သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Fort Wayne နဲ့ မော်လမြိုင်ကြား ညီအမမြို့တွေအဖြစ် ပထမအဆင့်သဘောတူ


၂၀၁၂ ခုနှစ်က မြန်မာ့နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံ Fort Wayne မြို့ကို လာရောက် လည်ပတ်ခဲ့ပြီးတဲ့ နောက်ပိုင်း နိုင်ငံသားတွေအချင်းချင်း ကူးလူးဆက်ဆံရေး မျှော်လင့်ချက်နဲ့ ကြိုးပမ်းခဲ့တဲ့ မြန်မာနိုင်ငံသားတွေရဲ့ မျှော်လင့်ချက်ရောင်ခြည် ပေါ် ထွက်လာခဲ့ပါပြီ။

အခု Fort Wayne မြို့တော်ဝန် Tom Henry ဟာ တနင်္လာနေ့ကပဲ Fort Wayne မြို့နဲ့ မော်လမြိုင်မြို့တို့ကြား ညီအမ မြို့တွေအဖြစ် တဆင့်တက်ဖို့ မိတ်ဆွေမြို့တွေအဖြစ် အသိအမှတ်ပြု လက်မှတ်ရေးထိုးလိုက်သလို၊ ကိုယ်စားလှယ် အဖွဲ့တဖွဲ့ဟာ မြန်မာနိုင်ငံကို သွားရောက်တော့မှာပါ။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဦးစံမိုးဝေက တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းနေထိုင်သူတွေ အများဆုံး ရောက်ရှိနေတဲ့မြို့ဖြစ်တဲ့ Fort Wayne မြို့ရဲ့ မြို့တော်ဝန်က Fort Wayne မြို့နဲ့ မြန်မာနိုင်ငံက မော်လမြိုင်မြို့တု့ိကြား ညီအမမြို့ကြီးတွေအဖြစ် မကြေညာခင် အဆင့်အနေနဲ့ မိတ်ဖက်မြို့ကြီးတွေအဖြစ် သတ်မှတ်တဲ့ သဘောတူညီချက်ကို တနင်္လာနေ့က လက်မှတ်ရေးထိုးလိုက်ပါတယ်။

Fort Wayne မြို့ဟာ ကမ္ဘာပေါ်မှာ နိုင်ငံကြီးတွေဖြစ်တဲ့ ဂျာမနီ၊ ပိုလန်၊ ဂျပန်၊ တရုတ် အစရှိတဲ့ နိုင်ငံကြီးတွေက မြို့ကြီး ၅ မြို့နဲ့လည်း ညီအမ မြို့တွေအဖြစ် အသိအမှတ်ပြု သတ်မှတ်ထားခဲ့ပြီး မော်လမြိုင်ကတော့ ပဉ္စမမြို့အဖြစ် ရည်ရွယ် သတ်မှတ် အသိမှတ်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒီလို အသိအမှတ်ပြုလိုက်တာကြောင့် ပြည်နယ် မြို့တော် မော်လမြိုင်နဲ့ မွန်ပြည်နယ်အတွက် ပညာရေး၊ ကျန်းမာရေးနဲ့ ယဉ်ကျေးမှု ဖလှယ်မှုတွေ လုပ်ပေးနိုင်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ခုနှစ် Fort Wayne မြို့ကို ရောက်ရှိလာခဲ့ပြီးတဲ့နောက်ပိုင်း နှစ်နိုင်ငံကြား ပညာရေး၊ ကျန်းမာရေး ကိစ္စတွေ ပူးပေါင်းလုပ်ဆောင်ရင် အကျိုးရှိလိမ့်မယ်လို့ မျှော်မှန်းပြီးတော့ ဒီအစီအစဉ်ကို စတင်ခဲ့တဲ့အကြောင်း ဖို့ဝိန်းမြို့အခြေစိုက် မြန်မာတိုင်းရင်းသားများ အကျိုးဆောင်အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဒေါ်မင်းမြင့်နန်းတင် က ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ကျမတို့ ၂၀၁၂ ခုနှစ်လောက်ကနေ စပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ဒီဖို့ဝိန်းမြို့ကို ရောက်လာတုန်းကပေါ့ ဒီမြို့မှာရှိနေတဲ့ မြို့သူမြို့သားတွေရော၊ မြန်မာပြည်မှာရှိတဲ့ မြို့သူမြို့သားတွေရော အဓိက ကျမတို့က ပညာရေး၊ ကလေးတွေရဲ့ကိစ္စကိုပေါ့ အဓိကထားပြီး ကျမတို့ လုပ်ဆောင်ချင်တဲ့ ဆန္ဒတွေရှိတယ်။ လဲလှယ်ရေးပေါ့နော် အမေရိကန်မှာရှိနေတဲ့ ကလေးတွေ မြန်မာပြည်မှာ ကျမတို့ရဲ့ ယဉ်ေျကးမှုတွေ၊ ကျမတို့ရဲ့ ပညာရေးဆိုင်ရာတွေ၊ ကျမတို့ရဲ့ ဘာသာစကားတွေ သူတို့လေ့လာခွင့် ရနိုင်သလို၊ တချိန်တည်းမှာလည်း ကျမတို့ မြန်မာပြည်ထဲမှာရှိနေတဲ့ ကလေးတွေကလည်း ပညာရေးအခြေအနေတွေကိုပေါ့နော် လေ့လာခွင့်ရအောင် ဆိုတဲ့ အစီအစဉ်နဲ့ ကျမတို့ စခဲ့တာပါ။”

အခုလာမယ့် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ဒေါ်မင်းမြင့်နန်းတင် အပါအဝင် ၁၀ ဦးပါဝင်တဲ့ ဖို့ဝန်းမြို့တော်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာပြည်ကို သွားရောက်မှာ ဖြစ်ပါတယ်။ အဲဒီအဖွဲ့ထဲမှာ တက္ကသိုလ်တွေက ပါမောက္ခ ပညာရှင်တွေ လူမှုရေးနဲ့ စီးပွားရေးလောက က စိတ်ဝင်စားသူတွေ ပါဝင်မှာ ဖြစ်သလို အစီအစဉ်တွေနဲ့ ပတ်သက်ပြီးတော့လည်း ဒေါ်မင်းမြင့်နန်းတင်က အခုလို ပြောပါတယ်။

“ကျမတို့ ဟိုမှာရောက်တယ်ဆိုရင်တော့ တက္ကသိုလ်တွေနဲ့ တွေ့ဖို့ ကျမတို့ ကြိုးစားနေပါတယ်။ ပြီးတော့ ဆေးရုံတွေနဲ့ တွေ့ဖို့ ကျမတို့ ကြိုးစားနေပါတယ်။ ဒီဘက်မှာရှိနေတဲ့ ကျန်းမာရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတွေကလည်း မြန်မာပြည်မှာရှိနေတဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘာတွေ ပူးပေါင်းဆောင်ရွက်ပေးလို့ရမလဲ။ ဘာတွေလုပ်ပေးနိုင်မလဲ။ ဒါမျိုးတွေ ကျမတို့ စကားကမ်းလှမ်းထားတာ ရှိပါတယ်။ ကျမတို့ ဒီ ဆေးရုံတွေရယ်၊ ပြီးတော့ တက္ကသိုလ်ကျောင်းတွေရယ်၊ ပြီးတော့ အထက်တန်းကျောင်းတွေရယ်၊ ကျမတို့ သွားရောက်ပြီးတော့ လေ့လာဖို့ ကျမတို့ စီစဉ်နေပါတယ်။”

အခုသွားရောက်မယ့် အမေရိကန်ပြည်ထောင်စု Indiana ပြည်နယ် Fort Wayne က သွားရောက်မယ့် ကိုယ်စားလှယ်အဖွဲ့ဟာ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မြန်မာနိုင်ငံမှာရှိနေတဲ့ အမေရိကန် သံတမန်အဖွဲ့ရဲ့ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဖို့ အစီအစဉ်တွေရှိကြောင်း သိရပါတယ်။ Fort Wayne က နိုင်ငံတကာ ညီအမမြို့အဖြစ် သတ်မှတ်တဲ့အဖွဲ့ဟာ ဝါရှင်တန်မှာ အခြေစိုက်တဲ့ နိုင်ငံတကာ ညီအမမြို့တွေအဖြစ် သတ်မှတ်တဲ့ အဖွဲ့ကြီးရဲ့ အဖွဲ့ခွဲတခု ဖြစ်ပြီးတော့ တိုင်းတပါးက မြို့တွေနဲ့ ယဉ်ကျေးမှု၊ ပညာရေး၊ ကုန်သွယ်ရေး၊ ကျန်းမာရေး၊ အစရှိတာတွေကို အမေရိကန် ပြည်ထောင်စုနဲ့ ဆက်သွယ် ဆောင်ရွက်နိုင်အောင် အမေရိကန်သမ္မတ Dwight D. Eisenhower က ၁၉၅၆ ခုနှစ်မှာ ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG