သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ကျောက်စိမ်းနဲ့ ဗိုလ်ချုပ်ကြီးများ မှတ်တမ်းရုပ်ရှင် ပြသခွင့်မရ


Jade and Generals- ကျောက်စိမ်းနဲ့ ဗိုလ်ချုပ်များ
Jade and Generals- ကျောက်စိမ်းနဲ့ ဗိုလ်ချုပ်များ

ကျောက်စိမ်းနဲ့ ဗိုလ်ချုပ်များ ဆိုတဲ့ Global Witness ရဲ့ မှတ်တမ်းရုပ်ရှင်ကားကို ရန်ကုန်မြို့က Park Royal ဟိုတယ်က တားမြစ်တာကြောင့် ပြသမယ့် အစီအစဉ်ပျက်သွားပါတယ်။ ရန်ကုန် အစိုးရရဲ့ ခွင့်ပြုချက် မရှိလို့ ပြသခွင့် မပေးနိုင်ဘူးလို့ ဟိုတယ်က ပြောပေမယ့် အာဏာပိုင်တွေ တကယ်တန်း ညွှန်ကြားခဲ့သလားဆိုတာကိုတော့ တိတိကျကျ မသိဘူးလို့လည်း Global Witness က ပြောဆိုပါတယ်။ မှတ်တမ်း ရုပ်ရှင်ပြသခွင့် တားမြစ်ခံရပေမယ့် အင်တာနက် အွန်လိုင်းပေါ်မှာတော့ ဒီမှတ်တမ်းရုပ်ရှင်ကားတိုကို ဒီကနေ့ တင်လိုက်ပြီ ဖြစ်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

Jade and Generals- ကျောက်စိမ်းနဲ့ ဗိုလ်ချုပ်များ ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကားမှာ ကချင်ဒေသခံ အမျိုးသမီးတဦး ရင်ဖွင့်သွားတာပါ။ ဒီမှတ်တမ်းရုပ်ရှင်ကားတိုကို ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ပြသဖို့ အတွက် သတင်းထောက်တွေ ဧည့်သည်တွေကို ဖိတ်ကြားပြီး လူစုံတက်စုံ ရောက်လာတော့မှာ ဟိုတယ်က ပြခွင့်မပေးနိုင်ဘူးလို့ ငြင်းခဲ့တာဆိုပြီး Global Witness ရဲ့ မြန်မာဆိုင်ရာ စည်းရုံးရေးခေါင်းဆောင် Paul Donowitz က အခုလို ပြောပါတယ်။

"ဒီကနေ့ ရုပ်ရှင် ပြသဖို့နဲ့ အွန်လိုင်းပေါ်ကနေ ဖြန့်ဝေဖို့ စီစဉ်ထားတာပါ။ နေ့လည် ၁ နာရီမှာ ဟိုတယ်ရဲ့ ဧည့်ကြိုကောင်တာကနေ ကျနော်တို့ကို ဟိုတယ်မှာ ဒီရုပ်ရှင်ကို ပြသခွင့် မပြုဘူးလို့ ပြောပါတယ်။ ကျနော်တို့က ရန်ကုန်တိုင်းဒေသကြီး အစိုးရထံကနေ ခွင့်ပြုချက် မရှိလို့လို့ အကြောင်းပြချက် ပေးပါတယ်။ မှတ်တမ်း ရုပ်ရှင်ကို ပြခွင့် မပေးဖို့ အာဏာပိုင်တွေ ဘက်က ဟိုတယ်ကို ညွှန်ကြားခဲ့သလားဆိုတာနဲ့ ပတ်သက်လို့တော့ ကျနော်တို့ မသိပါဘူး။ အာဏာပိုင်တွေ ညွှန်ကြားတယ်ဆိုတဲ့ အချက်အလက်တွေတော့ ကျနော်တို့မှာ မရှိပါဘူး။ ကျနော်တို့ မသိပါဘူး။ ဒီမှတ်တမ်း ရုပ်ရှင် ပြသခွင့် ရဖို့တော့ အာဏာပိုင်တွေဆီက ခွင့်ပြုချက် တောင်းမယ့် အစီအစဉ် မရှိပါဘူး။"

