သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS လက်က Fallujah မြို့ကို ပြန်သိမ်းလိုက်ပြီ


ၤFallujah မြို့ကို သိမ်းပိုက်ပြီးကြောင်း ကြေညာအပြီး အီရတ်စစ်သားတွေက နိုင်ငံတော်အလံကို သယ်ဆောင်လာစဉ်။ (ဇွန် ၂၆၊ ၂၀၁၆)
ၤFallujah မြို့ကို သိမ်းပိုက်ပြီးကြောင်း ကြေညာအပြီး အီရတ်စစ်သားတွေက နိုင်ငံတော်အလံကို သယ်ဆောင်လာစဉ်။ (ဇွန် ၂၆၊ ၂၀၁၆)

အီရတ်နိုင်ငံမှာ အိုင်အက်စ် စစ်သွေးကြွတွေ သိမ်းပိုက်ထားတဲ့ Fallujah မြို့ကို တလကြာစစ်ဆင်ရေးတွေ လုပ်ပြီးတဲ့နောက် လုံးဝ ပြန်လည်သိမ်းပိုက်နိုင်ပြီလို့ အီရတ်ဒုဗိုလ်ချုပ်ကြီး Abdul-Wahab al-Saadi က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

IS စစ်သွေးကြွတွေ ထိန်းချုပ်ထားရာ နောက်ဆုံးနေရာဖြစ်တဲ့ Julan ရပ်ကွက်ကို အီရတ်တပ်တွေက ပြန်သိမ်းယူနိုင်ခဲ့တဲ့နောက် အခု Fallujah ဟာ IS လက်က လုံးဝလွတ်မြောက်သွားပြီ ဖြစ်ကြောင်း ဒုဗိုလ်ချုပ်ကြီးက ပြောပါတယ်။

မြို့ထဲမှာတော့ အပျက်အစီးက အတော်ကြီးများပါတယ်။ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တွေရဲ့ လေကြောင်းအကူအညီတွေအပြင် ရှီယာလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပံ့ပိုးမှုနဲ့ ဒီသီတင်းပတ်တွေအတွင်းမှာပဲ အီရတ်တပ်တွေက IS အစွန်းရောက်တွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တာပါ။ Fallujah တိုက်ပွဲအတွင်း ၂ ဘက် သေဆုံးဒဏ်ရာရသူ ဘယ်နှစ်ယောက် ရှိတယ်ဆိုတာ သေသေချာချာ မသိရသေးပါဘူး။

ပြင်းထန်တဲ့ တိုက်ပွဲရန်က လွတ်အောင် မြို့နေလူထု ရှစ်သောင်းခွဲလောက် မြို့ပြင်နဲ့ ဝန်းကျင်ဒေသတွေကို ထွက်ပြေးခဲ့ကြတာမို့ လူသားချင်း စာနာမှုကူညီရေးအဖွဲ့တွေနဲ့ အီရတ်အစိုးရက သူတို့ကိုကူညီဖို့ ကြိုးစားနေ ပါတယ်။ ထွက်ပြေးကြသူအများစုဟာ ခိုလှုံစရာ နေရာကောင်းကောင်းမရှိဘဲ အပူချိန် ၄၅ ဒီဂရီနဲ့ အထက် ပူပြင်းတဲ့ အီရတ်နွေရာသီဒဏ်အပြင် သဲမုန်တိုင်းဒဏ်ကိုပါ ခံနေကြရတာပါ။

ဒီဒုက္ခသည်တွေမှာ သောက်သုံးရေ ပြတ်လပ်ပြီး အညစ်အကြေးစွန့်စရာ နေရာကောင်းကောင်းမရှိတဲ့အပြင် လူတွေကလည်း ပြည့်ကြပ်နေတာမို့ ဒါကို အချိန်မီ မဖြေရှင်းနိုင်ရင် မကြာခင်မှာပဲ ရောဂါပြန့်ပွါးမှုတွေ ရှိလာနိုင်တယ်လို့ အဲဒီဒေသက ကျန်းမာရေး တာဝန်ခံက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG