သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားရင်းနှီးမြုှပ်နှံမှု နှစ်ဆ တိုး


နိုင်ငံခြားငွေနဲ့ မြန်မာကျပ်ငွေ။
နိုင်ငံခြားငွေနဲ့ မြန်မာကျပ်ငွေ။

ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြုှပ်နှံမူတွေ ၂၀၁၂ ကစပြီး တဖြည်းဖြည်း တက်လာတာမှာ ဒီနှစ်ထဲတော့ စံချိန်ချိုးလိုက်ပြီလို့ သမ္မတ အကြံပေးတဦးက ထုတ်ပြောလိုက်ပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ စီးပွားရေးအကြံပေး Dr. ဇော်ဦးက အခု ၂၀၁၄-၁၅ ဘဏ္ဍာနှစ် အတွင်း အနောက်နိုင်ငံတွေကပါ ဝင်လာတဲ့ ဒီရင်းနှီးမြုှပ်နှံမှုကြောင့် အရင်ဘဏ္ဍာနှစ်ထက် ၂ ဆ တောင် တက်သွားတယ်၊ ဒါပေမဲ့ စိန်ခေါ်ချက်တွေလဲရှိနေတယ်လို့ ထုတ်ပြောလိုက်ပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ဟုတ်ကဲ့၊ ကိုဇော်ဦးခင်ဗျာ။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာခဲ့ အပြီးမှာပေါ့နော်၊ အထူးသဖြင့်တော့ ဒီနှစ်ထဲမှာ မနှစ်ကနဲ့ ယှဉ်လိုက်လို့ ရှိရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက ထူးထူးခြားခြား စံချိန် တင်လောက်အောင် တိုးတက်သွားတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး နည်းနည်းလေး ရှင်းပြပေးပါလား။

ဖြေ။ ။ ဟုတ်ကဲ့၊ ဒီနှစ်ရဲ့ထူးခြားချက်ကတော့ ပြီးခဲ့တဲ့နှစ်ကဝင်ခဲ့တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု (၄.၁) ဘီလီယံလောက် ရှိတာကနေ အခုနှစ်မှာ (၈) ဘီလီယံလောက်ဖြစ် တယ်ဆိုတော့ နှစ်ဆနီးပါး တက် လာတယ်လို့ ပြောလို့ရပါတယ်။

မေး။ ။ ဟုတ်ကဲ့- ဒီနေရာမှာ ဒေသတွင်း အရှေ့တောင်အာရှတွင်းက တခြားနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှု တိုးတက်လာတဲ့နှုန်းနဲ့ ယှဉ်မယ် ဆိုရင်ရော မြန်မာနိုင်ငံအနေအထားက ဘယ်လို အနေအထားရှိမလဲ။

ဖြေ။ ။ ဒေသတွင်းမှာရော ကမ္ဘာ့စီးပွားရေးဝန်းကျင်မှာပါ တခြားနိုင်ငံတွေနဲ့ယှဉ် လိုက်ရင် အင်မတန်ကောင်းတဲ့ ရလဒ်လို့ ပြောလို့ရ ပါတယ်ခင်ဗျ။ ဘာကြောင့်လဲ ဆိုတော့ ဒေသတွင်း မှာကြည့်မယ်ဆိုရင်လည်း ဥပမာအားဖြင့် ဒေသတွင်းမှာ အမြဲတန်း ရင်းနှီးမြှုပ်နှံမှုကို ရနေတဲ့ ထိုင်းနိုင်ငံတို့လို၊ ကမ္ဘောဒီးယားနိုင်ငံတွေနဲ့စာရင် ကျနော်တို့ရဲ့တိုးတက်နှုန်းဟာ များပါတယ်ခင်ဗျ။ ဝင်လာတဲ့ပမာဏဟာ - ဥပမာအားဖြင့် ဗီယက်နမ်တို့ဘာတို့နဲ့ယှဉ်လို့တော့ မရသေးပေမယ့်လည်း တိုးတက်နှုန်းမှာတော့ ကျနော်တို့က ပိုပြီးမြင့်တာကိုတွေ့နိုင်ပါတယ်။ သို့သော် ဒီပမာဏကိုပဲ တခြား ဖွံ့ဖြိုးဆဲနိုင်ငံတွေဖြစ်တဲ့ အာဖရိကတိုက်မှာ ရှိတဲ့ နိုင်ငံတွေပဲကြည့်မလား။ တခြား ဈေးကွက်တွေနဲ့ယှဉ်ကြည့်မယ်ဆိုရင် တိုးတက်နှုန်းဟာ အင်မတန်မှ အားကောင်းတဲ့နှုန်းလို့ ပြောလို့ရပါတယ်ခင်ဗျ။

မေး။ ။ ဟုတ်ကဲ့၊ အဲဒီတော့ အခုလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တိုးတက် လာတဲ့နေရာမှာ ဘယ်ကဏ္ဍတွေမှာ ထူးထူးခြားခြား တိုးတက်လာ တာကို တွေ့ခဲ့ရပါလဲ။

ဖြေ။ ။ အဲဒါတော့ ရေနံနဲ့သဘာဝဓာတ်ငွေ့နဲ့ပတ်သက်ပြီးတော့ သဘာဝ အရင်းအမြစ်တွေ တူးဖော်ထုတ်လုပ်တဲ့လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုက ပိုပြီး တိုးတက်လာတာပေါ့နော်။ သူတို့ရဲ့တိုးတက်မှုနှုန်းက တခြားကဏ္ဍတွေကို ဝင်တဲ့ တိုးတက်မှုနှုန်းထက် မြန်ခဲ့တာကိုတွေ့ရပါတယ်။ တဘက်ကကြည့်ရင်လည်း ပိုပြီးတော့ အားရကျေနပ်စရာကောင်းတာက ကျနော်တို့ သဘာဝရင်းမြစ်တွေ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ ပိုပြီး ပွင့်လင်းမြင်သာမှုရှိအောင် နိုင်ငံတကာ စံတခုဖြစ်တဲ့ EITI ( EITI stands for Extractive Industry Transparency Initiative) မှာလည်း မြန်မာနိုင်ငံဟာ အဖွဲ့ဝင်နိုင်ငံ တခုဖြစ်လာတဲ့ အတွက်ကြောင့်မို့လို့ ဒါကို အထူးသဖြင့် နိုင်ငံတကာ ကုမ္ပဏီတော်တော်များများ၊ အထူးသဖြင့် အနောက်နိုင်ငံက ဖွံ့ဖြိုးရေးစံတွေနဲ့ EITI ( EITI stands for Extractive Industry Transparency Initiative) ပွင့်လင်းမြင်သာမှုစံတွေကို ပိုမိုတန်ဖိုးထားတဲ့ ကုမ္ပဏီတွေက ပိုမိုရင်းနှီးမြှုပ်နှံလာတာကို တွေ့ရပါတယ်။

မေး။ ။ ဟုတ်ကဲ့၊ အဲဒီတော့ အခုလို ရေနံနဲ့သဘာဝဓာတ်ငွေ့ကဏ္ဍအပြင် တခြားကဏ္ဍတွေမှာရော တိုးတက်တာကို တွေ့ခဲ့ရပါလား။

ဖြေ။ ။ အရင်တုန်းကဆိုရင်တော့ manufacturing လို့ စက်မှုလက်မှုနဲ့ ကုန်ထုတ်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုက မရှိသလောက် ပဲဗျ။ အခုကတော့ ပိုပြီး - (၁) ဘီလီယံကျော်အထိ ဖြစ်လာတယ်ဆိုတာကိုက ဒါ အတော်ကြီးကို တိုးတက်လာပြီလို့ ပြောလို့ရတာပေါ့နော်။ သို့သော် ပိုပြီးတော့ များများစားစား ဝင်လာဖို့ ကျနော်တို့ ဆွဲဆောင်ရအုံးမယ့်လုပ်ငန်းတွေ အများကြီး ကျန်နေသေးတယ်ဆိုတဲ့ဟာကို ကျနော်တို့က အမြဲ နှိုးဆော်နေရမှာဖြစ်ပါတယ်။

မေး။ ။ ဟုတ်ကဲ့၊ အခုလို တိုးတက်အောင်လုပ်တယ်ဆိုတဲ့နေရာမှာပေါ့နော်- အဓိက စိန်ခေါ်ချက်တွေ ဘာတွေ ရှိနေပါလဲ။

ဖြေ။ ။ တဘက်ကကြည့်ပြန်တော့လည်း ကျနော်တို့နိုင်ငံမှာ လက်ရှိလိုနေ တာကတော့ တခြား စက်မှုလက်မှုနဲ့ ကုန်ထုတ်လုပ်ငန်းတွေမှာ အထူးသဖြင့် လုပ်အားကို အခြေပြုတဲ့ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုကို ပိုမိုဆွဲဆောင်ဖို့ လိုအပ်နေတဲ့ အနေအထားတွေကိုလည်း တွေ့နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်တွေ့မှာ ကတော့ အဓိက လူထု အပေါ်မှာ ပိုမိုအကျိုးသက်ရောက်မှု ချက်ခြင်းရနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုး ကတော့ စက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းနဲ့ ဒီထုတ်လုပ်မှုကို ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ပါတယ်။

မေး။ ။ ဟုတ်ကဲ့။ အဲဒီတော့ ဒီနေရာမှာ အဲဒီအတွက် အဓိက ဘာတွေလုပ်ဖို့ လိုမလဲ။

ဖြေ။ ။ ဒီနှစ်ထဲမှာ အမြန်ဆုံးလုပ်နိုင်တဲ့ကိစ္စကတော့ ဌာနတခုနဲ့တခုကြားမှာ ဆက်စပ်ပြီးတော့ အားလုံးပေါင်းပြီး ဖြေလျော့ရမယ့်ကိစ္စမျိုး- ဥပမာအားဖြင့် ကုန်သွယ်ရေးနဲ့ ပို့ကုန်မြှင့်တင်ရေးဆိုရင် ဥပမာအားဖြင့်ဗျာ- ကုန်ထုတ် လုပ်ငန်းတွေမှာလာပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုရှိတယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကို အခြေပြုပြီးတော့ စက်ရုံတွေကနေပြီးတော့ နိုင်ငံခြားပို့ကုန် ပို့တော့မယ်ဆိုရင် တချို့ ပို့ကုန်နဲ့ပတ်သက်ပြီးတော့ ဖြေလျော့မှုတွေ အမျိုးမျိုး ရှိခဲ့တယ်ဆိုပေမယ့်လည်း ဌာန သုံး-လေး-ငါးခု ပေါင်းပြီးတော့ မှ ဖြေလျော့ရမယ့် လုပ်ငန်းလေးတွေမှာ ဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှုက အရေးကြီးနေပါတယ်။

မေး။ ။ ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG