သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်တိုက်ခိုက်မှု IS အဖွဲ့ လက်ချက်ဖြစ်ကြောင်း ကြေညာ


ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်မှာ လူအမြောက်အများ ထိခိုက်သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုတွေဟာ သူတို့လက်ချက်ဖြစ်တဲ့အကြောင်း IS စစ်သွေးကြွအဖွဲ့က ကြေညာလိုက်တဲ့ တချိန်တည်းမှာပဲ ပြင်သစ် လုံခြုံရေး တပ်ဖွဲ့တွေကလည်း နောက်ထပ် တိုက်ခိုက်မှုတွေ မဖြစ်အောင် စောင့်ကြပ်နေကြပါတယ်။

အီရတ်နဲ့ ဆီးရီးယား နိုင်ငံတွေမှာ လေကြောင်းစစ်ဆင်ရေးတွေကို တုန့်ပြန်တဲ့အနေနဲ့ ပဲရစ်မြို့တော်က နေရာ ၆ နေရာမှာ ဆက်တိုက်ဆိုသလို တိုက်ခိုက်မှုတွေကြောင့် လူ ၁၂၇ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့ လုပ်ရပ်ဟာ သူတို့လက်ချက် ဖြစ်တဲ့အကြောင်း စနေနေ့မှာပဲ IS အဖွဲ့က ကြေညာခဲ့တာပါ။

ပြင်သစ်နိုင်ငံနဲ့ ပြင်သစ်ကို ထောက်ခံသူတွေဟာ သူတို့အဖွဲ့က ပစ်မှတ်ထားတဲ့စာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ရှိနေတုန်းပဲလို့လည်း ဖော်ပြထားပါတယ်။ အာရပ်နဲ့ ပြင်သစ် ဘာသာ ၂ ဘာသာနဲ့ ရေးသားထားပြီး IS အဖွဲ့ကို ထောက်ခံတဲ့ အင်တာနက် အွန်လိုင်းတွေက ဖြန့်ဝေခဲ့တဲ့ ကြေညာချက် အစစ်အမှန် ဟုတ်မဟုတ် ဆိုတာကတော့ ချက်ခြင်း အတည်ပြုလို့ မရသေးပါဘူး။

ပစ်ခတ်တိုက်မှုကြောင့် လူပေါင်း ၁၂၇ ဦးထက်မနည်းသေဆုံးသွားခဲ့ပြီးနောက်ပိုင်း ၃ ရက်ကြာ တနိုင်ငံလုံးအနေနဲ့ ဝမ်းနည်းကြေကွဲရတဲ့ အထိမ်းအမှတ်အဖြစ် ပြင်သစ် သမ္မတ François Hollande က စနေနေ့မှာ ကြေညာလိုက်ပါတယ်။ ဒီသောကြာနေ့ညက ဖြစ်ခဲ့တဲ့ တုန့်လှုပ်ဖွယ် ပစ်ခတ်တိုက်ခိုက်မှုဟာ စစ်ရေးကြေညာမှု ဖြစ်တယ်လို့လည်း သမ္မတက IS အဖွဲ့ကို ပြစ်တင်လိုက်ပါတယ်။

အကြမ်းဖက် တိုက်ခိုက်သူတွေကို မြေလှန်ရှာဖွေသွားမှာဖြစ်သလို ဒီရက်စက်မှုနဲ့ပတ်သက်ပြီးတော့ ပြင်သစ်အနေနဲ့ ပြန်လည် ခြေမှုန်းသွားမှာဖြစ်တယ်လို့လည်း သမ္မတ အွန်လွန်းက ကတိပေး ပြောဆိုလိုက်ပါတယ်။ ပြင်သစ်ရဲ့ လုံခြုံရေးတပ်ဖွဲ့တွေကိုလည်း အမြင့်ဆုံးအဆင့်အထိ လုံခြုံရေးချထားဖို့ ဆော်သြထားတယ်လို့လည်း သမ္မတက ဆိုပါတယ်။

အကြမ်းဖက်သမားတွေက ပဲရစ်မြို့ကို မောင်းပြန်သေနတ်တွေနဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် စနေနေ့အထိ ပြင်သစ်တနိုင်ငံလုံးမှာ အရေးပေါ် အမိန့်ထုတ်ပြန်ထားပါတယ်။

သေဆုံးသွားတဲ့ တိုက်ခိုက်သူ ၈ ဦးဟာ အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ဒါမှမဟုတ် လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ယုံကြည်နေကြပါတယ်။ အကြမ်းသမားတွေ ထပ်မံရှိနေဦးမှာကို စိုးရိမ်တဲ့အတွက် ပဲရစ်မြို့နေရာ အနီးတဝိုက်မှာတော့ ရှာဖွေမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

စနေနေ့မှာတော့ ပဲရစ် မြို့သူမြို့သားတွေအနေနဲ့ အိမ်ထဲမှာပဲ အားလုံး နေကြဖို့ သမ္မတ အွန်လွန်းကပြောဆို ထားပါတယ်။ အပြင်ကို အရဲစွန့် ထွက်ကြတဲ့ သူတွေအနေနဲ့ကတော့ ဈေးဆိုင်တော်တော်များများ ပိတ်ထားတွေနဲ့ ပြင်သစ်မြို့တော်ရဲ့ လမ်းပေါ်တွေမှာ လုံခြုံရေးအတွက် စစ်သားပေါင်း ၁၅၀၀ လောက် ချထားတာတွေကို တွေ့ရမှာဖြစ်ပါတယ်။

လာမယ့် တနင်္ဂနွေနေ့ကျရင် တူရကီနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့စက်မှုထိမ်သီးနိုင်ငံများ G-20 အစည်းအဝေး တက်ရောက်ဖို့ အစီအစဉ်ရှိတဲ့ ပြင်သစ်သမ္မတ François Hollande အနေနဲ့ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။

၂၁ ရာစုကာလအတွင်းမှာ ဥရောပ အနေနဲ့ မကြုံစဖူးတဲ့ အခုတိုက်မှုမျိုးဖြစ်ပွားခဲ့တာကြောင့် ပြင်သစ်နယ်စပ်ကိုလည်း ပိတ်လိုက်ဖို့ သမ္မတက အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ဒါပေမဲ့လည်း အဓိက လေဆိပ်ကို ဆက်လက် ဖွင့်ထားပြီး ရထားတွေကလည်း ဆက်လက် ပြေးဆွဲ နေဆဲဖြစ်ပါတယ်။

သေနတ်သမား နှစ်ဦးကနေ သုံးဦးအထိ ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ ပဲရစ်မြို့ Bataclan တေးဂီတဖျော်ဖြေပွဲရုံ နေရာ တနေရာထဲမှာတင်ပဲ လူအမြောက်အများ သေဆုံးခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ရဲတွေက အဆောက်အဦးကို ဝင်ရောက် စီနှင်းပစ်ခတ်ခဲ့ရာမှာ သေနတ်သမားတစ်ဦးကို အသေပစ်သတ်နိုင်ခဲ့ပြီး တချိန်တည်းမှာပဲ အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူအတော်များများလည်း သေဆုံးခဲ့ရပါတယ်။

သောကြာနေ့ညက ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၀၀ လောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး အဲဒီအထဲက ၈၀ လောက်ဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ကြပါတယ်လို့လည်း အာဏာပိုင်တွေက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီးတော့ အမေရိကန်အနေနဲ့ ဖြစ်နိုင်တဲ့ ဘယ်နေရာမျိုးမှာမဆို အကူအညီပေးဖို့ အဆင့်သင့်ပဲလို့လည်း အမေရိကန် သမ္မတ Barack Obama ကပြောပါတယ်။

XS
SM
MD
LG