သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ လူသားချင်းစာနာမှု အကူအညီပေးဖို့ အီဂျစ်နယ်စပ် ပြန်ဖွင့်


ဂါဇာကမ်းမြောင်ဒေသနဲ့ ကပ်နေတဲ့ အီဂျစ်နယ်စပ်ကို လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ပို့ပေးနိုင်ဖို့ အီဂျစ်က နယ်စပ်ဂိတ်ကို ယာယီ ဖွင့်ပေးလိုက်ပါတယ်။ ဂါဇာကမ်းမြောင်က ရာဖာ (Rafah) နယ်စပ်ဂိတ်ကို ဖွင့်ဖို့ အီဂျစ်သမ္မတ ဟို့စ်နီ မူဘာရက်ခ် (Hosni Mubarak) က ဒီနေ့ အင်္ဂါနေ့မှာ အမိန့်ပေးလိုက်ပါတယ်။

လူ ၉ ယောက် သေဆုံးခဲ့ရတဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ သယ်လာတဲ့ သင်္ဘောကို နိုင်ငံတကာ ရေပိုင်နက်ထဲမှာ အစ္စရေး ကွန်မန်ဒိုတွေက တိုက်ခိုက်ခဲ့တဲ့ နောက်တရက်မှာပဲ အခုလို အီဂျစ်က နယ်စပ်ဂိတ်ကို ယာယီဖွင့်ပေးလိုက်တာ ဖြစ်ပါတယ်။

အစ္စရေးတို့ ၃ နှစ်ကြာ ပိတ်ဆို့ထားတဲ့ ဂါဇာကမ်းမြောင် ဒေသဆီကို လှုပ်ရှားသူ ၇၀၀ လောက် ပါလာတဲ့ သင်္ဘော ၆ စင်းက ထောက်ပံ့ရေး အကူအညီ တန်ချိန် ၁၀,၀၀၀ ကျော် သယ်ဆောင်လာစဉ်မှာ အစ္စရေး ကွန်မန်ဒိုတွေရဲ့ ဝင်ရောက်စီးနင်းမှု ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ ထင်သာမြင်သာရှိပြီး ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှု လုပ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တောင်းဆိုပါတယ်။ ဘယ်လိုလုပ်ရပ်ရယ်လို့ တိတိကျကျ မပြောပေမဲ့ သေဆုံးမှုတွေ ရှိခဲ့တဲ့ လုပ်ရပ်အတွက် လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံကြား အရေးပေါ် ညှိနှိုင်းမှုတွေကို နာရီပေါင်းများစွာ ကြာအောင် လုပ်ခဲ့ကြပြီးနောက်မှာ ဒီလုပ်ရပ်ကို အပြစ်တင်ပါတယ်။

အစ္စရေးတို့ ဖမ်းသွားတဲ့ အရပ်သားတွေနဲ့ သင်္ဘောတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့လည်း လုံခြုံရေးကောင်စီက တောင်းဆိုခဲ့ပါတယ်။

XS
SM
MD
LG