ကချင်ပြည်နယ်က ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေက မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပေါ်မှာ သက်ရောက်မှု ရှိနေတယ်။ ဒီကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းတွေရဲ့ နောက်မှာ စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ အာဏာကြီးသူတွေ ပါဝင်ပတ်သက်နေတယ်လို့ Global Witness ရဲ့ Jade and Generals မှတ်တမ်း ရုပ်ရှင်ကားမှာ ပြောဆိုထားတာပါ။ ကချင်ဒေသ တိုက်ပွဲတွေ၊ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေ အပေါ် ကချင် ဒေသခံတွေ၊ ကချင်ပြည်နယ်က အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ယူဆချက်တွေ ကိုယ်တွေ့ ဖြစ်ရပ်တွေကို စုစည်းတင်ပြထားတဲ့ ကျောက်စိမ်းနဲ့ ဗိုလ်ချုပ်များ မှတ်တမ်း ရုပ်ရှင်ကားကိုတော့ YouTube မှာ မြန်မာဘာသာနဲ့ရော အင်္ဂလိပ် ဘာသာနဲ့ပါ ဒီကနေ့ လွှင့်တင်လိုက်တာပါ။

ကျောက်စိမ်းနဲ့ ဗိုလ်ချုပ်များ - Jade and General လို့ အမည်ပေးထားပြီး စစ်တပ်နဲ့ ကျောက်စိမ်းလုပ်ငန်းတွေကြား အဆက်အစပ်ကို ရိုက်ကူးထားတယ်ဆိုတာကြောင့် ဟိုတယ် အနေနဲ့ စိုးရိမ်ပြီး အခုလို ပိတ်ပင်တာလို့ ယူဆတဲ့ အကြောင်းလည်း Global Witness ရဲ့ မြန်မာဆိုင်ရာ စည်းရုံးရေးခေါင်းဆောင် Paul Donowitz က ပြောပါတယ်။

"ဒီမှတ်တမ်း ရုပ်ရှင်တိုမှာက စစ်တပ်နဲ့ ဆက်နွယ်ပတ်သက်နေတဲ့ အာဏာရှိသူတွေနဲ့ ဆက်စပ်နေတယ်လို့ ပြောဆိုထားတော့ သူတို့ဘက်က စိုးရိမ်မှုကို ကျနော်တို့ နားလည်လို့ ရပါတယ်။ ဟိုတယ်ရဲ့ စီးပွားရေး အကျိုးစီးပွားကို ထိခိုက်ကောင်း ထိခိုက်နိုင်ပါတယ်။ သူတို့ အကျိုးစီးပွား ထိခိုက်နိုင်တဲ့ အပေါ် စိုးရိမ်ကောင်း စိုးရိမ်တာ ဖြစ်နိုင်ပါတယ်။ ဒါက သူတို့ရဲ့ အဓိက စိုးရိမ်ချက်ပါ။့ သူတို့ အန္တရာယ် ရှိနိုင်တာကို မစွန့်စားချင်ပါဘူး။ စစ်တပ်နဲ့ အာဏာပိုင်တွေ စိတ်ဆိုး ဒေသထွက်မှာစိုးလို့ ဒီရုပ်ရှင်ကို မပြဖို့ တားတာလို့ ကျနော်တို့ကတော့ ယူဆပါတယ်။"

ကျောက်စိမ်းတူးဖော် ထုတ်လုပ်မှုကနေ ရတဲ့ ဝင်ငွေက ၂၀၁၄ တနှစ်ထဲမှာတင် ဒေါ်လာ သန်း ၃ သောင်းကျော် ရှိတယ်လို့ ပြောဆိုထားတဲ့ Global Witness အဖွဲ့ကြီးရဲ့ ကျောက်စိမ်း-မြန်မာ့ အကြီးမားဆုံး နိုင်ငံတော် လျို့ဝှက်ချက်ဆိုတဲ့ ၂၀၁၅ ခုနှစ်က အစီရင်ခံစာမှာလည်း ဒီငွေတွေကို ဘယ်သူတွေပိုင်ဆိုင်ထားသလဲ ဆိုတာကို ထောက်ပြထားတာပါ။

ကမ္ဘာတဝန်းက အဆိုးရွားဆုံး သဘာ၀ ပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေး ယိုယွင်း ချိုးဖောက်မှုတွေထဲက အများအပြားဟာ နိုင်ငံတွေရဲ့ သဘာ၀ အရင်းအမြစ် ထုတ်လုပ်ရယူမှု၊နိုင်ငံရေးနဲ့ စီးပွားရေး စနစ်တွင်းက ချစားမှုတွေကြောင့် ဖြစ်တယ်လို့ Global Witness က ယူဆပြီး ဒါကို အဆုံးသတ်နိုင်ဖို့ လှုပ်ရှားဆောင်ရွက်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG