သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဋိဇီဝဆေးသစ်တွေ လိုအပ်နေပြီ


ပဋိဇီဝဆေးဝါးသစ်တွေကို နောက်ထပ် အချိန်မီ မထုတ်နိုင်ခဲ့ရင် သာမန်ရောဂါကူးစက်မှုတွေကနေ လူတွေသေဆုံးနိုင်ပါတယ်။ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာတော့ - သိပ္ပံပညာရှင်တွေအနေနဲ့ ပဋိဇီဝဆေးသစ်တွေကို သုတေသနပြု ထုတ်လုပ်ဖို့နဲ့ အစိုးရတွေအနေနဲ့ ရန်ပုံငွေတွေ ပံ့ပိုးပေးကြဖို့ အရေးပေါ် တောင်းဆိုလိုက်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Carol Pearson ဝါရှင်တန်ကနေ ပေးပို့ထားတဲ့ သတင်းလွှာကို မနန္ဒာချမ်း က တင်ပြထားပါတယ်။

ကမ္ဘာကြီးဟာ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ရောဂါပိုးကူးစက်မှုတွေကြောင့် သေ ဆုံးရမယ့် ကာလတခုကို ချဉ်းနင်းဝင်ရောက်လာနေပါတယ်။ ဒီလိုအခြေအနေအပေါ် တက္ကဆက်တက္ကသိုလ်၊ အနောက်တောင်ပိုင်း ဆေးပညာဌာနက Dr. Trish Perl တို့လို ဆရာဝန်တွေ စိုးရိမ်နေကြပါတယ်။

“ပဋိဇီဝဆေးတွေ မရှိခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၊ ၇၀၊ ၈၀ လောက်တုန်းက ဆေးပညာကို လူတွေ ချက်ခြင်း သဘောပေါက် သွားကြပါလိမ့်မယ်။”

လူသားတွေကျန်းမာရေးကို အကြီးအကျယ် ခြိမ်းခြောက်နေတဲ့ ဘက်တီးရီးယားပိုးကို တိုက်ဖျက်ဖို့အတွက် ပဋိဇီဝဆေးဝါးသစ်တွေ အရေးပေါ် လိုအပ်နေတာပါ။ လူအိုရုံတွေမှာ နေထိုင်ကြသူတွေ၊ ဆေးရုံလူနာတွေနဲ့ ကလေးတွေကတော့ အန္တရာယ် အများဆုံးပါ။ ကလေးတွေဟာဆိုရင် လူကြီးတွေထက် ခန္ဓာကိုယ်တွင်းခုခံစွမ်းအား နည်းကောင်းနည်းနိုင်ပြီး၊ လူကြီးတွေကို ပေးတဲ့ ပမာဏထက်လည်း ကလေးတွေဟာ ပဋိဇီဝဆေး သောက်ရတဲ့ ပမာဏ ပိုနည်းပါတယ်။ အမေရိကန် ရောဂါထိန်းချုပ်ရေးဌာနက Dr. Michael Bell ကတော့ -

“ပဋိဇီဝဆေးတွေကို အချိန်မရွေး ရနိုင်တဲ့ အကြာဆုံးကာလတခု ရှိခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း တခုမရှိတော့ဘူးဆိုရင် နောက်တခုကို ပြောင်းသုံးကြတာပါပဲ။”

ဒါပေမဲ့လည်း ၂၀၁၀ ပြည့်နှစ်ကစလို့ အမေရိကန်မှာ ပဋိဇီဝဆေးသစ်တွေ ထုတ်လုပ်ဖို့ ပြန်စခဲ့ရတာပါ။ အမေရိကန် ကျန်းမာရေးနဲ့ လူသားအရင်းအမြစ်ဌာနက ပါမောက္ခ Joe Larsen ကတော့ အခြေအနေဟာ အရင်နဲ့မတူတော့ဘူးလို့ ဆိုပါတယ်။

“ပဋိဇီဝဆေးတွေ ရှိနေဆဲဖြစ်ပေမဲ့ - လုံလောက်တဲ့ အရေအတွက်အထိတော့ မရှိတော့ပါဘူး။ ပဋိဇီဝဆေး မတိုးတော့တဲ့ ဘက်တီးရီးယားတွေ ပိုများလာတဲ့နှုန်းကို ကာကွယ်ဖို့ မလုံလောက်တော့ပါဘူး။”

လက်ရှိပဋိဇီဝဆေးတွေဟာ သာမာန်ဆေးမတိုးတဲ့ အခြေအနေကိုလည်း ကုသနိုင်စွမ်း မရှိကြတော့ပါဘူး။ ဘက်တီးရီးယားပိုးတွေကလည်း သူတို့ကို တိုက်ဖျက်မယ့် ဆေးတွေကို ခံနိုင်ရည်ရှိတဲ့ နည်းလမ်းသစ်တွေ အမြဲတမ်း ရှာဖွေနေကြသလို၊ ခံနိုင်ရည်ရှိတဲ့ အခါမှာတော့ ဆေးမတိုးတဲ့ အဆင့်ကို ရောက်လာပါတယ်။ ဆေးမတိုးတဲ့ ပြဿနာဟာ ဆေးပညာလောကအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတခု ဖြစ်လာနေပြီလို့လည်း အမေရိကန် ရောဂါထိန်းချုပ်ရေးဌာနက Dr. Laurie Hicks ကပြောပါတယ်။

“ပဋိဇီဝဆေးမတိုးတော့တဲ့ ရောဂါကူးစက်ခံရမှုဖြစ်ရပ်ပေါင်း ၂ သန်းကျော်ကို အမေရိကန် တနိုင်ငံတည်းမှာတင် နှစ်စဉ် မြင်တွေ့နေရပါတယ်။ အဲဒီထဲကမှ ၂ သောင်း ၃ ထောင်လောက်ဟာ သေဆုံးကြရတာပါ။”

ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာန (CDC) ကတော့ - ပဋိဇီဝဆေးတွေကို အလွန်အကျွံ မသုံးဘဲ သတိထားကြဖို့ ဆေးရုံတွေနဲ့ ဆရာဝန်တွေကို တောင်းဆိုထားပါတယ်။ ဒါပေမဲ့လည်း အလွန်အကျွံသုံးစွဲမှုအပြင် ဆေးတွေအာနိသင် လျော့ကျရတဲ့ တခြား အကြောင်းတွေလည်း ရှိပါတယ်။

“ပဋိဇီဝဆေး မတိုးတော့တာဟာ ပဋိဇီဝဆေး အလွန်အကျွံ သုံးစွဲမှုကြောင့်ပဲတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တကိုယ်ရေသန့်ရှင်းမှုမရှိတဲ့အတွက် ရောဂါကူးစက်ပျံ့နှံ့စေသလို - ညစ်ပတ်နေတဲ့ အပေါ်ယံ အရေပြားတွေကနေ မရည်ရွယ်ဘဲ ထိတွေ့မှုကနေလည်း ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ကိုလည်း တပြိုင်တည်းလုပ်ဖို့ အရေးကြီးပါတယ်။”

ဆေးမတိုးတဲ့ ပြဿနာအတွက် လူနာတွေလည်း တဖက်တလမ်းက ကူညီနိုင်ကြပါတယ်။ လူနာတွေအနေနဲ့ ရောဂါသက်သာသွားရင်တောင်မှ - ညွှန်ကြားတဲ့အတိုင်း ပဋိဇီဝဆေးကို သတ်မှတ်ထားတဲ့ရက် ပြည့်တဲ့အထိ သောက်ဖို့ CDC က သူတို့ရဲ့ ဝပ်ဆိုဒ်ပေါ်မှာ တိုက်တွန်းထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပဋိဇီဝဆေးမတိုးတော့တဲ့ ကပ်ဆိုးကြီးနဲ့ကြုံရမယ့် ခေတ်တခေတ်ကို တားဆီးနိုင်ဖို့အတွက်ကတော့ တကမ္ဘာလုံး အတိုင်းအတာနဲ့ အကြီးတရေး ဆောင်ရွက်ဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။

ပဋိဇီဝဆေးသစ်တွေ လိုအပ်နေပြီ
please wait

No media source currently available

0:00 0:03:25 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG