သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂရိနယ်ခြားရောက် ရွှေ့ပြောင်းအခြေချသူများကို ဖယ်ရှား


ဂရိနိုင်ငံ Macedonian နဲ့ နယ်ခြား Idomeni ကျေးရွာက ဒုက္ခသည်စခန်းမှာ လက်လုပ်တဲတွေနဲ့ ဖြစ်သလို နေနေတဲ့ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေကို တနင်္လာနေ့မှာ ဂရိအာဏာပိုင်တွေ စတင် ရွှေ့ပြောင်းနေပါတယ်။

သူတို့ကို လက်ရှိ စခန်းထက် ပိုပြီး အခြေတကျ နေနိုင်မယ့် ဂရိနိုင်ငံအတွင်းက စခန်းတွေဆီ ခေါ်သွားတာပါ။ ရွှေ့ပြောင်းအခြေချသူ တော်တော်များများကတော့ အနောက်ဥရောပမှာ ပိုမို ကောင်းမွန်တဲ့ ဘဝကို တည်ဆောက်နိုင်ရေး တရားမဝင် လမ်းကြောင်းတွေကနေ ခရီးဆက်နိုင်ဖို့ ကြိုးစားနေတဲ့အကြောင်း Henry Ridgwell သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး က တင်ပြထားပါတယ်။

ဂရိနိုင်ငံ Idomeni ကျေးရွာ ဒုက္ခသည်စခန်းက ဒုက္ခသည် ၈၅၀၀ ထဲမှာ စခန်းရောက်မှ မွေးတဲ့ ကလေးတွေလည်း ဒါဇင်နဲ့ချီ ရှိနေပါတယ်။ ဥရောပအနောက်ပိုင်းမှာ ကလေးတွေကို ကြီးပြင်းတဲ့အထိ စောင့်ရှောက်မယ်လို့ မိဘတွေ မျှော်လင့်ခဲ့ကြတာပါ။ သူတို့ အခုတော့ နောက်ပြန်လှည့်နေရပါပြီ။ ဂရိနိုင်ငံကို ပြန်သွားနေရပါပြီ။ ဆီးရီးယားဒုက္ခသည် တယောက်ဖြစ်တဲ့ Alia Mohamad က အခုလို ပြောပါတယ်။

“ကျနော့်ကလေးရဲ့ အနာဂတ် ပျောက်ဆုံးသွားပါပြီ။ ဒီအခြေအနေ ကျနော်တို့ ဖြတ်သန်းနေရတဲ့ အနေအထားမှာ အနာဂတ်ရှိတယ်လို့ ကျနော် မယုံကြည်ပါဘူး။ ဒီလိုအခြေအနေမှာ ကျနော့် ကလေး ကြီးပြင်းတဲ့အတွက် ကျနော် အကြီးအကျယ် စိတ်ပျက်မိပါတယ်။ ကလေးရဲ့ စိတ်ပိုင်းရုပ်ပိုင်းရော ကျနော်တို့ရဲ့ စိတ်ပိုင်းရုပ်ပိုင်းရော အကြီးအကျယ် ထိခိုက်ရပါတယ်။”

Macedonia က နယ်ခြားတွေကို မတ်လကတည်းက ပိတ်ထားခဲ့တာပါ။ ဒါပေမဲ့ ဒုက္ခသည်တွေက တနေ့ ရှေ့ခရီးဆက်လို့ ရဦးမယ်လို့ မျှော်လင့်ထားခဲ့ကြတာပါ။ Idomeni ဒုက္ခသည်စခန်းဟာ ဒုက္ခသည်တွေရဲ့ အကြပ်အတည်း စိတ်ပျက်စရာ အကောင်းဆုံးအခြေအနေကို သင်္ကေတပြု ပြောရမယ့် နေရာတခု ဖြစ်နေပြီဆိုပြီး အကူအညီပေးရေး အဖွဲ့ဝင်တဦးဖြစ်တဲ့ Dan Stewart က ပြောပါတယ်။

“သူတို့အခြေအနေကို ဘယ်သူမှ မသိကြတော့ဘူးဆိုပြီး ဒုက္ခသည်တွေ စိုးရိမ်နေပါတယ်။ ဒါကြောင့်လည်း တနေရာထဲမှာ မရှိဘဲ ပျံ့ကျဲနေပါတယ်။ အခုလူတွေကို ပြောင်းရွှေ့တာမျိုး ကျနော်တို့ လက်မခံပါဘူး။ ဂရိမှာရောက်နေတဲ့သူတွေကို သူတို့ လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်ဖို့ သိပ်ကို အရေးကြီးပါတယ်။ သူတို့ ခိုလှုံခွင့်တောင်းတာကို ကြားနာ စစ်ဆေးပေးရပါလိမ့်မယ်။”

ဂရိနိုင်ငံကတော့ ဒုက္ခသည်တွေကို ပြောင်းရွှေ့တဲ့အခါ အကြမ်းဖက်တဲ့ နည်းလမ်းတွေကို မသုံးပါဘူးဆိုပြီး တလျှောက်လုံး ပြောနေတာပါ။ အာဏာပိုင်တွေက စခန်းကို ရှင်းပြီး လမ်းတွေ ပြန်ဖွင့်ချင်နေသလို၊ ဥရောပနဲ့ ရထားလမ်း ပြန်ဖွင့်ဖို့လည်း လိုလားနေကြပါတယ်။ ဂရိရထားလမ်း ကုမ္ပဏီဝန်ထမ်းတဦးဖြစ်တဲ့ Anastasios Sahpakidis ကတော့ အခုလို ပြောပါတယ်။

“လူတွေက သူတို့ဘာသာသူတို့ ထွက်သွားနေကြတာပါ။ ဘယ်သူမှ နှင်ထုတ်တာ မဟုတ်ပါဘူး။ ကျန်နေတဲ့သူတွေက မီးရထားလမ်းကို ရှင်းဖို့၊ ဘေးက စခန်းကို ရှင်းဖို့ ကျန်နေတာပါ။”

မြောက်ပိုင်း Thessaloniki မြို့ဝန်းကျင်မှာ ဆောက်ထားတဲ့ စခန်းသစ်တွေဆီကို ဒုက္ခသည်တွေ ပြောင်းရွှေ့နေတာပါ။ ဒါပေမဲ့ ဒီလို ရွှေ့ပြောင်းတာက ရေရှည်ခံမယ့် အဖြေမဟုတ်ဘူးလို့ အကူအညီပေးရေး အဖွဲ့ဝင်တွေက ပြောပါတယ်။ ကယ်ဆယ်ရေး ဝန်ထမ်းတဦးဖြစ်တဲ့ Dan Stewart က အခုလို ပြောပါတယ်။

“ဂရိနဲ့ အီတလီ ကနေ ပြောင်းရွှေ့ အခြေချတာကို လက်ခံဖို့အတွက် အုပ်စု တကယ့် နည်းနည်းလေးကိုပဲ ဥရောပဘက်က ကတိပေးထားတာပါ။ တကယ်လည်း နည်းနည်းပဲ ရွှေ့နိုင်ပါသေးတယ်။ ဒီထက်ပိုပြီး လုပ်ပေးဖို့ အရေးကြီးပါတယ်။”

အခုတော့ ရွှေ့ပြောင်းအခြေချသူ တော်တော်များများ အနောက်ဥရောပကို အရောက်သွားရေး မျှော်လင့်ချက်ကို လက်မလျှော့ကြပါဘူး။ ဆီးရီးယား ဒုက္ခသည်တယောက်ဖြစ်တဲ့ Mazen Altahhan ကတော့ - ဒီမှာ သုံးလနေပြီးရင် နောက် တဆင့် Serbia ကို တရားမဝင်တဲ့ လမ်းကြောင်းကနေ သွားမယ်လို့ ဆိုပါတယ်။

Serbia နိုင်ငံ Belgrade မြို့ကို ဒုက္ခသည် ၂၀၀ လောက် နေ့စဉ်ရောက်နေပါတယ်။ အများစုက ဘူဂေးရီးယား (Bulgaria) နိုင်ငံကတဆင့် ရောက်လာတာပါ။ လူမှောင်ခိုကူးသူတွေရဲ့လက်ထဲ ရောက်ချင်ရောက်ပါစေဆိုပြီး စွန့်စွန့်စားစား ဆက်နေတဲ့သူတွေလောက်ပဲ အနောက်ဥရောပကို သွားနိုင်မယ့် လမ်းပေါ်မှာ ဆက်ကျန်ရှိနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG