သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လန်ဒန်တိုက်ခိုက်မှု မြန်မာတွေ အမြင်


ဒဏ်ရာရသူတွေကို အရေးပေါ်လူနာတင်ကားနှင့် သယ်ဆောင်နေစဉ်။
ဒဏ်ရာရသူတွေကို အရေးပေါ်လူနာတင်ကားနှင့် သယ်ဆောင်နေစဉ်။

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာရှိတဲ့ လူစည်ကားတဲ့ လွှတ်တော်အဆောက်အဦးအနီး မနေ့က အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်သွားခဲ့တဲ့အတွက် တိုက်ခိုက်သူ အပါအဝင် အနဲဆုံး လူ ၅ ဦး သေဆုံးသွားပါတယ်။ အကြမ်းဖက် တိုက်ခိုက်သူက လွှတ်တော် အဆောက်အဦး အနီးက Westminster တံတားပေါ်မှာ ရှိနေတဲ့ လူတွေကို ကားနဲ့ ဝင်တိုက် ပြီးတဲ့နောက် အောက်လွှတ်တော် ခြံစည်းရိုးကို သူ့ကားနဲ့ဝင်တိုက်ပြီး လုံခြုံရေးတဦးကိုပါ ဒါးနဲ့ ထိုး သတ်ခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးပါမယ်။

လန်ဒန်မြို့လယ်ခေါင်မှာရှိတဲ့ ဗြိတိသျှ အောက်လွှတ်တော် အဆောက်အဦး အနီး ဒေသစံတော်ချိန် နေ့လည် ၂ နာရီ ဝန်းကျင်က ကားနဲ့ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်သွားခဲ့တာပါ။အဲဒီ ကားနဲ့ တိုက်ခိုက်သူဟာ နောက်ပိုင်းမှာ လွှတ်တော်အဆောက်အဦးထဲ ဝင်ဖို့ ကြိုးစားရင်း လုံခြုံရေး တာဝန်ယူထားသူ ရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် အနီးနားမှာရှိတဲ့သူတွေကို ဓါးနဲ့ လိုက်ထိုးခဲ့တာ ဖြစ်ပါတယ်။

အခုလို ကားနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အဖြစ်အပျက်ကို ဗြိတိသျှရဲတပ်ဖွဲ့က အကြမ်းဖက် တိုက်ခိုက်မှုအဖြစ် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ရဲတပ်ဖွဲ့အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာန အကြီးအကဲလည်းဖြစ်၊ လက်ထောက်ရဲမင်းကြီးလည်းဖြစ်တဲ့ Mark Rowley က ပြောပါတယ်။

“အားလုံးသိကြတဲ့အတိုင်းပါပဲ၊ ဒီတိုက်ခိုက်မှုဟာ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်တဲ့ အကြောင်း ကျနော်တို့အနေနဲ့ ကြေညာထားပြီး ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီကနေ့ ဖြစ်ပျက်သွားတဲ့ အခြေအနေတွေအပေါ် အကြမ်းဖက် တိုက်ဖျက်ရေးဌာနအနေနဲ့ စုံစမ်း စစ်ဆေးမှုတွေကို အပြည့်အ၀ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။”

ဒါ့အပြင် တိုက်ခိုက်မှု ဘယ်လို စဖြစ်တယ်ဆိုတဲ့ အခြေအနေနဲ့ ပတ်သက်လို့လည်း လက်ထောက်ရဲမင်းကြီး Mark Rowley က အခုလို ဆက်ပြောပြပါတယ်။

“ပါလီမန် အဆောက်အဦးဆီ ဦးတည်တဲ့ Westminster တံတားပေါ်က လမ်းဘေး ပလက်ဖောင်းပေါ်မှာ ရှိနေကြတဲ့လူတွေကို ကားနဲ့ ဝင်တိုက်ခဲ့တဲ့အတွက် ဂုဏ်ပြုပွဲ အခမ်းအနားကနေ ပြန်လာကြတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးအပါအဝင် လူအများအပြား ထိခိုက် ဒဏ်ရာ ရသွားခဲ့ကြပါတယ်။ အဲဒီနောက် ကားသမားဟာ ပါလီမန်အဆောက်အဦးရဲ့ ခြံစည်းကို ဝင်တိုက်ပြီး ကားမောင်းသူဖြစ်တဲ့ အဲဒီဓါးကိုင်ထားတဲ့ အမျိုးသားက လူမြင်သမျှကို ဓါးနဲ့ တိုက်ခိုက်ပြီး ပါလီမန် အဆောက်အဦးထဲကို ဝင်ဖို့ ကြိုးစားခဲ့ပါတယ်။”

အဲဒီ အကြမ်းဖက် တိုက်ခိုက်သူက တံတားပေါ်မှာ ကားနဲ့ ဝင်တိုက်ခဲ့တာကြောင့် လူ ၂ ဦး သေဆုံးခဲ့သလို၊ လွှတ်တော်အစောင့် ရဲတပ်ဖွဲ့ဝင ်တဦးလည်း ဓါးဒဏ်ရာနဲ့ သေဆုံး သွားတယ်လို့ ဆိုပါတယ်။ အကြမ်းဖက် တိုက်ခိုက်သူကိုတော့ လွှတ်တော်အစောင့် ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်သတ်လိုက်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

လက်ရှိမှာတော့ အကြမ်းဖက် တိုက်ခိုက်သူ အပါအဝင် ၅ ဦး သေဆုံးသွားပြီး အနဲဆုံး ၂၀ လောက် ထိခိုက် ဒဏ်ရာ ရခဲ့ပါတယ်။ သေဆုံးသူတွေထဲ လွှတ်တော် လုံခြုံရေး တာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့ဝင် တဦးအပြင် အမျိုးသမီးတဦးလည်း ပါပါတယ်။

အခင်းဖြစ်သွားတဲ့ အခြေအနေတွေကို လန်ဒန်မြို့မှာ နေထိုင်တဲ့ မမေစန္ဒီက ဗွီအိုကို အခုလို ရှင်းပြပါတယ်။

“ပြင်သစ်ကျောင်းသားလေးတွေက အဲဒီနားရောက်နေတယ်။ အဲဒီ ပြင်သစ် ကျောင်းသား လေးတွေ လည်း ဝင်တိုက် ခံရတယ် ပြောတယ်။ နောက်တခုက ကျတော့ အခင်းဖြစ်ပွား တဲ့ နေရာကနေပြီးတော့ မိန်းမတယောက် ဒဏ်ရတယ်။ အဲဒီ မိန်းမကလည်း ဆေးရုံမှာ သေသွားတယ် လို့ ပြောတယ်ပေါ့နော်။ မြစ်ထဲကနေပြီးတော့ မိန်းမတယောက်ကိုလည်း သူတို့ ကယ်လိုက်ရတယ်လို့ သူတို့ ပြောတယ်။ အဲဒီ မိန်းမကတော့ မသေဘူးပေါ့နော်။ ကြည့်ရတာ ပြေးရင်း လွှားရင်းနဲ့ပဲ မြစ်ထဲ ပြုတ်ကျသွားလားတော့ မပြောတတ်ဘူး။ ဒီ Big Ben ပေါ့နော်၊ ဒီ လွှတ်တော်အရှေ့ ဘူတာရုံကို ဖြစ်ဖြစ်ချင်းကို ပိတ်ချလိုက်တယ် လို့ ပြောတယ်။ နောက်ပြီးတော့ ဒီ Westminster လွှတ်တော်နား တဝိုက်ကိုလည်း အခုချိန်ထိကို သူတို့ Lockdown ပေါ့နော်၊ လုံးဝကို အဲဒီနားကို လုံခြုံရေးတွေနဲ့ ပိတ်ထားတယ်လို့ ပြောတယ်၊ အခုချိန်ထိ။ သူတို့ ဖြစ်ဖြစ်ချင်းလဲ ပိတ်တယ်၊ အခုချိန်ထိလဲ ပိတ်ထားတုန်းပေါ့လေ၊ အခြေအနေကတော့။ အခုဟာက လုံခြုံရေးက အရမ်း တင်းကြပ်နေတော့ စန္ဒီတောင်မှ မိုးချုပ်မှ ပြန်မှာ။ ဘာဖြစ်လို့လဲဆိုတော့ ရထားတွေ၊ ကားတွေလည်း ကြပ်မှာပဲလေ။ လုံခြုံရေးကတော့ ဘူတာရုံတို့၊ ဘာတို့မှာ တော်တော်လေးတော့ ကြပ်မှာပဲ။”

ထိခိုက် ဒဏ်ရာရသူတွေထဲ လေ့လာရေး အစီအစဉ်နဲ့ ရောက်နေကြတဲ့ ပြင်သစ် ကျောင်းသား ၃ ဦး အနဲဆုံး ပါဝင်တယ်လို့ ဆိုပါတယ်။

အခုအခင်းဖြစ်သွားတဲ့ အောက်လွှတ်တော်အဆောက်အဦးအနီးမှာ နေတဲ့ ကိုထွန်းထွန်းကလည်း အခုလို တိုက်ခိုက်မှုဖြစ်တယ် ဆိုတာကြားရတဲ့ အတွက် အံ့အားသင့်သွားမိတယ်လို့ ပြောပါတယ်။

“Shock တော့ ဖြစ်သွားတာပေါ့နော်။ အံ့တောင် အံ့သြသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အိမ်နားမှာဖြစ်တာဆိုတော့။ ဘာများ ဖြစ်သွားလဲပေါ့၊ ဘယ်လိုဖြစ်တာလဲ၊ အဲဒီလို Shock ဖြစ်သွားတာပေါ့။ အဲဒီ ပါလီမန်က ကျနော့်အိမ်နဲ့ သိပ်တော့မဝေးဘူး။ ၅ မိနစ်လောက် လမ်းလျှောက်ရင်တော့ ရတယ်။ အဲဒီနေရာကတော့ အရမ်းစီတဲ့ နေရာပဲ။ အများအားဖြင့်ကတော့ ရုံးတွေများတယ်။ နောက်တခါ Tourist တွေ များတဲ့ ဧရိယာပေါ့။ သူကတော့ အမြဲတမ်း Weekend ရော၊ Weekday ရော၊ အမြဲတမ်း Busy ဖြစ်တဲ့ ဧရိယာပဲ။ လူမပြတ်ဘူး။ အဲဒီနေရာက လူပြတ်တယ်ဆိုတာ မရှိဘူး။ နေ့ခင်းဘက် Rush hour မဟုတ်တောင်မှပဲ လူက အမြဲတမ်း Tourist တွေနဲ့ ပြည့်နေတဲ့ နေရာ။ နွေရော၊ မိုးရော၊ ဆောင်းရော အဲဒီနေရာက။”

မေး။ အခုက ဒီလူက တံတားကိုဖြတ်ပြီးတော့ တံတားပေါ်မှာရှိတဲ့ လူတွေကို တောက်လျှောက် တိုက်လာပြီးတော့ လွှတ်တော် အဆောက်အဦး ခြံစည်းရိုးကို သူက ဝင်တိုက်တယ်ဆိုတော့ အဲဒီ တံတားနဲ့ လွှတ်တော်နဲ့က ဘယ်လောက်ဝေးသလဲ၊ ကားနဲ့ ဘယ်လောက်များ မောင်းရမလဲဗျ။

ဖြေ။ “သိပ်တော့ မဝေးဘူး။ တံတားပေါ်ကဆိုရင် ပါလီမန် အဆောက်အဦးထိပ်ပေါ့နော်၊ Big Ben နာရီစင်ကြီးနား ဆိုလို့ရှိရင် ကားစီးရင် ၂ မိနစ်လောက်နဲ့တင် ရောက်တယ်။ ဒါပေမယ့် တခုရှိတာက အဲဒီအရှေ့မှာ၊ ပါလီမန်ရှေ့မှာလဲ သံမဏိတုံးကြီးတွေ၊ အတုံးကြီးတွေ၊ အတုံးကြီးတွေ အများကြီးပဲ ချထားတာ ရှိတယ်။ အဲဒီလိုမျိုး Attack ဖြစ်မှာစိုးလို့ထင်တယ်။ အဲဒီလိုမျိုး ချပေးထားတာပဲ။”

အရှေ့အလယ်ပိုင်း ၆ နိုင်ငံက လေယာဉ်နဲ့ လာကြမယ့် ခရီးသွားတွေအနေနဲ့ Laptop ကွန်ပြူတာနဲ့ တခြား လျှပ်စစ်ပစ္စည်း အကြီးစားတွေ လေယာဉ်ပေါ် ကိုယ်နဲ့တပါတည်း သယ်ဆောင်ခွင့် ပိတ်ပင်လိုက်ကြောင်း ဗြိတိန်က အင်္ဂါနေ့မှာပဲ ကြေညာလိုက်တဲ့အတွက် ဗြိတိသျှ အစိုးရအနေနဲ့ ဖြစ်နိုင်ခြေရှိတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအကြောင်း သတင်းများ ကြိုရထားသလားဆိုတာ စဉ်းစား စရာရှိတယ်လို့လည်း မမေစန္ဒီက ပြောပါတယ်။

“နောက်တခု စိတ်ဝင်စားဖို့ကောင်းတာက ဘာလဲဆိုတော့ မနေ့ကပဲ ဒီ ဗြိတိန်ကနေပြီးတော့ အာရပ်နိုင်ငံတချို့၊ တူရကီတို့၊ ဆော်ဒီအာရေးဗီးယားတို့၊ အဲဒီလို အာရပ်နိုင်ငံတချို့ကနေ လာတဲ့ လေယာဉ်တွေပေါ့နော်၊ လေယာဉ်တွေပေါ်မှာ လျှပ်စစ် ပစ္စည်းတွေ မသယ်ရဘူးဆိုပြီးတော့ သူတို့ အမိန့်ထုတ်လိုက်တယ်ပေါ့နော်။ ဆိုတော့ မနေ့ကပြီးတာနဲ့ ဒီနေ့လိုဟာမျိုးမှာ ဒီလို အဖြစ်မျိုး ဖြစ်တော့ သူတို့ ဗြိတိန်အနေနဲ့ပဲ လုံခြုံရေးအရ Warning များ သူတို့ အရင်က ကြားထားတာများ၊ သိထားတာများ ရှိသလားဆိုပြီးတော့ မေးခွန်း ထုတ်စရာတော့ ရှိတာပေါ့လေ။ အဲဒါလေးကတော့ စိတ်ဝင်စားဖို့ ကောင်းတာပေါ့။”

ပြင်သစ်နိုင်ငံ Nice မြို့မှာ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့က ဖြစ်သွားခဲ့တဲ့ ထရပ်ကားနဲ့ ဝင်တိုက်ပြီး အကြမ်းဖက် တိုက်ခိုက်မှု၊ ဂျာမနီနိုင်ငံ၊ Heidleberg မြို့မှာ အခုနှစ် ဖေဖော်ဝါရီ လကုန်ပိုင်းက ဖြစ်သွားခဲ့တဲ့ ကားနဲ့ဝင်တိုက်တဲ့ အကြမ်းဖက် တိုက်ခိုက် စတဲ့ အဖြစ်အပျက်တွေကို ကြည့်ခြင်းအားဖြင့် အကြမ်းဖက်သမားတွေဟာ အနောက်နိုင်ငံတွေမှာရှိတဲ့ သူတို့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ အတွက် မော်တော်ကားတွေကို လက်နက်သဖွယ် ပိုပြီး အသုံးပြုလာနေကြတယ် ဆိုတာ တွေ့ရပါတယ်။

အခု လန်ဒန်မြို့ အောက်လွှတ်တော် အဆောက်အဦးအနီးမှာ ဖြစ်သွားခဲ့တဲ့ တိုက်ခိုက်မှုဟာ ၃ ဆင့်ခွဲပြီး ဖြစ်သွားခဲ့တဲ့ သဘောရှိကြောင်း၊ ပထမ အဆင့်ကတော့ SUV ကားနဲ့ တံတားပေါ်က လမ်းဘေး ပလက်ဖောင်းပေါ်မှာ ရှိသူတွေကို ဝင်တိုက်တာဖြစ်ပြီး၊ ဒုတိယအဆင့် ကတော့ လွှတ်တော်ရဲ့ Old Palace Yard အဝင်ဝအနီးက ခြံစည်းရိုးကို ကားနဲ့ ဝင်တိုက်ခဲ့တာ ဖြစ်ပြီး၊ နောက်ဆုံး အဆင့်ကတော့ အကြမ်းဖက်သမားက ဓါးနဲ့ လူတွေကို လိုက်ထိုးခြင်းဖြစ်ကြောင်း ဗြိတိသျှ ရဲတပ်ဖွဲ့က အဆင့်မြင့် အရာရှိတဦးက ဗွီအိုအေကို ပြောပြခဲ့ပါတယ်။

အခင်းဖြစ်သွားပြီး မကြာခင်မှာပဲ အမေရိကန် သမ္မတ Donald Trump က ဗြိတိန် ဝန်ကြီးချုပ် Theresa May နဲ့ တယ်လီဖုန်းဆက်သွယ် ပြောကြားခဲ့ပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီအကြမ်းဖက် တိုက်ခိုက်မှုအတွက် အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ကြောင်း အိမ်ဖြူတော် ပြောခွင့်ရ Sean Spicer က သတင်းထောက်တွေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG