သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးသူငယ် ပန်းနာရင်ကျပ်ထ အရေးပေါ်ဖြစ်ခြင်း


တိုက်ရိုက် လင့်ခ်


ကလေးငယ်တွေမှာ ပန်းနာရင်ကျပ်ထ အရေးပေါ်ဖြစ်တာတွေ ဆောင်းတွင်းနဲ့ မိုးတွင်းမှာ ပိုဖြစ်လေ့ရှိတယ်လို့ ကလေးအထူးကုဆရာဝန်တွေက သတိပေးပြောဆိုကြပါတယ်။

ပန်းနာရင်ကျပ်ထပြီး အရေးပေါ်ဖြစ်ရခြင်း အကြောင်းရင်းက အအေးမိ နှာစေး၊ ချောင်းဆိုးပြီး အသက်ရှုလမ်းကြောင်းက လေပြွန်တွေ ယောင်ရမ်းတာ ရုတ်တရက် ပိုဆိုးပြီး ကျဉ်းသွားလို့ အဓိက ဖြစ်ရတာပါ။ အနံ့မတည့်တာ၊ ဆေးမတည့်တာ၊ အစားအသောက် (အထူးသဖြင့် အသားဓာတ်ဖြစ်တဲ့ အသား၊ ငါး၊ ဥ၊ နို့ စတာတွေ) မတည့်တာ၊ တိရစ္ဆာန် အမွှေးတွေနဲ့ မတည့်တာတွေကြောင့်လဲ ဖြစ်တတ်ပါတယ်။

ပန်းနာရင်ကျပ်အခံရှိထားတဲ့ ကလေးတွေဟာ အသက်ရှုမဝဘဲ လေသံတရွှီးရွှီးမြည်အောင် အသက်ရှုတတ်ပြီး ချောင်းလဲ သာမန်ထက် ပိုဆိုးတတ်ပါတယ်။ ဒီလက္ခဏာတွေက ပြေးလွှားလှုပ်ရှားကစားချိန်မှာ ဖြစ်လာတတ်တာပါ။ ဒီကလေးတွေမှာရှိထားတဲ့ ပန်းနာရင်ကျပ်ထလာပြီး အရေးပေါ်ဖြစ်လာရင်တော့ အသက်ရှုပိုမြန်လာတာ၊ အသက်ရှု ဖုတ်လိုက်ဖုတ်လိုက် ဖြစ်လာတာ၊ ချောင်းပိုဆိုးလာတာ၊ စကားဆက်တိုက် မပြောနိုင်တော့တာနဲ့ သွေးခုန်နှုန်းမြန်လာတာတွေ ဖြစ်လာတတ်ပါတယ်။ သိပ်ဆိုးရင် တခါတရံမှာ သွေးခုန်နှုန်း ပျောက်သွားတတ်ပါတယ်။

အခုလို အရေးပေါ်အဆင့် မရောက်အောင် ရင်ကျပ်စဖြစ်လာချိန်မှာ Steroid ဟော်မုန်းပါတဲ့ လေပြွန်အယောင်ကျဆေး ရှုဆေးနဲ့ အဓိက ထိန်းထားနိုင်ပါတယ်။ အခုလို ထိန်းထားခြင်းဖြင့် အအေးမိ နှာစေးချောင်းဆိုးတာနဲ့ မတည့်တာတွေဝင်လာတာကြောင့် ရုတ်တရက် လေပြွန်တွေပိုယောင်အောင် တုံ့ပြန်မှုများလွန်းသွားနိုင်တာကို ကာကွယ်နိုင်လို့ပါ။ ကလေးငယ်တွေအတွက် စက်နဲ့ရှုတာ(Nebulizer)၊ ကြားခံပစ္စည်းနဲ့ ရှုတာတွေလဲ လုပ်ပေးနိုင်ပါတယ်။ ဒီရှုဆေးတွေက အသက်ရှုလမ်းကြောင်းထဲ တိုက်ရိုက် အမြန်ရောက်ပြီး အနည်းငယ်သာပေးဖို့လိုတာကြောင့် ထိုးဆေးစားဆေးတွေထက် အခုချိန်မှာ ပိုထိရောက်လာပါတယ်။ ဒါပေမဲ့ ရှုပုံရှုနည်း မှန်ကန်အောင် သင်ထားပေးဖို့လိုပါတယ်။ ဒါပေမဲ့ ရင်ကျပ်ထတာ အရေးပေါ်အဆင့်ဖြစ်လာရင်တော့ လေပြွန်ကျယ်စေတဲ့ ရင်ကျပ်ပျောက်ဆေး (Salbutamol) ရှုဆေးအမြန်ပေးပြီး၊ အမြန်ဆုံး ဆေးရုံ၊ ဆေးခန်း ပို့သင့်ပါတယ်။ တချိန်ထဲမှာ လေပြွန် အယောင်ကျဆေး စားဆေးလဲ တွဲသုံးနိုင်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်းက ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ပညာဌာန အငြိမ်းစား ဌာနမှူးပါမောက္ခ ဒေါက်တာစောဝင်း ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG