သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မဟာသင်္ကြန် စီးပွားဖြစ်မဏ္ဍပ် ဆောက်ခွင့်မပြု


ရန်ကုန်တိုင်း လွှတ်တော်ဝင်းအတွင်းမှာ ဒီကနေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲ။ ( မတ်လ ၂၄၊ ၂၀၁၇)
ရန်ကုန်တိုင်း လွှတ်တော်ဝင်းအတွင်းမှာ ဒီကနေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲ။ ( မတ်လ ၂၄၊ ၂၀၁၇)

ဒီနှစ် ရန်ကုန် မဟာသင်္ကြန်ပွဲတော်အတွက် စီးပွားဖြစ်မဏ္ဍပ်တွေ ဆောက်ခွင့်မပြုဘူးလို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောလိုက်ပါတယ်။ သင်္ကြန်ကာလတွင်း ဖျော်ဖြေကြမယ့် သံချပ်တွေကိုလဲ ကြိုတင် စိစစ်သွားမယ့်သဘောမျိုး ဝန်ကြီးချုပ်က ပြောပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန်တိုင်း လွှတ်တော်ဝင်းအတွင်းမှာ ဒီကနေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

သင်္ကြန်ပွဲတော်အတွက် စီးပွားဖြစ် ရေကစားမဏ္ဍပ်တွေ ဆောက်လုပ်ခွင့်နဲ့ပတ်သက်ပြီး သတင်းတွေအမျိုးမျိုးထွက်နေ ချိန်မှာ အဲဒီလိုမဏ္ဍပ်တွေ ခွင့်ပြုမှာမဟုတ်ဘူးဆိုတာကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အတိအကျ ပြောသွားတာပါ။

" ဒီကျင်းပမယ့် မဟာအတာသင်္ကြန်ပွဲတော်ကြီးမှာ စီးပွားဖြစ် မဏ္ဍပ်တွေ အားလုံး ခွင့်ပြုမှာ မဟုတ်ဘူးဆိုတာ ကျနော် ဒီနေရာမှာ ပြောပါရစေ။ ကျနော်တို့ကျင်းပမယ့် ဒီမဏ္ဍပ်တွေကို ခွင့်ပြုမိန့်ပေးထားတယ်။ စည်းမျဉ်းစည်းကမ်း (၄၅) ခုရှိပါတယ်။ ဒီ (၄၅)ရဲ့ နံပတ် (၄၄) မှာ သင်္ကြန်မဏ္ဍပ် ရေကစားမဏ္ဍပ်များအား စီးပွားရေးဆန်ဆန် ရောင်းခြင်းကို ခွင့်မပြုပါ။ တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု ဖော်ပြထားပြီး ဖြစ်ပါတယ်။

နောက်တချက်ကတော့ အရက်သေစာတွေကို ဥပဒေမဲ့ရောင်းချလို့ မရနိုင်ပါဘူး။ ဒီအခြေအနေတွေကိုလည်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မဏ္ဍပ်တွေအားလုံးမှာ အလုံပိတ်အခန်းတွေ အားလုံးကို အရေးယူဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ဒီ့အပြင် CCTV ကင်မရာတွေနဲ့ Control လုပ်သွားမှာဖြစ်ပါတယ်။"

ရေကစားဖို့အတွက် ငွေပေးစရာမလိုတဲ့ မိသားစုမဏ္ဍပ်တွေနဲ့ စီးပွားရေးကုမ္ပဏီတွေရဲ့ မဏ္ဍပ်တွေကိုတော့ ခွင့်ပြုချက်နဲ့ ဆောက်လုပ်လို့ရကြမှာပါ။

မဏ္ဍပ်ဆောက်ချင်တဲ့သူတွေဟာ ခွင့်ပြုချက်လျှောက်လွှာကို မတ်လ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး တိုင်းဒေသကြီးအစိုးရထံ တင်ပြရမှာဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ မဏ္ဍပ်ဆောက်ခွင့် လျှောက်လွှာ ၇ စောင်ပဲ ရသေးတယ်လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ဒါ့အပြင် သင်္ကြန်ကာလတွင်းမှာ ဖျော်ဖြေကြမယ့် သံချပ်တွေနဲ့ ပတ်သက်လို့လဲ ရန်ကုန်တိုင်းအစိုးရက ကြိုတင်စိစစ်သွား မယ့်သဘောမျိုး ဝန်ကြီးချုပ်က အခုလိုပြောပါတယ်။

" သံချပ်တွေအားလုံးနဲ့ပတ်သက်ပြီးတော့ အကြောင်းအရာတွေအားလုံးအပေါ်မှာ တာဝန်ယူ၊ တာဝန်ခံမှုနဲ့ဆောင်ရွက်ကြရမှာပါဖြစ်ပါတယ်။ အဲ့ဒီ့တာဝန်ယူ၊ တာဝန်ခံမှုအားလုံးအတွက် သံချပ်တွေအတွက်ကို ကျနော်တို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ ထိခိုက်နစ်နာမယ့်အခြေအနေမျိုးကနေ စိစစ်ပြီးတော့ ဒီအခြေအနေ အပေါ်မှာ ကြိုတင်ပြီး အသိပေးသွားမှာဖြစ်ပါတယ်။ ကျနော်တို့က ဆရာလုပ်ဖို့တို့ ဒီဟာတွေကို အပေါ်ကနေ ဟိုလိုပြော ဒီလိုလုပ် ဆောင်ရွက်ဖို့ အစီအစဉ်မရှိပါဘူး။ ဒီမှာ တယောက်နဲ့တယောက်နဲ့ ရိုက်ခတ်မှု ဖြစ်ပေါ်လာခဲ့ရင် ဒီအခြေအနေကို ကျနော်တို့ကပဲ နှစ်ဘက်စလုံးအတွက် ဖြန်ဖြေပြီး အကောင်းဆုံးဖြစ်နိုင်တဲ့အတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေပါတယ်လို့ပဲ ဒီနေရာကနေ အသိပေးပြောပါရစေ။"

သံချပ်တွေ သီချင်းတွေဟာ ဒို့တာဝန် အရေးသုံးပါးကို ထိခိုက်မှု မရှိစေဖို့ အပါအဝင် ဘာသာရေး လူမျိုးရေးနဲ့ နိုင်ငံတော် အဖွဲ့အစည်း လူပုဂ္ဂိုလ်တဦးတယောက်ကို ထိခိုက်စေမယ့် စကား အသုံးအနှုန်းတွေ မပါစေဖို့အတွက် ရန်ကုန်တိုင်းဒေသ ကြီး မဟာသင်္ကြန် သီချင်း သံချပ် စိစစ်ကြပ်မတ်ရေး လုပ်ငန်းကော်မတီထံကို တင်ပြရမယ်လို့ မတ်လ ၂၃ ရက်နေ့စွဲနဲ့ ကော်မတီက ကြေညာချက်ထုတ်ထားပါတယ်။

သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း အများပြည်သူ သွားလာရေး အဆင်ပြေအောင်အတွက် ကားစင်းရေ ပိုတိုးပြေးဆွဲဖို့၊ ကားခတွေကို ပုံမှန်ထက်ပိုပြီးမတောင်းဖို့ ပြောထားတယ်လို့လဲ ဝန်ကြီးချုပ်ကဆိုပါတယ်။

ပြည်သူ့ရင်ပြင်လို အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာတော့ ဖျော်ဖြေရေးမဏ္ဍပ်တွေ ဆောက်လုပ်ခွင့် ပေးသွားမှာပါ။ ဆောက်လုပ်ချင်တဲ့သူတွေဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ အစိုးရထံကို တင်ပြရမှာဖြစ်ပြီး အစိုးရက ခွင့်ပြုတယ်ဆိုရင် အခွန်ကောက်မယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ရေကစားချိန်ကို စနစ်တကျသတ်မှတ်ပေးပြီး လုံခြုံရေးပိုင်းကို အထူးအာရုံစိုက် လုပ်သွားမယ်ဆိုတာလဲ ဝန်ကြီးချုပ်က ဆိုပါတယ်။ ရန်ကုန်မြို့တော်ခန်းမ ဗဟိုမဏ္ဍပ်အပါအဝင် ခရိုင် ၄ ခုမှာလဲ မဏ္ဍပ်တွေ ဆောက်လုပ်သွားမှာဖြစ်ပြီး ဗဟိုမဏ္ဍပ်အတွက် ကျပ် သိန်း ၂ ထောင်နီးပါးလောက် အကုန်အကျခံ ဆောက်လုပ်ဖို့ ခန့်မှန်းထားကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG