သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမှာ အပူလှိုင်းကြောင့် သေဆုံးသူ ၆၁ ယောက်ထက်မနည်းရှိ


ပြင်းထန်တဲ့နေပူရှိန်အောက် ဘန်ကောက်မြို့မြင်ကွင်း (ဧပြီ ၂၉၊ ၂၀၂၄)
ပြင်းထန်တဲ့နေပူရှိန်အောက် ဘန်ကောက်မြို့မြင်ကွင်း (ဧပြီ ၂၉၊ ၂၀၂၄)

ထိုင်းနိုင်ငံမှာ အခု ၂၀၂၄ ခုနှစ်အတွင်း အပူလှိုင်းကြောင့် သေဆုံးသူ ၆၁ ယောက်ထက် မနည်းရှိနေပြီလို့ ထိုင်းကျန်းမာရေးဌာနက ဒီနေ့ သောကြာနေ့မှာ ထုတ်ပြန်ပါတယ်။ ၂၀၂၄ ခုနှစ် နှစ်စချိန်ထဲကနေ မေလ ၁၀ ရက်အထိ အပူရှပ်လို့ သေဆုံးသူ ၆၁ ယောက်ရှိသွားပြီလို့ ကျန်းမာရေးဌာနက ပြောပါတယ်။

၂၀၂၃ ခုနှစ်တုန်းကတော တနှစ်လုံး အပူရှပ်သေဆုံးသူ ၃၇ ယောက်သာ ရှိခဲ့ပါတယ်။ သေဆုံးသူ အများစုက လယ်ယာစိုက်ပျိုးရေးအဓိက လုပ်ကြတဲ့ နိုင်ငံအရှေ့မြောက်ပိုင်း ဒေသတွေက ဖြစ်ကြပါတယ်။ ထိုင်းနိုင်ငံတဝန်း ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း စံချိန်တင်အောင် ပူပြင်းတဲ့အပူဒဏ်ကြောင့် ကျန်းမာရေးနဲ့ မိုးလေဝသတိပေးချက်တွေကို အာဏာပိုင်တွေ နေ့စဉ်ရက်ဆက် ထုတ်ပြန်ခဲ့ရပါတယ်။ ဧပြီလအတွင်း ထူးကဲတဲ့ အပူဒဏ်ကို ထိုင်းနိုင်ငံမှာ ခံစားခဲ့ရပြီး နိုင်ငံမြောက်ပိုင်း Lampang ပြည်နယ်မှာ အပူချိန် ၄၄.၂ ဒီဂရီစင်တီဂရိတ်၊ ၁၁၁.၆ ဖာရင်ဟိုက်အထိ ပူခဲ့ပါတယ်။

မြန်မာနိုင်ငံမှာလည်း ဧပြီလကနေ မေလဆန်းအထိ အင်မတန် ပူပြင်းတဲ့ဒဏ်ခံကို ခံစားခဲ့ကြရပါတယ်။ မန္တလေးမြို့မှာ အပူဒဏ်ကြောင့် သေဆုံးသူ ၅၀ ထက် မနည်းရှိခဲ့တယ်လို့ ပရဟိတကူညီသူတွေက VOA မြန်မာပိုင်းကို ပြောပါတယ်။ ဧပြီလ ၂၈ ရက်နေ့တုန်းက အပူချိန် ၄၄.၈ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့ပြီး နှစ်ပေါင်း ၇၇ နှစ်အတွင်း အပူဆုံးဖြစ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

တရားဝင် မိုးလေဝသ အချက်အလက်တွေအရ ဧပြီလထဲမှာ မြန်မာနိုင်ငံတဝန်း ဒေသဆယ်ခုကျော်မှာ အပူချိန်တွေ စံချိန်တင်ခဲ့ပါတယ်။ ကမ္ဘာကြီး ပိုမို ပူနွေးလာပြီး ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုကြောင့် အင်မတန်ပူပြင်းပြီး ကာလကြာတဲ့ အပူလှိုင်းတွေဖြတ်တဲ့ အကြိမ်ပိုများလာမယ်လို့ မိုးလေဝသ ပညာရှင်တွေက သတိပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာလည်း ရာသီဥတုဖောက်ပြန်မှုကြောင့် အလယ်ပိုင်းပြည်နယ်တချို့နဲ့ ပုံမှန်အားဖြင့် လေဆင်နှာမောင်း တိုက်ခတ်လေ့ မရှိတဲ့ ဒေသတွေမှာပါ ပြင်းထန်တဲ့ လေဆင်နှာမောင်းတွေ ဝင်ရောက်တိုက်ခတ်တဲ့အတွက် အများအပြာ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG