သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွားပိုးစားရောဂါ


မြန်မာနိုင်ငံမှာ လေ့လာမှုတစ်ခုအရ သွားပိုးစားသူ အလွန်များပြားနေတာမို့ သွားကျန်းမာရေး ဂရုစိုက်ဖို့ လိုနေပြီလို့ သွားဖက်ဆိုင်ရာ ဆရာဝန်တွေက သတိပေးပြောဆိုကြပါတယ်။

သွားပိုးစားရခြင်းအကြောင်းရင်းက သွားမှာ ကျန်ခဲ့တဲ့ အဓိက သကြားနဲ့ အခြားအစားအစာတွေက ပါးစပ်ထဲမှာရှိပြီးသား ဘက်တီးရီးယားတွေနဲ့ ပေါင်းစပ်ပြီး အက်ဆစ်ထွက်လာကာ သွားမျက်နှာပြင်ကို တိုက်စားသွားတာပါ။ အဖြစ်များသူတွေက သကြားနဲ့ စေးကပ်တဲ့ ထမင်းလို အစားအစာ အဓိက စားသူတွေဖြစ်ပါတယ်။ ဆီးချိုနဲ့ တံတွေးအထွက်နည်းတဲ့ ရောဂါဖြစ်သူတွေမှာလဲ ပိုဖြစ်တတ်ပါတယ်။ အဓိက ပိုးစားခံရတာကတော့ မျက်နှာပြင် မချောမွေ့တဲ့ အံသွားတွေဖြစ်ပါတယ်။

သွားပိုးမစားအောင် ကာကွယ်ရေးအတွက် သွားမှာ (အထူးသဖြင်၊ အံသွားနဲ့ သွားကြားမှာ) ကျန်ခဲ့တဲ့ အစာတွေ၊ ဘက်တီးရီးယားပိုးနဲ့ ဓာတ်ပေါင်းစပ်ဖို့ အချိန်မရနိုင်အောင် နေ့စဉ် သွားသန့်ရှင်းရေးလုပ်ဖို့ လိုပါတယ်။ စနစ်တကျ တစ်နေ့ (၂) ကြိမ်၊ သို့မဟုတ် (၃) ကြိမ် သွားတိုက်တာ၊ သွားကြားထိုးကြိုး (Floss) နဲ့ သွားကြားထဲ ကျန်ခဲ့တဲ့ အစာတွေကို တိုက်ထုတ်ပစ်တာနဲ့ လိုအပ်ရင် ပါးစပ်ဆေးရည် (Mouthwash) နဲ့ ပလုပ်ကျင်းတာတွေ လုပ်ပေးသင့်ပါတယ်။

အထက်ပါအတိုင်း ကိုယ်တိုင် သွားသန့်ရှင်းရေးလုပ်သော်လည်း သွားပွတ်တံ မရောက်နိုင်တဲ့ သွားကြားတွေ၊ သွားတိုက်ကြိုး လွတ်သွားတဲ့ နေရာတွေ ရှိနိုင်တာမို့ အစာတချို.ကျန်ခဲ့ပြီး ကျောက်တည်ကာ၊ ပုံမှန် သွားသန့်ရှင်းရုံနဲ့ မဖယ်ရှားနိုင်တော့တာကြောင့်၊ တနှစ်ကို အနည်းဆုံး တစ်ကြိမ် သွားဆရာဝန်ပြပြီး စက်နဲ့ သန့်ရှင်းရေးလုပ်သင့်ပါတယ်။

သွားပိုးးစားတာ ဖြစ်လာခဲ့ရင်လဲ စောစောကုသနိုင်ရေးအတွက် လက္ခဏာတွေကို စောစော သတိပြုမိဖို့လိုပါတယ်။ စောင့်ကြည့်ရမဲ့ လက္ခဏာတွေကတော့ သွားအရောင်ပြောင်းပြီး ညိုလာတဲ့နောက် မဲလာတာနဲ့ ရေနဲ့ အအေးသောက်ရင် သာမန်ထက် သွားကျဉ် လာတာတွေဖြစ်ပါတယ်။ ရောဂါအစပိုင်းမှာ သွားကို သန့်ရှင်းပေးပြီး ပိုးစားတဲ့နေရာကို ဖာပေးလိုက်ရုံနဲ့ ပျောက်အောင်၊ ထပ်ပိုးစားမခံရအောင် ကာကွယ်ပေးနိုင်ပါတယ်။

ဒါပေမဲ့ ရောဂါ အစပိုင်းမှာ မကုသနိုင်ခဲ့ရင်တော့ သွားရဲ့ ပထမ အလွှာကိုကျော်ပြီး၊ အာရုံကြောတွေရှိတဲံ အောက်ဆုံးအလွှာနားအထိ တိုက်စားသွားတာကြောင့် နာကျင်မှု ပိုမိုခံစားရကာ၊ အာရုံကြောဆိုင်ရာ ခွဲစိပ်ကုသမှုတွေပါ လုပ်ဖို့ လိုလာပါတယ်။

ဒီရောဂါအကြောင်မြန်မာနိုင်ငံ သွားဖက်ဆိုင်ရာဆရာဝန်အသင်း အထွေထွေအတွင်းရေးမှူး ဒေါက်တာမြင့်ထိန် နဲ့ ကိုဝင်းမင်းတို့ ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG