သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ အရေးပေါ်ကာလ ၆ လ သက်တမ်းတိုး


စစ်ကောင်စီခေါ်ယူတဲ့ ကာလုံအစည်းအဝေး (ဇူလိုင် ၃၁၊ ၂၀၂၃)
စစ်ကောင်စီခေါ်ယူတဲ့ ကာလုံအစည်းအဝေး (ဇူလိုင် ၃၁၊ ၂၀၂၃)

စစ်အုပ်ချုပ်ရေး အရေးပေါ်ကာလ သတ်မှတ်ပြီး သက်တမ်းတိုး အုပ်ချုပ်လာနေတဲ့ မြန်မာ စစ်ကောင်စီဟာ ဒီကနေ့ ကာလုံအစည်းအဝေး ခေါ်ယူပြီး အရေးပေါ်ကာလ နောက်ထပ် ၆ လ သက်တမ်း တိုးလိုက်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့ပြီးတဲ့နောက် ၂၀၀၈ ဖွဲ့စည်းပုံနဲ့အညီ လုပ်ဆောင်တာလို့ ဆိုပြီး အရေးပေါ်ကာလ ၆ လ သက်တမ်းကို အကြိမ်ကြိမ် တိုးလာခဲ့တာဖြစ်ပြီး ဒီတကြိမ်ဟာ ၄ ကြိမ်မြောက် ဖြစ်ပါတယ်။

တရားဥပဒေ စိုးမိုးရေး အပြည့်အဝ ဆောင်ရွက်နိုင်ဖို့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီလထဲကျင်းပတဲ့ စစ်ကောင်စီအဖွဲ့ အစည်းအဝေးမှာလည်း ပြောဆိုခဲ့ချိန်ကတည်းက ဒီကနေ့ သက်တမ်း တိုးလိမ့်မယ်လို့ အများက တွက်ဆထားကြတာပါ။ အာဏာသိမ်းမှုအပြီး မကြာခင် ၂၀၂၁ ခုနှစ် ဧပြီလတုန်းကတော့ အရေးပေါ် သက်တမ်းကာလ ၂ နှစ် ထက် ပို မကြာနိုင်ဘူးလို့ စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ဖူးပါတယ်။ ဒီလိုပြောပြီး နောက်ပိုင်းမှာကိုပဲ သာမန် မဟုတ်သော အခြေအနေလို့ ဆိုပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့က ၆ လ သက်တမ်းတိုးလိုက်သလို၊ အခုတကြိမ် နောက်ထပ် ၆ လ ထပ်တိုးတာပါ။

အရင် စစ်အစိုးရလက်ထက် ပြဌာန်းခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၂၅ မှာလည်း အရေးပေါ် သက်တမ်းကို ၆ လ ၊ နှစ်ကြိမ် သက်တမ်း တိုးနိုင်တယ်လို့ ဖော်ပြထားတာပါ။ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ အရေးပေါ် သက်တမ်း ၁ နှစ် ကြေညာခဲ့ပြီး သက်တမ်း ၁ နှစ်ပြည့်ပြီး နောက်မှာလည်း ၆ လစီ သက်တမ်း ၃ ကြိမ် တိုးခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က နောက်ဆုံးအကြိမ် သက်တမ်း တိုးခဲ့တာမို့ ဒီကနေ့ ဇူလိုင်လ ၃၁ ရက်နေ့ ၆ လ သက်တမ်း ကုန်ဆုံးချိန်မှာ ကာလုံ အစည်းအဝေး ခေါ်ယူပြီး နောက်ထပ် ၆ လ သက်တမ်း တိုးလိုက်တာဖြစ်ပါတယ်။ ဒီကနေ့ မနက်ပိုင်းကျင်းပတဲ့ စစ်အုပ်ချုပ်ရေး နောက်ထပ် ၆ လ သက်တမ်း တိုးလိုက်တဲ့ ကာလုံအစည်းအဝေးကိုတော့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူတို့နှစ်ဦးလုံး တက်ရောက်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG