သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်လူသတ်မှုနှင့် Interpol အလိုရှိသူ Binotti စကော့တလန်မှာရောက်


နိုင်ငံတကာရဲတပ်ဖွဲ့က အလိုရှိနေတဲ့ ဗြိတိန်နိုင်ငံသား Harris Binotti
နိုင်ငံတကာရဲတပ်ဖွဲ့က အလိုရှိနေတဲ့ ဗြိတိန်နိုင်ငံသား Harris Binotti

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာ Scotland နယ်သား ကျောင်းဆရာတဦး သတ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့ အလိုရှိနေတဲ့ ဗြိတိန်နိုင်ငံသား Harris Binotti ကို Scotland နယ်၊ Glasgow မြို့က တိုက်ခန်းတခုမှာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အသက် ၂၆ နှစ်အရွယ် Harris Binotti ဟာ အဲဒီ တိုက်ခန်းမှာ Belgian နိုင်ငံသူ သူ့ရဲ့ ရည်စားဖြစ်သူနဲ့အတူ နေထိုင်နေတာလို့ Scotland အခြေစိုက် The Herald နဲ့ ဗြိတိန် အခြေစိုက် Daily Mail သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

အသက် ၄၇ နှစ်အရွယ်၊ Scot နယ်သား Gary Ferguson ကို ရန်ကုန်မြို့မှာ နိုဝင်ဘလာတုန်းက သေဆုံးခဲ့မှုအတွက် အလိုရှိသူအဖြစ် နိုင်ငံတကာ ရဲတပ်ဖွဲ့က အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

သူတို့ ၂ ဦးဟာ ရန်ကုန်မြို့မှာရှိတဲ့ Horizon အင်္ဂလိပ်စာ သင်တန်းကျောင်းမှာ စာသင်ခဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်နေ့က ရန်ကုန်မြို့လယ် ၃၉ လမ်း အလယ်ဘလောက် ပထမထပ် တိုက်ခန်း တစ်ခန်းမှာ Gary Ferguson ရဲ့ အလောင်းကို ဇနီးဖြစ်သူ ထိုင်းနိုင်ငံသူက Harris Binotti ရဲ့ တိုက်ခန်းအတွင်းမှာ တွေ့ခဲ့ရတာဖြစ်ကြောင်း ကျောက်တံတားမြို့နယ် ရဲစခန်းမှူး ဦးတိုးမြို့က ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တုန်းက ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။ အသတ်မခံရခင် Harris Binotti နဲ့ Gary Ferguson တို့ ၂ ဦးဟာ အရက်အတူ သောက်နေခဲ့တာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီ လူသတ်မှုဖြစ်ပြီးပြီးချင်း ဆိုသလိုပဲ Harris Binotti ဟာ ရန်ကုန်မြို့ကနေ လေကြောင်းလိုင်းတခုနဲ့ ထိုင်းနိုင်ငံကို ထွက်ခွာသွားတယ် ဆိုတာကို စစ်ဆေး တွေ့ရှိရတယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ရန်ကုန်မြို့မှာ အင်္ဂလိပ်စာ ကျောင်းဆရာ အလုပ်ကို မလုပ်ခင် Harris Binotti ဟာ အားလပ်ရက် ခရီးသွားလုပ်ငန်း၊ စကီးစီးတဲ့နေရာတွေ အားလပ်ရက် အပန်းဖြေသွားတဲ့လုပ်ငန်းနဲ့ ဟိုတယ် လက်ထောက်မန်နေဂျာ စတဲ့ အလုပ်တွေကို လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း The Herald သတင်းစာမှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရရဲ့ တောင်းဆိုချက်အရ နိုင်ငံတကာက အလိုရှိသူ - အနီရောင်အဆင့် သတိပေးချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတကာ ရဲတပ်ဖွဲ့ ပြောခွင့်ရ ပြောတာကို ကိုးကားပြီး The Herald သတင်းစာမှာ ဖော်ပြထားပါတယ်။

အနီရောင်အဆင့် သတိပေးချက်ဟာ မှုခင်းဖြစ်သွားခဲ့တဲ့ အဖွဲ့ဝင်နိုင်ငံ အစိုးရက ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်း ထုတ်ခံထားပြီး အဲဒီ ဝရမ်း ထုတ်ခံထားရတဲ့သူကို ဖမ်းဆီးပေးဖို့ တောင်းဆိုချက်အရ ပြစ်မှုကျူးလွန်ခဲ့တဲ့ တိုင်းပြည်ကို ပို့ပေးရတဲ့ ထုတ်ပြန်ချက်မျိုး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG