သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သက်ကြီးရွယ်အို စိတ်ကျရောဂါ


သက်ကြီးရွယ်အို စိတ်ကျရောဂါ
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်


သက်ကြီးရွယ်အိုတွေမှာ စိတ်ကျရောဂါအဖြစ်များလာပြီး တချို့တွေ သေဆုံးမှုတောင်ဆက်ဖြစ်နိုင်လို့ စနစ်တကျ ပြုစုကုသကြဖို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။

စိတ်ကျရောဂါ ဖြစ်ရခြင်းအကြောင်းက အသက်ရွယ်ကြီးလာချိန်မှာ အထွေထွေ ဘက်ပေါင်းစုံ ကျန်းမာရေးယိုယွင်းလာမှု၊ အာရုံကြောနဲ့ ဇီဝကမ္မလုပ်ငန်းတွေ ကျဆင်းလာမှု၊ မိသားစု အပေါင်းအသင်းများနဲ့ ယခင်လို သိုက်သိုက်ဝန်းဝန်း မနေနိုင်မှု၊ အရက်ဆေးဝါးစွဲလာမှု၊ ရောဂါမျိုးစုံဝင်လာပြီး အိပ်ဆေးအပါအဝင် ဆေးမျိုးစုံ သောက်သုံးရမှုနဲ့ ကိုယ်ရည်ကိုယ်သွေး ကျဆင်းလာမှုတွေကြောင့် ဖြစ်ပါတယ်။

စိတ်ကျရောဂါဖြစ်တာကနေ ကာကွယ်နိုင်ဖို့ ဖြစ်ရခြင်းအကြောင်းတွေကို ကုသဖြေရှင်းပေးသင့်ပါတယ်။ လူမှုပတ်ဝန်းကျင် ပြောင်းလဲလာမှုကြောင့် ဖြစ်လာရင် ဒီဒဏ်ကို မခံစားရအောင် မိသားစုနဲ့ သိုက်သိုက်ဝန်းဝန်း နေနိုင်အောင် ဖန်တီးပေးတာ၊ ဝိုင်းဝန်းကူညီအားပေး နှစ်သိမ့်ပေးတာတွေ လုပ်ဆောင်နိုင်ပါတယ်။ ဒါ့အပြင် ကူးစက်ရောဂါတွေ မဝင်လာနိုင်အောင်လဲ ကာကွယ်ပေးသင့်ပါတယ်။ ရောဂါမျိုးစုံအတွက် ဆေးဝါးတွေ သောက်သုံးလာရရင်လဲ စနစ်တကျ သောက်သုံးနိုင်အောင် စီမံပေးပြီး ဆရာဝန်နဲ့ မကြာခဏ ပြပေးသင့်ပါတယ်။

ကာကွယ်ကုသမှု လုပ်ပေးတဲ့ကြားက ရောဂါဖြစ်လာခဲ့ရင် စောစောသိ၊ စောစောကုနိုင်ဖို့ စောင့်ကြည့်ရမယ့် လက္ခဏာတွေ ရှိပါတယ်။ ဒီ သက်ကြီးရွယ်အို စိတ်ကျလူနာတွေက စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေနဲ့ စဖြစ်ပေါ်လေ့မရှိဘဲ အခြား ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေနဲ့ ဆေးရုံဆေးခန်းတွေ စပြလာတတ်ပါတယ်။ ဥပမာ ခေါင်းကိုက်တာ၊ ကိုယ်လိုက်ကိုက်ခဲတာ၊ ညောင်းတာ၊ ဗိုက်နာတာ၊ ရင်ကြပ်တာ စတဲ့ လက္ခဏာတွေနဲ့ ရောက်လာပြီး စမ်းသပ်တာလုပ်ပြီးကာမှ စိတ်ကျရောဂါဖြစ်နေမှန်း သိကြလေ့ရှိပါတယ်။ ဒါ့အပြင် တခြားရောဂါတွေ ရှိတယ်လို့ အထင်မှား ရောက်လာတတ်ပါသေးတယ်။ ဥပမာ နှလုံး၊ အဆုပ်၊ ဆီးအိမ်နဲ့ ကျောက်ကပ်၊ အသည်းရောဂါတွေ ဖြစ်လာတယ်လို့ မျိုးစုံအထင်မှားပြီး လာပြတတ်ပါတယ်။ အဓိက သတိထားရမဲ့ လက္ခဏာကတော့ အိပ်ရေးပျက်တာ၊ အိပ်မပျော်တာ၊ မနက်အစောကြီးနိုးတတ်တာ စတဲ့ အိပ်စက်မှုဆိုင်ရာ ပြဿနာတွေနဲ့ အစားအစာ ကောင်းကောင်းမစား၊ အစားအသောက်ပျက်တာ စတဲ့ စားသောက်မှုဆိုင်ရာ ပြဿနာတွေ ဖြစ်ပါတယ်။ တခါတရံမှာလဲ စိတ်ပိုင်းရုပ်ပိုင်း နှေးကွေးလာတာ၊ ဒေါသပေါက်ကွဲလွယ်တာ၊ သံသယစိတ်လွန်ကဲတာနဲ့ ထမင်းစားဖို့ ငြင်းဆိုတာမျိုး အပြုအမှုဆိုင်ရာ ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။ တချို့မှာ အစားကောင်းကောင်း မစားတာကြောင့် အသက်အန္တရာယ်ဖြစ် သေဆုံးကြပါတယ်။

ဒီလက္ခဏာတွေ ဖြစ်ပေါ်ပြလာရင် စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့ အထူးကု ဆရာဝန်တွေနဲ့ ပြသင့်ပါတယ်။ အထူးသဖြင့် စိတ်ကျရောဂါ ပျောက်ဆေးပေးရာမှာ လူငယ်တွေနဲ့ မတူဘဲ၊ စနစ်တကျ လုံလောက်တဲ့အထိ တဖြည်းဖြည်း တိုးပေးဖို့နဲ့ အခြားရောဂါတွေ ဆေးတွေနဲ့ ပြဿနာမဖြစ်နိုင်တဲ့ ဆေးတွေပေးဖို့ အရေးကြီးပါတယ်။ ဒီသက်ကြီး စိတ်ကျရောဂါအတွက် နောက်ပိုင်းမှာ လျှပ်စစ်ကုထုံးတွေကလည်း ပိုမိုထိရောက် ကောင်းလာနေပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က တပ်မတော်ဆေးတက္ကသိုလ် စိတ်ကျန်းမာ၊ ပညာဌာန ပါမောက္ခ၊ ဌာနမှုးနဲ့ ဦးနှောက်အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာရောဂါအထူးကု ဒေါက်တာ ဉာဏ်ဝင်းကျော် ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG