သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Putin ကို ကမ္ဘာ့သြဇာအရှိဆုံးအဖြစ် Forbes ရွေးချယ်


၂၀၁၆ ခုနှစ်အတွက် ကမ္ဘာမှာ သြဇာအရှိဆုံးပုဂ္ဂိုလ်အဖြစ် Forbes မဂ္ဂဇင်းက ရုရှားသမ္မတ Vladimir Putin ကို ရွေးချယ်လိုက်ပါပြီ။ ဒီတကြိမ်နဲ့ဆိုရင် ၄ နှစ်ဆက်တိုက် ရွေးချယ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်တဲ့ စာရင်းမှာတော့ - အမေရိကန်ပြည်ထောင်စုရဲ့ ရွေးကောက်ခံ သမ္မတ Donald Trump က ဒုတိယနေရာမှာ ရှိနေပါတယ်။

ရုရှားသမ္မတဟာ သူ့တိုင်းပြည်ရဲ့ သြဇာအရှိန်အဝါကို ကမ္ဘာတဝှမ်းက နေရာတိုင်းလိုလိုမှာ ဖြန့်ကျက်နိုင်ခဲ့တယ်လို့လည်း Forbes စီးပွားရေး မဂ္ဂဇင်းကြီးက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အသက် ၆၄ နှစ်အရွယ် သမ္မတ Putin အနေနဲ့ သူလိုချင်တာကို ရအောင်ယူနိုင်ဆဲ ဖြစ်သလို၊ ကမ္ဘာတဝှမ်းက အစဉ်အလာစံတန်ဘိုးတွေနဲ့ ထိန်းချုပ်နိုင်လို့ မရခဲ့ဘဲ - မကြာသေးခင်နှစ်တွေအတွင်း သြဇာအရှိန်အဝါ ပိုမို ကြီးမားလာခဲ့တယ် လို့လည်း Forbes မဂ္ဂဇင်းက ဆိုပါတယ်။

သမ္မတ Putin အနေနဲ့ ထိပ်ဆုံးနေရာကို ထိန်းထားတဲ့ တချိန်တည်းမှာပဲ - ရွေးကောက်ခံ အမေရိကန်သမ္မတ Trump ကလည်း မနှစ်က နံပါတ် ၇၂ နေရာမှာ ရှိခဲ့ရာကနေ ဒီနှစ်မှာ နံပါတ် ၂ နေရာအထိ အကြီးအကျယ် ရှေ့တန်းရောက်လာခဲ့တာပါ။ ဒီလိုရှေ့တန်းရောက်လာရတဲ့ အကြောင်းရင်း ကတော့ - ချမ်းသာကြွယ်ဝမှုနဲ့ လွှတ်တော် ၂ ရပ်စလုံးကို သူ့ရဲ့ Republican ပါတီထံကနေ ရရှိထားရုံသာမက၊ အရှုပ်တော်ပုံတွေရဲ့ဒဏ်ကို ခံနိုင်ရည်ရှိတဲ့အတွက် ဖြစ်တယ်လို့လည်း Forbes မဂ္ဂဇင်းက ဖော်ပြပါတယ်။ ဂျာမန်ဝန်ကြီးချုပ် Angela Merkel ကတော့ ကမ္ဘာ့သြဇာအရှိဆုံး လူပုဂ္ဂိုလ်စာရင်းထဲ တတိယနေရာမှာရှိခဲ့ပြီး၊ တရုတ်သမ္မတ Xi Jinping က စတုတ္ထနေရာနဲ့ ပုပ်ရဟန်းမင်းကြီး Francis က ပဉ္စမနေရာမှာ ရှိခဲ့ပါတယ်။ မကြာခင် အနားယူတော့မယ့် အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားကတော့ မနှစ်က ဒုတိယနေရာမှာ ရှိခဲ့ရာကနေ ဒီနှစ်မှာတော့ နံပါတ် ၄၈ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။

XS
SM
MD
LG