သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump လက်ထက် အမေရိကန်-မြန်မာ ဆက်ဆံရေး လျှော့ချမည်မဟုတ်


အယ်ဒီတာဒေါ်ခင်စိုးဝင်းက အမေရိကန်သံအမတ်ကြီး Scot Marciel ကို သီးသန့်တွေ့ဆုံမေးမြန်းခန်း။
အယ်ဒီတာဒေါ်ခင်စိုးဝင်းက အမေရိကန်သံအမတ်ကြီး Scot Marciel ကို သီးသန့်တွေ့ဆုံမေးမြန်းခန်း။

အမေရိကန်သမ္မတ Donald Trump အစိုးရလက်ထက်မှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဆက်လက်ထောက်ခံသွားဖို့ ပါတီကြီး ၂ ရပ်စလုံးက အခိုင်အမာ ရပ်တည်နေကြပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ၊ အမေရိကန် သံအမတ်ကြီး က ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး တိုးတက်မှု အခြေအနေပေါ် မူတည်ပြီး စစ်ဘက် ဆက်ဆံရေးကိုလည်း တိုးမြှင့်သွားမယ်လို့ သံအမတ်ကြီး Scot Marciel က ပြောဆိုလိုက်ပါတယ်။ အယ်ဒီတာဒေါ်ခင်စိုးဝင်းက အမေရိကန်သံအမတ်ကြီး Scot Marciel ကို ဒီနေ့ သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ သံအမတ်ကြီးဟာ ဝါရင့်သံတမန်လည်းဖြစ်၊ အာဆီယံဆိုင်ရာ အမေရိကန်သံအမတ်ကြီး အဖြစ်လည်း၊ အချိန်အတော်ကြာ တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သမ္မတ Trump အစိုးရလက်ထက်မှာ အာဆီယံနိုင်ငံတွေအပေါ်ထားရှိမယ့် မူဝါဒနဲ့ ပတ်သက်ပြီး အခုထိပြောသံ မကြားရသေးပါဘူး။ အမေရိကန်ရဲ့ အာဆီယံနိုင်ငံတွေအပေါ်၊ အထူးသဖြင့် မြန်မာနိုင်ငံ အပေါ် ဆက်ဆံရေး အကြီးအကျယ်ပြောင်းလဲဖို့ရှိပါသလား။ ဆက်ဆံရေးက အရင်အတိုင်းဘဲ ဆက်ရှိနေမှပါလား။

အမေရိကန်သံအမတ်ကြီး Scot Marciel။ ။ ဝါရှင်တန်က ကျနော့်ရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေဆီက မြင်ရ၊ ကြားရသလောက်တော့၊ အမေရိကန်ပြည်ထောင်စု အနေနဲ့ အာစီယံဒေသတွင်း နိုင်ငံတွေနဲ့ ဆက်လက်ဆက်ဆံရေးအတွက် ပါတီကြီး ၂ ရပ်စလုံးက အခိုင်အမာထောက်ခံနေကြပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ အသွင်ကူးပြောင်းရေး အတွက်လည်း အမေရိကန်က ဆက်လက်ထောက်ခံသွားမှာ ဘဲဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ အမေရိကန်နိုင်ငံတကာထောက်ပံ့ရေးအေဂျင်စီ (USAID) အနေနဲ့ မြန်မာနိုင်ငံကိုပေးနေတဲ့ အကူအညီတွေ၊ ပတ်သက်လို့ ရပ်ဆိုင်းသွားမလားလို့ စိုးရိမ်နေတာတွေ ရှိပါတယ်။ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့်ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပံ့ပိုးနေတဲ့အခြေအနေကကော ဘယ်လိုရှိပါသလဲ။

အမေရိကန်သံအမတ်ကြီး Scot Marciel.။ ။ USAID တင်မကဘူး၊ တခြား အမေရိကန်အဖွဲ့အစည်းတွေကပေးနေတဲ့ အထောက်အပံ့ အကူအညီတွေနဲ့ ပတ်သက်လို့ အပြောင်းအလဲမရှိပါဘူး။ အရင်တုံးကအတိုင်းဘဲ ဆက်လက်ပံ့ပိုးပေး နေ ပါတယ်။ မြန်မာနိုင်ငံတွင်း ကောင်းမွန်တဲ့စီမံအုပ်ချုပ်ရေးအပါအဝင်၊ ကျန်းမာရေးကဏ္ဍ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လယ်ယာစိုက်ပျိုးရေးနဲ့ အခုလာမယ့်ကြားဖြတ် ရွေးကောက်ပွဲ အတွက်လည်း အကူအညီတွေ ဆက်ပြီး ပေးနေတာတွေက အပြောင်းအလဲမရှိပါဘူး။

ဒေါ်ခင်စိုးဝင်း။ ။ မြန်မာပြည်မှာ ပထမဆုံးခန့်အပ်လိုက်တဲ့ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်နဲ့ သံတမန်တွေ မိတ်ဆက်ပွဲကို သံအမတ်ကြီးတက်တာတွေ့လိုက်ပါတယ်။ ဒီလိုမျိုးရာထူးမျိုးကို မြန်မာနိုင်ငံမှာ ပထမဆုံးခန့်ထားလိုက်တာနဲ့ ပတ်သက်လို့ ဘယ်လိုများ သုံးသပ်လို့ရပါသလဲ။ တွေ့ဆုံပွဲကကော အလုပ်ဖြစ်ပါရဲ့လား။

အမေရိကန်သံအမတ်ကြီး Scot Marciel။ ။ ဟုတ်ပါတယ်။ ဒီသီတင်းပတ်အစောပိုင်းက အစိုးရ စီစဉ်ပေးတဲ့ မိတ်ဆက်ပွဲကို အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒေါက်တာ တင်မျိုးဝင်းနဲ့ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းတို့ တက်ရောက်ပါတယ်။ ကျနော်တို့ကို အမျိုးသားလုံခြုံရေးအကြံပေးနဲ့ မိတ်ဆက်ရင်း နိုင်ငံ ရဲ့ နောက်ဆုံး ဖြစ်ထွန်း မှုတွေ အထူးသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ်အရေးနဲ့ အမျိုးသားအကြံပေး ပုဂ္ဂိုလ်ရဲ့ အခန်းကဏ္ဍစတာတွေကိုပါ ရှင်းပြခဲ့တာပါ။ ကျနော်တို့မေးတာတွေကို လည်းဖြေကြားပေးခဲ့ပါတယ်။ အပြန်အလှန် ပွင့်ပွင့်လင်းလင်းပြောခွင့်ရတဲ့ အတွက် ကောင်းမွန်တဲ့တွေ့ဆုံပွဲဖြစ်ပါတယ်။ အပြုသဘောဆောင်တဲ့ ရှေ့ရှုရမယ့် အသုံးတည့်တဲ့ခြေလှမ်းတရပ်ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ ဒီအမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ဘာတွေများသိခဲ့ရပါသလဲ။

အမေရိကန်သံအမတ်ကြီး Scot Marciel။ ။ သူ့ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ မြန်မာ အစိုးရ ရဲ့ သဘောထားကိုတော့ ကျနော်ပြောလို့မရပါဘူး။ ဒါပေမဲ့၊ မိတ်ဆက်ပွဲမှာ ရှင်းပြတာကတော့ နိုင်ငံတော်ရဲ့ လုံခြုံရေးကိစ္စရပ်တွေနဲ့ ပတ်သက်လာရင် သူ့အနေနဲ့ ပူးပေါင်းဆက်သွယ်ညှိနှိုင်းဖို့ဖြစ်ပါတယ်တဲ့။ ကျနော်တို့ဆီမှာလည်း အလားတူ ဒီရာထူးမျိုးထားတဲ့စနစ် ရှိသလိုပါဘဲ။ ဒေသတွင်းနိုင်ငံတွေမှာလည်း ဒီလိုအမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်တွေ ခန့်ထားတွေရှိတဲ့အကြောင်းလည်း ရှင်းပြပါတယ်။ နိုင်ငံတော် လုံခြုံရေးနဲ့ပတ်သက်လို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းညှိနှိုင်းပေးဖို့ တာဝန်ရှိတယ်လို့ပြောပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ လောလောဆယ် ထိုင်းနိုင်ငံမှာကျင်းပနေတဲ့ Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ မြန်မာစစ်ဘက်ကိုယ်စားလှယ်အဖွဲ့ဟာ လေ့လာသူအဖြစ်နဲ့ ပါဝင်နေတာသိရပါတယ်။ ကာကွယ်ရေးနဲ့ ပတ်သက်လို့ အမေရိကန်-မြန်မာ စစ်ဘက်ဆက်ဆံရေးအခြေအနေကကော၊ တိုးတက်မှုရှိပါသလား။

အမေရိကန်သံအမတ်ကြီး Scot Marciel။ ။ မြန်မာစစ်ဘက်ကိုယ်စားလှယ်တွေကို Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ လေ့လာသူအဖြစ်ပါဝင်ဖို့ ဖိတ်ကြားခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီ။ ဒီစစ်ရေးလေ့ကျင့်မှုဟာ ဒေသတွင်းနိုင်ငံစုံ ပူးပေါင်း ပါဝင်တာဖြစ်ပါတယ်။ မြန်မာစစ်တပ်နဲ့ ကျနော်တို့ ဆက်သွယ်ဆောင်ရွက်နေတာ တချို့ ရှိပါတယ်။ မြန်မာစစ်ဘက်၊ အရပ်ဘက်အာဏာပိုင်တွေ၊ အစိုးရမဟုတ်တဲ့ NGO တွေနဲ့ လူထုအခြေပြုအဖွဲှအစည်းတွေကပါ ကျနော်တို့ကို မြန်မာစစ်တပ်နဲ့ ထိတွေ့ဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်စေလိုတဲ့ဆန္ဒရှိကြတာကို ကြားနေရပါတယ်။

မြန်မာစစ်တပ်အနေနဲ့ ဒီမိုကရေစီလူ့ဘောင်အသိုင်းအဝိုင်းမှာ လူထုနဲ့ တသားတည်းဖြစ်အောင်၊ အံဝင်ဂွင်ကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်အောင် ကူညီစေလိုတာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့က စစ်ဘက်-အရပ်ဘက်ဆက်ဆံရေး အတွက် သင်တန်းအစီအစဉ်တွေလုပ်ပေးနေတာတွေရှိပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အခုချိန်မှာ ခပ်ဖြေးဖြေးဘဲ လုပ်နိုင်ပါသေးတယ်။ အချိန်တန်ရင်တော့ ကျနော်တို့ စစ်တပ်နဲ့ မြန်မာစစ်တပ်အပြည့်အဝ ဆက်ဆံရေးတိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး တိုးတက်မှုအခြေအနေ၊ အထူးသဖြင့် အများအာရုံစိုက်ခံနေရတဲ့ လူ့အခွင့်အရေးအခြေအနေတိုးတက်မှုပေါ်မှာ မူတည်ပါတယ်။

အယ်ဒီတာဒေါ်ခင်စိုးဝင်းက အမေရိကန်သံအမတ်ကြီး Scot Marciel ကို သီးသန့်တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG