သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွေးလွန်တုပ်ကွေး အဖြစ်များလာခြင်း


တိုက်ရိုက် လင့်ခ်


ဒီနှ်စ်ထဲအတွင်း မြန်မာနိုင်ငံမှာ သွေးလွန်တုပ်ကွေးဟာ ကပ်ရောဂါပုံစံ အဖြစ်များလာပြီး၊ သေဆုံးမှုလည်း များလာတာမို့ အထူးဂရုပြုကြဖို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးပြောဆိုနေပါတယ်။

မိုးရာသီမှာ အဖြစ်များလေ့ရှိတဲ့ သွေးလွန်တုပ်ကွေးရောဂါက (၂) နှစ် (၃) နှစ် တကြိမ် ကပ်ရောဂါအသွင် ဆိုးလာတတ်တတ်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ ကပ်ရောဂါပုံစံ ဖြစ်ခဲ့ပြီး၊ အခု (၄) နှစ်အကြာ ဒီနှစ်မှာ ထပ်ဖြစ်လာတာပါ။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းနောက်ပိုင်း ရာသီဥတုဖောက်ပြန်လာတာ၊ သွေးလွန်တုတ်ကွေးခြင်ကြား ပေါက်ဖွားမှုများစေတဲ့ ပူအိုက်စွတ်စိုတဲ့ ရာသီ တစ်နှစ်လုံးနီးပါးဖြစ်လာတာနဲ့ သစ်ပင်သစ်ရိပ်ပြုန်းတီးမှုကြောင့် ယခင်အဲ့ဒီမှာ ခိုအောင်းနေလေ့ရှိတဲ့ သွေးလွန်တုပ်ကွေးခြင် အမျိုးအစား မြို့ထဲရောက်လာတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ အခုလို အချိန်မှာ ဒီခြင်တွေများလာတဲ့ မြို့ပြမှာ လူတွေကလည်း ရွေ့ပြောင်းနေထိုင်တာ ပိုများလာတာလည်း ဖြစ်နိုင်ပါတယ်။

ဒီရောဂါ အခုလို အဖြစ်များလာတာကို လျော့ချနိုင်ဖို့ သွေးလွန်တုပ်ကွေး ခြင်ကြား နှိမ်နင်းဖို့နဲ့ အကိုက်မခံရအောင် ကာကွယ်ဖို့ အရေးကြီးပါတယ်။ ဒီခြင်ကိုက်တတ်တဲ့ မနက်စောစော၊ နေ့ဖက်နဲ့ ညနေဖက်တွေမှာ ခြင်အကိုက်မခံရအောင် အဝတ်အစား လက်ရှည်၊ ခြေဖုံး တူတူဝတ်တာ။ ခြင်ကြိုက်တဲ့ အနီရောင် အနက်ရောင် အဝတ်အစားတွေ မဝတ်တာ၊ ခြင်ထောင်ထောင်အိပ်တာတွေ လုပ်ပေးသင့်ပါတယ်။ ခြင်ကို နှိမ်နင်းဖို့ကတော့ ခြင်မအုနိုင်အောင် ခြင်အုချတတ်တဲ့ ရေကြည်တွေကို ဖုံးအုပ်၊ ဖယ်ရှားတာတွေ လုပ်ပေးသင့်ပြီး၊ ပိုးလောက်လန်းစားတဲ့ ငါးတွေမွေးမြူထားတာနဲ့၊ ခြင်ကြီးတွေအတွက် ခြင်ဆေးနဲ့ ပိုးသတ်ဆေးဖြန်းတာတွေ လုပ်ပေးသင့်ပါတယ်။

သွေးလွန်တုပ်ကွေးကြောင့် သေဆုံးမှုများလာတာ လျော့ချနိုင်ဖို့ အဖြစ်များနိုင်သူတွေနဲ့ သွေးလွန်တုပ်ကွေး ဝင်ရောက်တဲ့ အဆင့် (၃) ဆင့်ကို သိထားပြီး အဆင့်လိုက် လက္ခဏာတွေကို အထူး စောင့်ကြည့်ကာ လိုအပ်ချိန်မှာ ဆေးရုံ အမြန်တင်နိုင်ဖို့ အထူး အရေးကြီးပါတယ်။ အဖြစ်များသူတွေကတော့ (၁၅) နှစ်အောက် (မြန်မာနိုင်ငံမှာ ၅ နှစ်နဲ့ ၉ နှစ်အကြား) ဖြစ်တာမို့ ဒီကလေးတွေ ဖျားလာရင် သွေးလွန်တုပ်ကွေး ဖြစ်နိုင်တာကို သတိထားပါ။ ဒါပေမဲ့ အသက်အရွယ် အပိုင်းအခြားမရွေးလဲ ဖြစ်နိုင်ပါတယ်။ ရောဂါလက္ခဏာတွေစောင့်ကြည်ဖို့ သတိပြုရမဲ့ အဆင့် (၃) ဆင့်ကတော့ ပထမ သွေးလွန်တုပ်ကွေး စဝင်တဲ့အဆင့်၊ နောက်တဆင့်က သွေးစယိုတဲ့အဆင့်နဲ့ နောက်ဆုံးအဆင့်ကတော့ သွေးလန့်တဲ့အဆင့်တွေ ဖြစ်ပါတယ်။ ဒီအဆင့်လိုက် အသေးစိတ် လက္ခဏာတွေနဲ့ သွေးလွန်တုပ်ကွေး ခြင်နှိမ်နင်းရေး အသေးစိတ်တွေကို ရှေ့အပတ်မှာ ပြောပြပေးမှာပါ။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က အထွေထွေဆေးကုသမှု သမားတော်ကြီး ဒေါက်တာ မင်းစိုးဦး ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG