သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိုးသတ်ဆေးနဲ့ ကျန်းမာရေး အန္တရာယ်


တိုက်ရိုက် လင့်ခ်


မြန်မာနိုင်ငံမှာ မကြာသေးခင်က ကြမ်းပိုးသတ်ဆေး ပါးစပ်ထဲဝင်ပြီး သေဆုံးခဲ့တာမျိုး ပိုးသတ်ဆေး မတော်တဆ အဆိပ်တက်ခံရသူတွေ အထူးသဖြင့် ကျေးလက်တွေမှာ မကြာမကြာ ဖြစ်ကြတယ်လို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။

ကြမ်းပိုးသတ်ဆေး၊ ကြွက်သတ်ဆေး၊ ပိုးဟပ်သတ်ဆေး၊ ခြင်သတ်ဆေး၊ ပရုပ်လုံး၊ လယ်ယာသီးနှံဖျက်ပိုးသတ်ဆေး စသည်ဖြင့် ပိုးသတ်ဆေးအမျိုးမျိုးရှိပြီး ပိုးသတ်ဆေးပြင်းထန်မှု အဆင့်လည်း အမျိုးမျိုုးရှိပါတယ်။ ဒီပြင်းထန်မှု အဆင့်အလိုက် တံဆိပ်တပ်ထားတာမှာ အပြင်းထန်ဆုံးဖြစ်တဲ့ Danger (ခေါ်) အန္တရာယ် အဆင့်ပုံ (အရိုးခေါင်းနဲ့ လက်ဖျံရိုးနှစ်ခု ကြက်ခြေခပ်ထားတဲ့ပုံ) ပြထားရင် ပိုးသတ်ဆေး တစ်စက် နှစ်စက် ကနေ လ္ဘက်ရည်ဇွန်း (ဇွန်းသေး) တစ်ဇွန်း ပမာဏ ပါးစပ်ထဲရောက်ရုံ၊ ခန္တာကိုယ်ထဲ ဝင်ရုံနဲ့ သေဆုံးနိုင်ပါတယ်။ အနီရောင် သင်္ကေတနဲ့ ပြလေ့ရှိတဲ့ Warning (ခေါ်) သတိပေးချက် ပါရင် အလယ်အလတ် အဆိပ်ပြင်းထန်ပြီး လ္ဘက်ရည်ဇွန်း (ဇွန်းသေး) တစ်ဇွန်းကနေ ထမင်းစားဇွန်း (ဇွန်းကြီး) တစ်ဇွန်း အထိ ပါးစပ်ထဲဝင်ရင်၊ ခန္ဓာကိုယ်ထဲရောက်တာနဲ့ သေဆုံးနိုင်ပါတယ်။ Caution (ခေါ်) ဆင်ခြင်ရန် ပြထားရင်တော့ အန္တရာယ် ပိုနည်းတဲ့အဆင့် ဖြစ်ပါတယ်။

ပိုးသတ်ဆေးကို ကိုင်တွယ် သုံးစွဲရာမှာ နည်းမျိုးစုံနဲ့ မတော်တဆ ဖြစ်မိပြီး အဲ့ဒီအထဲမှာ ပါးစပ်ထဲဝင်တာက ချက်ချင်း အသက်အန္တရာယ်ထိခိုက်စေနိုင်ပါတယ်။ ဒီအထဲမှာ မကြာခင်က အသက်ဆုံးသွားခဲ့ရသလို ပါးစပ်နဲ့ ဖွင့်တာပါ။ နောက် တစ်နည်းကတော့ ကလေးငယ်တွေကို နို့တိုက်ရာမှာ ပိုးသတ်ဆေး ကိုင်ထားတဲ့လက်နဲ့ နို့ကိုကိုင် တိုက်မိလို့ပါ။ ဒါ့အပြင် ပိုးသတ်ဆေးကိုင်ထားတဲ့ လက်ကို မဆေးဘဲ ဆေးလိပ်သောက်မိ၊ အစာစားမိတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ပိုးသတ်ဆေးသုံးပြီး အမှတ်မဲ့ စားပွဲပေါ်တင်မိတာ၊ ထမင်းစားပွဲပေါ်ထားခဲ့မိတာနဲ့ ဆေးဝါးထားတဲ့စင်မှာ သွားထားမိတာတွေကြောင့်လဲ မှားယွင်သုံးစွဲမှုတွေ ဖြစ်နိုင်ပါတယ်။ ပိုးသတ်ဆေး အဖုံးကို ပြန်မပိတ်မိတာ၊ အဖုံးမထင်မှတ်ဘဲ ပွင့်နေတာတွေကြောင့် ဆေးတွေလွင့်ထွက်နေနိုင်ပြီး အထူးသဖြင့် ကလေးတွေ သွားကိုင်မိပြီး အန္တရာယ်ကြီးပါတယ်။

ပါးစပ်ထဲဝင်တာအပြင် နောက်ထပ် ပိုးသတ်ဆေး ထိနိုင်တဲ့ မတော်တဆ အခြေအနေတွေထဲမှာ မျက်လုံး၊ နားနဲ့ နှာခေါင်းကနေတဆင့် ဝင်တာနဲ့ အရေးပြားကတဆင့် စုပ်ယူသွားတာတွေ ဖြစ်ပြီး မျက်လုံးနဲ့နားကနေဝင်ရင် မျက်လုံးနဲ့နား ယောင်နိုင်၊ ပျက်စီးနိုင်ပြီး၊ နှာခေါင်းကနေဝင်ရင် အသက်ရှုကြပ်တာ ဖြစ်စေနိုင်ပါတယ်။ အဆိပ်ဝင်တဲ့ နေရာပေါ်မှုတည်ပြီး ပြင်းထန်မှု ကွာနိုင်ရာမှာ လက်ဖျံအရေပြားမှာဖြစ်တာက အဆင့်တစ် ပြင်းထန်အန္တရာယ်ရှိတယ်လို့ သတ်မှတ်ရင် ဗိုက်အရေပြားမှာထိရင် (၂) ဆ၊ မျက်စိထိရင် (၄) ဆ၊ နားကဝင်ရင် (၅) ဆ၊ လိင်အင်္ဂါတဝိုက်ထိရင် (၁၂) ဆ အထိ ပိုပြင်းထန်သွားပါတယ်။ ဒါ့အပြင် ပိုးသတ်ဆေးတွေကို နေ့စဉ် ကိုင်တွယ်၊ အသုံးပြုနေရသူတွေအတွက် ရေရှည်မှာ နာတာရှည်အဆိပ်သင့်တာတွေ ဖြစ်လာနိုင်ပါတယ်။

အခုလို ပိုးသတ်ဆေး အဆိပ်ဒဏ် မခံရအောင် ကာကွယ်ရာမှာ ပြင်းထန်မှု အဆင့်လိုက် တံဆိပ်ကပ်ထားတာကိုလိုက်ပြီး သတိပြု ကိုင်တွယ်၊ သိမ်းဆည်းသင့်ပါတယ်။ ပိုးသတ်ဆေး ကိုင်တွယ်ရာမှာ လက်နဲ့ လက်ဖျံ၊ လက်မောင်းထိ ကာထားတဲ့ လက်အိပ်ရှည်စွတ် ကိုင်တွယ်တာ၊ ကိုင်တွယ်ချိန် လိင်အင်္ဂါ်တဝိုက် ကာကွယ်ထားတာ၊ မျက်နှာ၊ မျက်စိ၊ ပါးစပ်၊ နားနဲ့ ဦးခေါင်းအရေးပြား သွားမကိုင်မိအောင် သတိထားတာ၊ ပိုးသတ်ဆေးသုံးပြီးချိန် လက်ကို ဆပ်ပြာနဲ့ဆေးတာတွေ လုပ်ပေးသင့်ပါတယ်။ ပိုးသတ်ဆေးကို သိမ်းဆည်းရာမှာလဲ သီးသန့် ကလေးနဲ့ ဝေးတဲ့၊ မမှီနိုင်တဲ့ နေရာမှာ အဖုံး သေသေချာချာ ပိတ်ပြီး ထားဖို့ လိုပါတယ်။ ပိုးသတ်ဆေးကို နေရာမှား ထားတာအပြင် အခြား ဗူးတွေ၊ ခွက်တွေ၊ စားသောက်ရာမှာ သုံးတာတွေထဲ ပြောင်းမထဲ့မိဖို့လည်း အရေးကြီးပါတယ်။ အထူးသဖြင့် ပိုးသတ်ဆေးကိုင်ပြီး လက်မဆေးဘဲ နုနယ်တဲ့ ကလေးတွေကို န့ိုမတိုက်မိစေဖို့၊ မချီမိဖို့ အထူးအရေးကြီးပါတယ်။ အစိုးရ အနေဖြင့်လည်း ပိုသတ်ဆေးထိထားတဲ့ နေရာတွေကို အလွယ်တကူသိအောင် ပြထားပေးပြီး၊ အဲ့ဒိနေရာတွေ သွားရင် ဘယ်လို အကာအကွယ်လုပ်သွားသင့်ကြောင်း အကြံပြုထားသင့်ပါတယ်။

အကယ်၍ ပိုးသတ်ဆေး အဆိပ်တက်တာ ဖြစ်လာရင်လဲ ကြိုတင်သိနိုင်အောင် စောင့်ကြည့်ရမဲ့ လက္ခဏာတွေရှိပါတယ်။ ရုတ်တရက်ချက်ချင်း အသက်အန္တရာယ်ရှိတဲ့ ပါးစပ်ကနေဝင်ရင်တော့ ဗိုက်အောင့်တာ၊ မူးဝေတာ၊ ခေါင်းကိုက်တာ၊ ပျို့အန်တာ၊ တက်တာတွေ ဖြစ်လာတတ်ပါတယ်။ နောက်ဆုံး သတိလစ်တာ၊ သွားရည်ကျတာတွေ ဖြစ်နိုင်ပါတယ်။ မျက်လုံးကနေဝင်ရင်တော့ အမြင်ဝေဝါးလာတာနဲ့ မျက်ရည်ကျတာတွေ ဖြစ်နိုင်ပါတယ်။ အသက်ရှုလမ်းကြောင်းကနေ ဝင်ရင်လဲ အသက်ရှုကြပ်လာနိုင်ပါတယ်။

နေ့စဉ် ပိုးသတ်ဆေး ကိုင်တွယ် အသုံးပြုနေရသူတွေမှာလည်း ရေရှည်မှာ အဆိပ်သင့် လက္ခဏာ၊ ရောဂါတွေ ဖြစ်လာနိုင်တာမှာ မှတ်ဉာဏ်ကျလာတာ၊ အသည်းပျက်စီးလာတာ၊ ကလေးမွေးရင် မွေးရာပါချို.ယွင်းမှုနဲ့ ကလေးအသေမွေးမှုအထိဖြစ်လာတာ၊ အကြိတ်ကင်ဆာ၊ သွေးကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ ဆီးကြိတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ ဦးနှောက်ကင်ဆာတွေဖြစ်လာတာတွေ ပါပါတယ်။ နောက်ပိုင်း သုတေသနတွေ့ရှိချက် အသစ်တွေအရလည်း ပိုးသတ်ဆေးရေရှည်ထိထားသူမှာ ဆီးချိုရောဂါ ဖြစ်ဖို့ (၁၂) ဆ ပိုများသွားတာ တွေ့ရှိထားပါတယ်။

ချက်ချင်း ပိုးသတ်ဆေး အဆိပ်တက်လာရင်တော့ ဆေးရုံ အမြန်ပို့ ကုသပေးသင့်ပါတယ်။ ပါးစပ်ကနေ ဝင်ရင် အစာအိမ်ကို ဆေးရုံမှာပဲ ဆေးကြောပေးရပါတယ်။ သတိလစ်တဲ့ အဆင့်ရောက်ရင်လဲ အရေးပေါ် ကုသမှုတွေ ဆေးရုံမှာ လုပ်ပေးနိုင်ပါတယ်။ အဆိပ်က သွေးထဲပျံ့ဝင်သွားရင်တော့ အဆိပ်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ကုသဖို့ လိုပါတယ်။

ဒီရောဂါအကြောင်း အသေးစိတ်သိရှိနားလည်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံ ဆရာဝန်များအသင်းက ဒေါက်တာမြင့်ဦး ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG