သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရ လူမျိုးတုံး သတ်ဖြတ်မှုကို စုံစမ်းဖို့ Fortify Rights တောင်းဆို


အမေရိကန်နိုင်ငံ အခြေစိုက် လူ့အခွင့်အရေးအဖွဲ့အစည်း Fortify Rights။
အမေရိကန်နိုင်ငံ အခြေစိုက် လူ့အခွင့်အရေးအဖွဲ့အစည်း Fortify Rights။

မြန်မာအစိုးရက ဘင်္ဂါလီလို့ခေါ်ပြီး သူတို့ကိုယ် သူတို့ ရိုဟင်ဂျာလို့ ခေါ်တဲ့သူတွေ အပေါ် လူမျိုးတုံး သတ်ဖြတ်နေတယ် ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထားတွေ တွေ့ရှိ ထားတဲ့အတွက် ကုလသမဂ္ဂ အနေနဲ့ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းစုံစမ်းပေးဖို့ အမေရိကန်နိုင်ငံ အခြေစိုက် လူ့အခွင့်အရေး အဖွဲ့အစည်းတခုဖြစ်တဲ့ Fortify Rights အဖွဲ့က တောင်းဆို လိုက်ပါတယ်။ ဒါပေမယ့် အဲဒီလို ပြောဆိုမှုဟာ တဖက်သတ် ဆန်လွန်းတယ်လို့ လူ့အခွင့်အရေး ရှေ့နေတွေ က ထောက်ပြကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

Fortify Rights အဖွဲ့က စုံစမ်းစစ်ဆေးမှုတွေအရ မြန်မာအစိုးရဟာ ရခိုင်ပြည်နယ် အတွင်း ဘင်္ဂါလီခေါ် ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ ခိုင်လုံတဲ့အထောက်အထားတွေ တွေ့ရှိခဲ့ရတဲ့အတွက် ရခိုင်ပြည်နယ် အတွင်း ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂ အနေနဲ့ စုံစမ်းရေးကော်မရှင် ချက်ခြင်း ဖွဲ့စည်းပြီး ကိုင်တွယ် ဆောင်ရွက်ပေးဖို့ တောင်းဆိုလိုက်တာပါ။

မြန်မာနိုင်ငံအတွင်း ကရင်နဲ့ ကချင်ပြည်နယ်အပါအဝင် တခြား တိုင်းရင်းသား ဒေသတွေမှာပါ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဖိနှိပ် သတ်ဖြတ်မှုတွေ နှစ်ကာလ ရှည်ကြာစွာ တည်ရှိလာခဲ့တာကြောင့် ရိုဟင်ဂျာအရေး သပ်သပ် တခုထဲကို ကွက်ကြည့်ပြီး Fortify Rights အဖွဲ့ရဲ့ အဲဒီလို ပြောဆိုမှုဟာ တဖက်သတ် ဆန်လွန်းတယ်လို့ AHRC အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

"ရိုဟင်ဂျာလူမျိုးတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရတဲ့ အခြေအနေမျိုး ကြုံတွေ့နေရတယ် ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ တင်ပြလာတဲ့ ကိစ္စမှာကတော့ ကျနော့် အမြင်ပြောရရင်တော့ နည်းနည်းတော့ လွန်-သွားတယ်လို့ ကျျနော်ကတော့ ဆိုချင်တယ်။ ဘာဖြစ်လို့လဲ ဆိုလို့ရှိရင် ကျနော်တို့ တိုင်းရင်းသား လူမျိုးစုတွေရဲ့ နယ်မြေတွေမှာ ဥပမာအားဖြင့် KNU ၊ ကချင်စတဲ့ ဒေသတွေမှာ ဒီလိုမျိုး လူ့အခွင့်အရေး ချိးဖောက်ခံရတဲ့ ကိစ္စ၊ အသတ်ခံရတဲ့ ကိစ္စတွေဟာ မြောက်မြားစွာ ရှိတယ် ဆိုတာတွေကို ကျနော်တို့ သိရတယ်။ နောက်ပြီးတော့ ဒီလိုမျိုး အဓမ္မပြုကျင့်ခံရတဲ့ ကိစ္စတွေ လည်း တိုင်းရင်းသားဒေသတွေမှာ အများအပြား ရှိတယ်ဆိုတာ ကျနော်တို့သိရတယ်။ အဲ့တော့ ဒီ ရိုဟင်ဂျာလို့ခေါ်တဲ့ လူမျိုး အပေါ်မှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဖြစ်တယ်လို့ ပြောဆိုတဲ့ကိစ္စရပ်ကိုတော့ ကျနော်တို့ မြန်မာနိုင်ငံ အစိုးရက လက်ခံလိုက်မယ်လည်း မဟုတ်ဘူး။ စုံစမ်းရေး ကော်မရှင် ဖွဲ့မယ် ဆိုလို့ရှိရင် အဲ့ဒီ့ကော်မရှင်ကို ဗမာပြည် လာဖို့တောင်မှ ခွင့်ပြုလိုက်မယ်လို့ ကျနော်ကတော့ မထင်ပါဘူးခင်ဗျ။"

Fortify Rights အဖွဲ့က ပြုလုပ်ခဲ့တဲ့ စုံစမ်း စစ်ဆေးမှုမှာ ကန့်သတ်ချက်တွေ ရှိနေတာကို တွေ့ရတယ်လို့လည်း ဦးမင်းလွင်ဦးက ဆက်ပြောပါတယ်။

"အစောကပြောတဲ့ Fortify Rights အဖွဲ့အနေနဲ့လည်း ဒီလိုမျိုး strong evidence ရတယ်လို့ ဆိုရအောင် သူ့အနေနဲ့ တွေ့ဆုံမေးမြန်းနိုင်တာက ဒီဒုက္ခသည်စခန်းမှာ ကုလသမဂ္ဂ ကနေပြီးတော့ ခိုလှုံခွင့်ပေးထားတဲ့ စခန်းထဲမှာမဟုတ်ပါဘူး။ ကျနော် ထင်တယ် ဒီမောင်တောတို့ ဘာတို့မှာ ဖွင့်ထားတဲ့ စခန်းက ဒုက္ခသည်တွေမှာ အင်တာဗျူး လုပ်ပြီးတော့ ဒီလိုပြောဆိုတဲ့အပေါ်မှာ ကျနော် ထင်တယ် တချို့ဥစ္စာတွေ ကတော့ မျှတမှုမရှိဘူးလို့ ကျနော်မြင်ပါတယ်။ ဒီ Genocide ကိစ္စ နဲ့ပတ်သက်ပြီးတော့ အယ်လ်ဂျာဇီးယားမှာ တင်ထားတဲ့ ဗီဒီယိုဖိုင်တွေ လည်း ရှိပါတယ်။ အဲ့တော့ အဲ့ဒီ့မှာ ကြည့်ရင် ကျနော်တို့ ဒီမိတ္ထီလာ အကြမ်းဖက်မှုမှာ ပါတဲ့သူတွေရဲ့ ပုံတွေကို ထပ်ခါတလဲလဲ အသုံးပြုပြီး ဒီဖြတ်ညှပ်ကပ် သဘောမျိုးပေါ့ဗျာ။ အားလုံးကို ပေါင်းစီးပြီးတော့ တင်ပြထား တဲ့ အခြေအနေမျိုးဖြစ်တယ်ဆိုတာကို ကျနော်တို့ တွေ့ရတယ်။ "

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတော့ မြန်မာအစိုးရက လက်မခံဘဲ ရိုဟင်ဂျာ ဆိုတာ မြန်မာနိုင်ငံမှာ မရှိဘူးလို့ ငြင်းဆိုထားပြီး အဲဒီလူတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်က ဝင်လာတဲ့ ဘင်္ဂါလီ လူမျိုးတွေအဖြစ်သာ သတ်မှတ် ထားတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာအစိုးရရဲ့ တုန့်ပြန်ချက်ကို သိနိုင်ဖို့ ဝါရှင်တန် ဒီစီမြို့မှာ ရှိတဲ့ မြန်မာသံရုံးကို ဆက်သွယ်ခဲ့ပေမယ့် တစုံတရာ တုန့်ပြန်ခဲ့ခြင်း မရှိပါဘူး။

တဖက်မှာလည်း Fortify Rights အဖွဲ့ရဲ့ ဒီတောင်းဆိုချက်အပေါ် ကုလသမဂ္ဂ ဘက်က ဘယ်လို တုန့်ပြန်မယ်ဆိုတာ မသိရသေးပါဘူး။

Fortify Rights အဖွဲ့အနေနဲ့ ရံပုံငွေရဖို့အတွက် လုပ်နေသလို ဖြစ်နေတယ်လို့ ဦးမင်းလွင်ဦးက ပြောပါတယ်။

"ဒီကိစ္စက ရိုဟင်ဂျာကို အခုမှ သူတို့က လုပ်တာ။ Chris Lewa လုပ်တာ ကြာလှပြီ။ ဒီကိစ္စ Chris Lewa တောင် Genocide ဆိုတာ မပြောဘူး။ သူတို့ ဘာ သူတို့ Funding ရတာတော့ ရတာပေါ့။ အဲ့သလို လုပ်စားတာလည်း လုပ်စားပေါ့။ အလွန်အကျွံတော့ မလုပ်စားနဲ့ပေါ့ကွယ်။ အဲ့တာတော့ ဘယ်ကောင်းမလဲ။"

Fortify Rights အဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတေ့ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ Genocide လို့ခေါ်တဲ့ လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်စေနိုင်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြန်မာအစိုးရဘက်က ကျူးလွန်နေတယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရှိရကြောင်း၊ ရိုဟင်ဂျာ မျိုးနွယ်စု ပျက်ဆီးစေမယ့် လုပ်ရပ်တွေကို ကျူးလွန်နေတာ တွေ့ရှိရကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေ ကလေးမွေးဖွားမှုနှုန်းကို ကန့်သတ်တဲ့ ဥပဒေတွေကို ပြဌာန်းထားတယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG