သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်ဘုရားကျောင်း IS တိုက်ခိုက်မှု သမ္မတ Hollande တုံ့ပြန်


ပြင်သစ်နိုင်ငံ နော်မန်ဒီမြို့က Catholic ဘုရားရှိခိုးကျောင်းတခုမှာ ဘုန်းတော်ကြီးတပါး အသတ်ခံခဲ့ရပြီးနောက် IS အစွန်းရောက်ဝါဒီတွေနဲ့ စစ်ဆင်နေတဲ့ ပြင်သစ်နိုင်ငံအနေနဲ့ အနိုင်ရအောင် တိုက်သွားမယ်လို့ သမ္မတ Francois Hollande က နိုင်ငံကို ကတိပြုခဲ့ပါတယ်။

ဒီတိုက်ပွဲဟာ အချိန်ကြာကောင်း ကြာပါလိမ့်မယ်။ ပစ်မှတ်ထားခံနေရတဲ့ ကျနော်တို့ရဲ့ ဒီမိုကရေစီဟာ ကျနော်တို့ကို အကာအကွယ်ပေးနေတဲ့ ဒိုင်းကြီး ဖြစ်ပါတယ်။ စည်းလုံးညီညွတ်မှုဟာ ခွန်အားဖြစ်တဲ့အတွက် အမုန်းတရားတွေ အယူသန်မှုတွေကို တိုက်ဖျက်နေတဲ့စစ်ပွဲ အနိုင်ရအောင် ပြင်သစ်ပြည်သူအားလုံး စည်းလုံးကြပါ။

ဒီစစ်ပွဲအနိုင်ရအောင်တိုက်ဖို့ ကျနော် ကတိပြုပါတယ်လို့ ပြင်သစ်သမ္မတ Francois Hollande က နိုင်ငံကို မိန့်ခွန်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဘုန်းတော်ကြီးကို သတ်ဖြတ်ခဲ့သူတွေဟာ သူတို့ရဲ့ စစ်သည်တော်တွေ ဖြစ်တယ်လို့ IS စစ်သွေးကြွတွေက ပြောကြားခဲ့ပါတယ်။

အင်္ဂါနေ့မနက်ပိုင်း ဘုရားဝတ်ပြုနေချိန်မှာ တိုက်ခိုက်သူ ၂ ယောက်က ဘုရားကျောင်းထဲကို ဝင်လာပြီး ဘုန်းတော်ကြီး Jacques Hamel အပါအဝင် ဘုရားကျောင်းထဲမှာ ရှိနေတဲ့ သီလရှင် ၃ ပါးနဲ့ ဝတ်လာပြုသူ ၂ ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့ပါတယ်။

သီလရှင်တပါးကတော့ ထွက်ပြေးလွတ်မြောက်ပြီး လုံခြုံရေးတွေကို အကြောင်းခဲ့ပါတယ်။ လုံခြုံရေးတွေ ရောက်လာစဉ်မှာ ဓားစာခံ ၃ ယောက်ကို လူသားဒိုင်းတွေသဖွယ် တံခါးဝမှာ ထားထားတဲ့အတွက် ရဲတွေက ချက်ခြင်း မပြစ်ခတ်နိုင်ခင်မှာ အသက် ၈၄ နှစ်အရွယ် ဘုန်းတော်ကြီး Jacques Hamel ကို တိုက်ခိုက်သူတွေက လည်လှီးသတ်ခဲ့တာပါ။

နောက်ပိုင်းမှာတော့ တိုက်ခိုက်သူ ၂ ယောက်ကို ရဲတွေက ပစ်သတ်ခဲ့ပါတယ်။ ဓားစာခံတွေထဲက ၁ ယောက်ရဲ့ ဓားဒဏ်ရာတွေ အတော်လေး ပြင်းထန်တယ်လို့ ပြင်သစ်ရဲတပ်ဖွဲ့က ပြောပါတယ်။ ခုလို ကြောက်မက်ဖွယ်တိုက်ခိုက်မှုအပေါ် အပြင်းထန်ဆုံး ရှုတ်ချတယ်လို့ အမေရိကန်က ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG