သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစု ပင်လုံညီလာခံ မျှော်လင့်ချက်နဲ့ စိုးရိမ်မှုတွေ


ဒေါ်အောင်ဆန်းစုကြည်နဲ့ ပင်လုံညီလာခံ အကြိုဆွေးနွေးပွဲ
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပင်လုံညီလာခံ အကြိုဆွေးနွေးပွဲ

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အဓိကထားဖော်ဆောင်မယ့် ၂၁ ရာစုပင်လုံမတိုင်ခင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်မယ့်သူအားလုံး အချင်းချင်းကြား ခိုင်မာတဲ့ယုံကြည်မှု တည်ဆောက်နိုင်ဖို့က အရေးကြီးဆုံးဖြစ်တယ်လို့ လေ့လာသုံးသပ်နေသူတွေက ပြောဆိုလိုက်ပါတယ်။ လာမယ့်သြဂုတ်လ (၃၁) ရက်နေ့မှာ စတင်တော့မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအတွက် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်နဲ့ နိုင်ငံရေးပါတီတွေ စတဲ့ ပါဝင်သင့်ပါဝင်ထိုက်သူတွေ ပူးပေါင်းပါဝင်ရေး အားလုံး ပြင်ဆင်နေကြပါပြီ။ ဒီအခြေအနေတွေ ဘယ်လိုရှိပါသလဲ။ ညီလာခံနဲ့ပတ်သက်ပြီး မျှော်လင့်ချက်တွေနဲ့ စိုးရိမ်ချက်တွေ ဘယ်လိုရှိပါသလဲ မဆုမွန်က စုစည်း တင်ပြပေးထားပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံကို သြဂုတ်လ ၃၁ ရက် နေ့မှာ စတင် ကျင်းပသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့သြဂုတ်လ (၈) ရက်နေ့ နေပြည်တော်သမ္မတအိမ်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီအစည်းအဝေးမှာ တရားဝင်ပြောကြားလိုက်တာဖြစ်ပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပဖို့ရက်ပိုင်းလောက်ပဲ လိုတော့တဲ့အချိန်မှာ အစိုးရဘက်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံအကြိုပြင်ဆင်ရေး ကော်မတီအသီးသီးကလည်း ပြင်ဆင်နေသလို အပစ်ရပ်ထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော အပစ်မရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကပါ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားလုံးပါဝင်ရေးဆိုတဲ့မူကို ဆုပ်ကိုင်ပြီး ညီလာခံတက်ရောက်နိုင်ရေး ဆွေးနွေး စီစဉ်ဆောင်ရွက်နေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဖော်ဆောင်ဖို့ ဒီ၂၁ ရာစုပင်လုံကို အဆောတလျင်ကျင်းပဖို့စီစဉ်နေတဲ့အပေါ် ဆယ်စုနှစ်နဲ့ချီ ပြည်တွင်းစစ်တွေဖြစ်နေဆဲ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး အကောင်အထည်ဖော်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေနဲ့ မေးခွန်းထုတ်မှုတွေရှိပါတယ်။

နိုင်ငံရေးအကဲခတ် ဒေါက်တာရန်မျိုးသိမ်းအမြင်ကတော့-

"လက်ရှိအခြေအနေမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအကြိုပေါ့၊ ပြင်ဆင်မှု လုပ်နေတဲ့အနေအထားတွေဟာ လုံလောက်မှု မရှိဘူးလို့ ကျနော်က မြင်တယ်။ နောက်ပြီးတော့ စနစ်ကျမှုအပိုင်းတွေမှာလည်း အားနည်းနေပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး ပါဝင်နိုင်မယ့် အနေအထားတခုကို ဖော်ဆောင်နိုင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ AA ရယ် ကိုးကန့်ရယ်၊ တအာင်းပလောင်ရယ် ဒီအဖွဲ့သုံးဖွဲ့ကို ချမှတ်ထားတဲ့ ကြိုတင်စည်းကမ်းသတ်မှတ်ချက်တွေကို ဖယ်ရှားပြီးတော့ အားလုံးပါဝင်နိုင်တဲ့ ပုံစံမျိုး လုပ်နိုင်မှ လာမယ့် သြဂုတ်လ ၃၁ရက်နေ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံဟာ အောင်မြင်တဲ့ လမ်းစပေါ်ကို ရောက်နိုင်မယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။

ဒီပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို သိပ်ပြီးတော့ ဖိအားပေးတဲ့ပုံစံမျိုး မဖြစ်ဖို့ လိုတယ်လို့လည်း ကျနော်က မြင်ပါတယ်။ နောက် တဖက်က ဖိအားနဲ့ တည်ဆောက်ယူတာထက်ပေါ့လေ။ နိုင်ငံရေးအရ ယုံကြည်မှု နားလည်မှု ရရှိအောင် လုပ်ပြီးတော့ တည်ဆောက်ယူတဲ့ ပုံစံမျိုး ဖြစ်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။"

၂၁ ရာစုပင်လုံကို အစချီပြီး မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာ့တပ်မတော်ကြား ဖြစ်ပွားနေတဲ့ စစ်ရေး တင်းမာမှု ပဋိပက္ခတွေ ပြေလည်နိုင်ရေးကတော့ အချိန်အတော်ယူရဦးမှာဖြစ်တယ်လို့ လည်း တိုင်းရင်းသားတွေဘက်က ယူဆပါတယ်။

ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးဥက္ကဋ္ဌ ဦးလမောင်လထောင်ကတော့ ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား ခိုင်မာတဲ့ယုံကြည်မှုတည်ဆောက်နိုင်ဖို့ အရေးကြီးဆုံးဖြစ်တယ်ဆိုတာ ထောက်ပြပါတယ်။

"တော်တော်လေးတော့ အချိန်ပေးရမယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ညှိနှိုင်းရမယ့်အရာတွေပေါ့လေ။ ဒီအစိုးရအနေနဲ့ နားလည်မှုတွေ တော်တော်လေး ပေးရမယ်လို့မြင်တယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ ဒီအပြောင်းအလဲဖြစ်လာတာက ဒီဒေါ်အောင်ဆန်းစုကြည် ကြောင့် ဖြစ်လာတယ်လို့ အားလုံးက လက်ခံတယ်၊ ကျနော်တို့လည်း လက်ခံတယ်လေ။ ဒါပေမဲ့ ခုနက ပြောသလို သူ့တယောက်တည်းနဲ့ ချာလပတ်ရမ်းနေတဲ့သဘောလည်းရှိတယ်လေ။ ဒီငါးနှစ်သက်တမ်းအတောအတွင်းမှာ ဒီကိစ္စက တကယ်က ပြေလည်ပါ့မလားပေါ့လေ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တော်တော်လေးတော့ အားစိုက်ရလိမ့်မယ်လို့ ကျနော့်အနေနဲ့မြင်ပါတယ်။"

လက်နက်ကိုင်ပဋိပက္ခတွေ ပြေလည်ရေးနဲ့ စစ်ရေးတင်းမာမှုတွေ လျော့ချနိုင်ရေးအတွက်ကလည်း အဓိက ကျတဲ့ တပ်မတော်ဘက်က အခုလက်ရှိတိုင်းရင်းဒေသတွေမှာဖြစ်နေဆဲ တိုက်ပွဲတွေကို ရပ်ပစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်ပါမှ ၂၁ ရာစုပင်လုံအပေါ် တိုင်းရင်းသားတွေဘက်က ယုံကြည်နိုင်မယ်လို့လည်း ရှမ်းလူငယ်ကွန်ရက်က စိုင်းနော်စိုင်းက သုံးသပ်ပါတယ်။

"ဒီ ၂၁ရာစုပင်လုံညီလာခံဆိုတာက တခါတည်း အားလုံးပြီးပြည့်စုံအောင်တော့ တခါတည်းတော့ အားလုံးပြီးပြည့်စုံသွားမယ်လို့ ၁၀၀ ရာခိုင်နှုန်းတော့ ယုံကြည်လို့ ရမယ်လို့တော့ မထင်ဘူး။ နှစ်ပေါင်း ၆၀ ကျော်ကြာ ပြည်တွင်းစစ်ကြီးရဲ့ အစပေါ့နော် အားလုံးရဲ့ ယုံကြည်မှု ကတော့ အခုထက်ထိ တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား ကတော့ ကျနော်ထင်တယ် ၅၀/ ၅၀ လို့တောင် ပြောလို့ရတဲ့ အနေအထားမျိုးမှာ မရှိဘူးလို့ ကျနော်တို့မြင်တယ်။ အခုထက်ထိလည်း ငြိမ်းချမ်းရေးစကားပြောနေဆဲ ပြောရင်းတန်းလန်းကိုက တိုက်ပွဲတွေက ဆက်တိုက် ဆက်တိုက် ဆိုသလို ဟိုနေရာဖြစ် ဒီနေရာဖြစ် ဖြစ်နေလို့လေ အချင်းချင်းကြားမှာ ယုံကြည်မှု သိပ်ပြီးတော့ အပြည့်အဝ မထားရဲကြသေးဘူးလို့ ကျနော်တို့မြင်တယ်။"

မြန်မာနိုင်ငံ တဝန်း တိုင်းရင်းဒေသတွေမှာ စစ်မှန်တဲ့ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေးအတွက် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေ အားလုံးပါဝင်စေချင်ပါတယ်လို့ ပြောထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးမူအတိုင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နေမှုအပေါ် အကောင်းမြင်မျှော်လင့်မှုတွေရှိသလို အဆောတလျင် လုပ်ဆောင်နေသလိုဖြစ်နေမလားဆိုတဲ့ စိုးရိမ်မှုတွေကလည်း ရှိနေကြောင်းပါ။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG