သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့ကရိတ်အနီး စစ်ကောင်စီနဲ့ KNU ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်


မြဝတီမြို့ကိုဦးတည်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း KNU ထုတ်ပြန်ခဲ့သည့်မှတ်တမ်းပုံ (ဧပြီ ၂၂၊ ၂၀၂၄)
မြဝတီမြို့ကိုဦးတည်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း KNU ထုတ်ပြန်ခဲ့သည့်မှတ်တမ်းပုံ (ဧပြီ ၂၂၊ ၂၀၂၄)

တော်လှန်ရေး အင်အားစုတွေ မကြာသေးခင်က ထိန်းချုပ်ခဲ့တဲ့ မြဝတီမြို့ကို ဦးတည်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ ကရင်အမျိုးသားအစည်းအရုံးရဲ့ လက်နက်ကိုင်တပ်ဖွဲ့ KNLA နဲ့ ပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ တိုက်ပွဲတွေအတွင်း ၂ ဖက် ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့လည်း ဒေသခံတွေနဲ့ လက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ကရင်ပြည်နယ်က စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်ကနေ မြဝတီမြို့ကိုလာနေပြီး မြ၀တီမြို့ကို အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် ကြိုးစားနေတဲ့စစ်ကောင်စီရဲ့နိုင်ငံတော်အဆင့်အောင်ဇေယျအမည်ပေးထားတဲ့စစ်ကြောင်းနဲ့ KNLA/PDF ပူးပေါင်းတပ်တွေဟာ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတာ ဧပြီလ ၁၂ရက်နေ့ကတည်းကဖြစ်ပါတယ်။ကရင်ပြည်နယ်မြ၀တီခရိုင်အတွင်းစစ်တပ်ရဲ့တပ်စခန်းအကုန်နီးပါး လက်လွှတ်ဆုံးရှုံးခဲ့ရပြီးတဲ့နောက်မှာတော့ မြ၀တီမြို့ကိုပါ လက်လွှတ်လိုက်ရတဲ့အခြေအနေကိုကြုံခဲ့ရတာပါ။

ဒါပေမဲ့ စစ်ကောင်စီရဲ့လက်အောက်ခံ နယ်ခြားစောင့်တပ်က နှစ်ဖက်ညှိနှိုင်းထိန်းချုပ်ပြီး ၁၀ ရက်ကျော်လောက် ပူးပေါင်းတပ်ဖွဲ့တွေက မြ၀တီမြို့မှာနေရာယူထားခဲ့ပါတယ်။ စစ်ကောင်စီဘက်က ဧပြီလ ၁၉ ရက်နေ့ကစလို့ မြ၀တီမြို့မှာ လေကြောင်းတိုက်ခိုက်မှုပြင်းပြင်းထန်ထန်လုပ်ခဲ့တာပါ ။ အခုအခါမှာတော့ ကော့ကရိတ်ကနေ လာနေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ပူးပေါင်းတပ်တွေ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေတယ်လို့ ပူးပေါင်းတပ်ဖွဲ့က ခေါင်းဆောင်တဦးက VOA ကိုပြောပါတယ်။

"နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေးလို့အမည်ပေးထားတဲ့ စစ်ကြောင်းက မြ၀တီကို စစ်ကူလာတဲ့စစ်ကြောင်းပေါ့ တပ်မ ၅၅ နဲ့တပ်မ ၄၄ ပူးပေါင်းထားတဲ့ ဒုဗိုလ်ချုပ်ကြီးစိုးဝင်း ဦးစီးတဲ့ စစ်ကြောင်းပေါ့အဲဒါသူတို့ကတော့ ထိုးစစ်ဆင်နေတုန်းပဲကျနော်တို့တော်လှန်ရေးတပ်ဖွဲ့တွေက ဟန့်တားတဲ့အနေနဲ့ ကြားကနေ ဖြတ်တိုက်ဟန့်တားနေတယ် တောနောရေတံခွန်နားမှာရောက်နေတော့ အဲဒီနားကနေဖြတ်တောက်မှုလုပ်တော့တိုက်ပွဲကတော့ အရမ်းပြင်းထန်နေတယ်။"

ကော့ကရိတ်မြို့က တိုက်ပွဲကိုတော့ တောင်ပိုင်းတိုင်း အမှတ်(၃၂) ဗျူဟာက ဦးဆောင်ပြီး ကော်ဘရာ၊ ကျားသစ်နက်၊ VENOM စစ်ကြောင်းတိုက အဓိကတိုက်နေတာဖြစ်ပြီး အမှတ်(၃၁) ဗျူဟာကလည်း ကျားဖြူ၊စစ်ကြောင်းနဲ့ အခြားစစ်ကြောင်းတွေလည်းတိုက်ခိုက်နေတယ်လို့လည်းပြောပါတယ်။ စစ်ကောင်စီဘက်ကလည်း ဒီစစ်ဆင်ရေးကိုတော့ ဒုတိယဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင်မော်လမြိုင်မြို့ကနေ ကွပ်ကဲနေတာဖြစ်တယ်လို့လည်းဆိုပါတယ်။

"အဲဒီနိုင်ငံတော်အဆင့်စစ်ဆေးရေးကိုတော့ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းကမော်လမြိုင်ကနေ ထိုင်ပြီးကွတ်ကဲနေတာ မြ၀တီကို ပြန်လည်ထိမ်းချုပ်နိုင်ဖို့အတွက် အောင်ဇေယျစစ်ဆင်ရေးလို့အမည်ပေးထားပြီး တပ်မဟာ ၄၄ နဲ့ ၅၅ နှစ်ခုပေါင်းပြီးထိုးစစ်ဆင်နေတာဖြစ်ပါတယ် ၊သူတို့က ရည်မှန်းချက်တော့မရောက်သေးဘူး သူတို့ထွက်လာတာက ဧပြီလ ၉ရက်နေ့ကတည်းကထွက်လာတာပါ၊မော်လမြိုင်ကနေပေါ့"

စစ်ကောင်စီရဲ့ ဒုဥက္ကဋ္ဌဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ လူမြင်ကွင်းကနေ ပျောက်ကွယ်နေတယ်လို့ သတင်းထွက်နေပြီးတဲ့နောက်မှာ ဧပြီလ ၂၉ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်က တပ်မတော်ဆေးရုံကိုလာရောက်ပြီး ဒဏ်ရာရစစ်သည်တွေကို တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီကသတင်းထုတ်ပြန်ခဲ့ပါတယ်။ သူဟာ မော်လမြိုင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို ဧပြီလ ၈ ရက်နေ့က လာတုန်းဒရုန်းနဲ့ပစ်ခတ်ခံရပြီး ဒဏ်ရာရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် စစ်ကောင်စီဘက်ကတော့သတင်းထုတ်ပြန်ခဲ့တာမရှိပါဘူး။ လတ်တလောတိုက်ပွဲ သတင်းနဲ့ပတ်သက်လို့လည်းစစ်ကောင်စီဘက်ကသတင်းထုတ်ပြန်တာတော့မရှိသေးပါဘူးရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG