သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စာပေလွတ်လပ်ခွင့်ကို အကျိုးရှိရှိအသုံးချဖို့ သမ္မတ ဦးထင်ကျော် တိုက်တွန်း


 သမ္မတ ဦးထင်ကျော် နိုဘယ်-မြန်မာစာပေပွဲတော် ဖွင့်ပွဲ အခမ်းအနား မိန့်ခွန်းပြော (Myanmar President Office)
သမ္မတ ဦးထင်ကျော် နိုဘယ်-မြန်မာစာပေပွဲတော် ဖွင့်ပွဲ အခမ်းအနား မိန့်ခွန်းပြော (Myanmar President Office)

NLD အစိုးရလက်ထက်မှာ စာပေလွတ်လပ်ခွင့်ရှိလာပြီးဖြစ်တဲ့အတွက် ဒါကို အခြေခံပြီး နိုင်ငံရဲ့ တိုးတက်ဖွံဖြိုးမှုနဲ့ ငြိမ်းချမ်းရေးအတွက် ဝိုင်းဝန်တည်ဆောက်ကြဖို့ သမ္မတ ဦးထင်ကျော်က တိုက်တွန်းလိုက်ပါတယ်။

မနေ့ တနင်္ဂနွေနေ့က ရန်ကုန်မြို့မှာကျင်းပတဲ့ နိုဘယ်-မြန်မာစာပေပွဲတော် ဖွင့်ပွဲ အခမ်းအနား မိန့်ခွန်းမှာ သမ္မတ ဦးထင်ကျော်က မြန်မာနိုင်ငံမှာ ရသစာပေကောင်းတွေ ထွက်ပေါ်ရေးအတွက် လွတ်လပ်စွာ ယုံကြည်ခွင့်၊ စိတ်ကူးခွင့် ဖေါ်ထုတ်ခွင့် ရှိဖို့ အရေးကြီးကြောင်း ပြောကြားခဲ့တာပါ။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီး ပြောပြမှာပါ။

တတိယအကြိမ်မြောက် နိုဘယ်-မြန်မာ စာပေပွဲတော်ကို ရသစာပေ ခေါင်းစဉ်နဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။ ရသစာပေကောင်းတွေကို ဖတ်ရတဲ့အခါမှာ ပတ်ဝန်းကျင်ကို သတိပြုမိလာပြီး ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးကို ဆင်ခြင်တတ်လာသလို အများအကျိုးစီးပွား အတွက်လည်း ကြည့်တတ်၊ မြင်တတ်လာပြီး ကရုဏာဖြစ်တတ်လာတယ်လို့ သမ္မတ ဦးထင်ကျော်က စာပေပွဲတော် ဖွင့်ပွဲအခမ်းအနား မိန့်ခွန်းမှာ ပြောသွားပါတယ်။

သူ့အနေနဲ့ စာပေလွတ်လပ်ခွင့် အရေးကြီးကြောင်း ယုံကြည်ထားသလို သူတို့ အစိုးရလက်ထက်မှာ စာပေလွတ်လပ်ခွင့် ရှိလာနေပြီး ဒါကို တိုင်းပြည်တိုးတက်ရေးအတွက် အသုံးချဖို့ သမ္မတက အခုလို ပြောဆိုခဲ့ပါတယ်။

“ဒီနေရာတွင် စိတ်ကောင်းရှိမှ စာကောင်းထွက်တယ်၊ စေတနာ ကောင်းရှိမှ စာကောင်းထွက်တယ် ဆိုသည့်စကားအတိုင်း စာရေးဆရာတို့၏ စေတနာ သည် အလွန်ပင် အရေးကြီးပါတယ်။

ဒါ့အပြင် စိတ်ကူးဉာဏ်နှင့် ဖန်တီးနိုင်စွမ်းကလည်း အလွန်အရေးကြီး ပါ တယ်၊ အဲဒီ စိတ်ကူး ဉာဏ်နှင့် ဖန်တီးနိုင်စွမ်းသည် စာပေလွတ်လပ်ခွင့်ဆိုသော အခြေခံအကျဆုံးဖြစ်သည့် မည်သူတစ်ဦး တစ်ယောက်ကိုမှ မထိခိုက်သော လူတစ်ဦး ချင်းစီရဲ့လွတ်လပ်စွာယုံကြည်ခွင့်၊ လွတ်လပ်စွာ စိတ်ကူးခွင့်၊ လွတ်လပ်စွာ ဖော်ထုတ်ခွင့်တို့ ရှိဖို့ဟာ အရေးအပါဆုံးဖြစ်တယ်လို့လည်း ကျနော်တို့ အမြဲယုံကြည် ခဲ့ပါတယ်။”

စာရေးဆရာတွေအနေနဲ့ သူတို့ခံစားချက်ကို လွတ်လွတ်လပ်လပ်ဖန်တီးခွင့်ရတဲ့အခါမှာ ရသပိုင်းအရလည်း ပိုပြီးပေါ်လွင်လာတယ်လို့ ကိုယ်တိုင်ရသစာပေးရေးသားနေတဲ့ စာရေးဆရာမ မေငြိမ်းကပြောပါတယ်။

“ကျမစာအုပ်အသစ် ၂ အုပ်ထွက်ခဲ့တယ်ပေါ့နော် ဒီအစိုးရပြောင်းပြီးတော့မှ ဒီစာအုပ်၂ အုပ်ထွက်ခဲ့တာမှာတော့ ကျမလွတ်လွတ်လပ်လပ် ရေးခွင့်ရခဲ့ပါတယ်။ ကျမရဲ့ ဒီမြန်မာနိုင်ငံမှာ ပထမဦးဆုံးပြန်ထွက်တဲ့ လုံးချင်းဆိုရင် ၂၀၁၃ ခုနှစ်ကထွက်ခဲ့တာဆိုရင် ကျမရဲ့ ဒီ ၁၉၈၈ အရေးအခင်းတွေပါတယ်၊ ကျမဖြတ်သန်းခဲ့တဲ့ တက္ကသိုလ်ဆရာမဘဝမှာ ကြုံခဲ့ရတဲ့ အကျဉ်းအကျပ်တွေပါတယ်ပေါ့နော်၊ အဲဒါတွေအားလုံးကျမလွတ်လွတ်လပ်လပ်ရေးခွင့် ရခဲ့တယ်၊ ဆိုတော့ ထိုက်သင့်သလောက်လွတ်လပ်မှုရှိနေပြီလို့တော့ ပြောလို့ရတယ်။ ရသစာပေနဲ့ ပတ်သက်လို့တော့ စိတ်ခံစားချက်အရပဲဖြစ်ဖြစ် ၊ အချက်အလက်အရပဲဖြစ်ဖြစ် လွတ်လွတ်လပ်လပ်ရေးခွင့်ရှိတယ်ဆိုရင်တော့ စာရေးသူနဲ့ စာဖတ်သူရဲ့ကြားထဲမှာ ရှိတဲ့ ဆက်သွယ်မှုကပါ ပိုပြီးတော့ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်းရှိတာပေါ့နော်။”

နိုင်ငံတနိုင်ငံမှာ စာပေအဆင့်အတန်းမြင့်မားမှ ပြည်သူတွေရဲ့ အသိဉာဏ်မြင့်မားမှာဖြစ်ပြီး အသိဉာဏ်မြင့်မားမှ နိုင်ငံရဲ့ တိုးတက်ဖွံဖြိုးမှုနဲ့ ငြိမ်းချမ်းမှုကို ရမှာဖြစ်တယ်လို့ သမ္မတဦးထင်ကျော်က သူရဲ့ မိန့်ခွန်းမှာပြောကြားခဲ့ပါတယ်။

“နိုင်ငံတစ်နိုင်ငံနှင့် လူမျိုးတစ်မျိုးအတွက် စာပေ အဆင့်အတန်း မြင့်မားတယ်ဆိုတာဟာနိုင်ငံနှင့်လူမျိုးအတွက် အသိဉာဏ်ပညာမြင့်မားတာပဲဖြစ်ပါတယ်၊ အသိဉာဏ် ပညာမြင့်မားတဲ့ နိုင်ငံသားတို့ ရှိမှသာလျှင် အဲဒီနိုင်ငံဟာ တိုးတက် ဖွံ့ဖြိုးမယ်၊ ငြိမ်းချမ်းမယ် ဆိုသည်မှာ အမှန်တရား တစ်ရပ်ဖြစ်ပါတယ်။”

လက်ရှိမြန်မာစာပေ အဆင့်အတန်းနဲ့ပတ်သက်လို့ စာရေးဆရာမေငြိမ်းရဲ့ အမြင်ကတော့

“သမ္မတကြီးပြောတာမှန်ပါတယ်။ စာပေ ကသာ ယျဉ်ကျေးမှုကိုလည်းဦးဆောင်တယ်ဆိုတာက ဘာဖြစ်လို့လဲဆိုတော့ ကျမတို့နိုင်ငံက သမ္မတကြီးကလည်း အင်မတန် စာဖတ်တဲ့ မိသားစုက ဆင်းသက်လာပြီး သူကိုယ်တိုင်က စာရေးဆရာကို၊ အဲဒီအခါကျတော့ ဒါငြင်းစရာ မရှိပါဘူး။ အဲဒီတော့ လူမျိုးအရကော၊တိုင်းပြည်အရကော စာပေကအများကြီး ဦးဆောင်တယ်ဆိုတာကို ဒါကျမတို့ ယုံယုံကြည်ကြည်ကို လက်ခံပါတယ်ပေါ့နော်။ ဒါပေမယ့် တကယ်တမ်းကတော့ လူတွေအားလုံးက စာရေးဆရာရဲ့ လွတ်လွတ်လပ်လပ်ဖန်တီးထားတဲ့ အနုပညာတွေကို ခံစားတဲ့နေရာမှာ ဒီစာရေးဆရာက ဘာကိုပေးသလဲဆိုတဲ့ Message ကို တကယ်ရသလားပေါ့နော်၊ အဲဒီအပေါ်မှာ မူတည်မယ် ပြီးတော့ စာရေးဆရာတွေကလည်း ဒီကမ္ဘာကို ရင်ဘောင်တန်းနိုင်တဲ့ အသိပညာတွေ ပေးနေသလား၊ ခံစားချက်တွေပေးနေသလားဆိုတာကိုလည်း မူတည်ပါတယ်။ ကျမ ထင်တာကတော့ မြန်မာစာပေအဆင့်အတန်းက ဘယ်တုန်းကမှ မညံ့ခဲ့ဘူးလို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စာရေးဆရာကောင်းတွေရှိခဲ့တယ်၊ စာအုပ်ကောင်းကောင်းတွေရှိခဲ့တယ်။”

နိုဘယ်-မြန်မာစာပေပွဲတော်ကို စာပေနှင့်ငြိမ်းချမ်းရေး ခေါင်းစဉ်နဲ့ ၂၀၁၅ခုနှစ်က စတင်ကျင်းပခဲ့ပြီး ၂၀၁၆ခုနှစ်မှာ ကလေးစာပေ ဖွံဖြိုးတိုးတက်ရေး ခေါင်းစဉ်နဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG