ဆင်ထားပြီး ဒီညီလာခံမှာ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုအရေးတွေကို ဆွေးနွေးဖို့ ရှိနေပါတယ်။ ဒီညီလာခံကို တိုင်းရင်းသား ၂၆မျိုးက လူငယ်ကိုယ်စားလှယ်ကို ဖိတ်ကြားထားသလို ဒီလ ၂၇ရက်နေ့ကနေ ၅ရက်ကြာကျင်းပမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG