သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်မှာ ဝေဟင်ကကျတဲ့ စက်ပစ္စည်း မြစ်ကြီးနားကို သယ်ယူ


ဝေဟင်ကကျတဲ့ စက်ပစ္စည်း မြစ်ကြီးနားကို သယ်ယူ(MOI)
ဝေဟင်ကကျတဲ့ စက်ပစ္စည်း မြစ်ကြီးနားကို သယ်ယူ(MOI)

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ မကြာသေးခင်တုန်းကပဲ ဝေဟင်ကနေ ကျလာတဲ့ စက်ပစ္စည်း အပိုင်းအစကြီးကို စုံစမ်းစစ်ဆေးဖို့ ဒီကနေ့ မနက်ပိုင်းမှာပဲ မြစ်ကြီးနားသို့ ပြောင်းရွေ့သယ်ယူသွားပါပြီ။ အမျိုးအစားမခွဲခြားနိုင်သေးတဲ့ ဧရာမစက်ပစ္စည်းကြီးဟာ အိမ်နီးချင်း တရုတ်နိုင်ငံက လွှတ်တင်လိုက်တဲ့ ဂြိုလ်တုအစိတ်အပိုင်းဖြစ်နိုင်တယ်လို့ ထင်မြင်ယူဆနေကြပေမဲ့ တရားဝင် အတည်ပြုပြောဆိုတာမျိုးတော့ မရှိသေးပါဘူး။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

ဖားကန့်မြို့နယ်တွင်းက မှော်စီစာကျေးရွာ အနီးတစ်ဝိုက်မှာ နိုဝင်ဘာလ ၁၀ ရက်နေ့က ကောင်းကင်ပေါ်က ရုတ်တရက် ကျလာခဲ့တဲ့ ခန့်မှန်းခြေ အလျား ၁၂ ပေ အချင်း ၆ ပေ လုံးပတ် ပေ ၃၀ ခန့်ရှိတဲ့ စက်ပစ္စည်း အပိုင်းအစနဲ့ ပတ်သက်လို့ အခုအချိန်အထိ တိတိကျကျ ခွဲခြားပြောဆိုနိုင်ခြင်း မရှိသေးတဲ့အတွက် ဆက်လက် စစ်ဆေးဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ဒီပစ္စည်းကျလာတဲ့ မူလနေရာမှာပဲ သတင်းပတ် တစ်ပတ် နီးပါး ထားရှိခဲ့ပြီး အခုနောက်ဆုံးမှာတော့ မြစ်ကြီးနားမြို့ကို သယ်ဆောင်သွားပြီလို့ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှုး ဦးကျော်စွာအောင်က ပြောပါတယ်။

“မနေ့တုန်းက ဖြစ်တဲ့နေရာကနေ တပ်စခန်းကုန်းကိုသယ်တယ်။ ဒီနေ့ တပ်စခန်းကုန်းကနေ မြစ်ကြီးနားမြို့ကိုသယ်တယ်။ ၈ နာရီခွဲလောက်ကတော့ ဒီကနေထွက်သွားတယ်ခင်ဗျ။ ကျနော်တို့ ဟိုဘက်ပိုင်းကတော့ ကျနော်တို့နဲ့ သိပ်မဆိုင်လို့လေ၊ အဓိကတော့ တပ်ကပဲ ဦးဆောင်ပြီးသယ်သွားတယ်ဆိုတော့ ကျနော်တို့ကတော့ ဟိုဘက်အခြေအနေမသိရသေးဘူး။”

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာတော့ စစ်တပ်ဖက်က စုံစမ်းရေးအဖွဲ့ လာရောက်ခဲ့ပြီး ဒီပစ္စည်းနဲ့ ပတ်သတ်လို့ စတင်စစ်ဆေးခဲ့ပေမယ့် တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခဲ့ခြင်းတော့ မရှိပါဘူး။ ဒါပေမဲ့လို့ ဒီပစ္စည်းကြောင့် ဒေသတွင်း ကျေးရွာတစ်ချို့မှာ နောက်ဆက်တွဲ အန္တရာယ်ဖြစ်လာစရာမရှိဘူးလို့ စုံစမ်းရေးအဖွဲ့က ပြောဆိုခဲ့တယ်လို့ ဦးကျော်စွာအောင်က ဆိုပါတယ်။ ခန့်မှန်းအလေးချိန် ၅ တန်ခန့်ရှိပြီး တစ်ဖက်ပိတ် တစ်ဖက်ပွင့် အနေထားရှိတဲ့ ဒီသထ္ထုထည်ကြီးမှာ တရုတ် ဒါမှမဟုတ် ဂျပန်ဘာသာစကားလို့ ယူဆရတဲ့ စာလုံးတွေ ပါရှိပြီး အင်္ဂလိပ်လို့ danger အန္တရာယ်ရှိတယ်ဆိုတဲ့ စာလုံးတွေ ပါရှိတဲ့အတွက်၊ ပြည်ပနိုင်ငံတခုခုက ဖြစ်လိမ့်မယ်လို့လည်း ဖားကန့်ဒေသခံ သတင်းသမားတစ်ဦးဖြစ်သူ ကိုဇော်မိုးထက်က ပြောပါတယ်။

“ဆိုတော့ အဲဒီနေ့က တရုတ်နိုင်ငံကလည်း သူတို့ ဂြိုလ်တုတွေ လွှတ်တင်တယ်ဆိုပြီးတော့ ဆင်ဟွာသတင်းတရပ်က ဖော်ပြတယ်ဆိုပြီးတော့ ဒီသတင်း ဟိုဟာမှာ ဖော်ပြထားတာ ကျနော်တို့တွေ့တယ်ပေါ့နော်။ အဲဒီတော့ သူတို့နိုင်ငံက လွှတ်တင်တဲ့ အချိန်နာရီပိုင်း နည်းနည်းပဲ ခြားတယ်ပေါ့နော်။ နောက်ပြီး ဒါကြီးက ကျနော်တို့နိုင်ငံထဲကို လာပြုတ်ကျတယ်ပေါ့နော်။ အဲဒါကြောင့် တရုတ်ဂြိုလ်တုတခုရဲ့ အစိတ်အပိုင်းလို့ ပြောတာပါခင်ဗျ။”

ဒီသတ္ထုထည်ကြီးဟာ အလွန်ကြီးမားပြီး ကောင်းကင်ကနေ မီးတောက်တစ်ချို့နဲ့ အရှိန်အဟုန်ပြင်းစွာ ကျရောက်ခဲ့တဲ့အတွက် လူနေထူထပ်တဲ့ ကျေးရွာ ဒါမှမဟုတ် မြို့တွေမှာ ဖြစ်ခဲ့မယ်ဆိုရင် အန္တာရယ် ကြီးနိုင်တယ်လို့ ကိုဇော်မိုးထက်က ဆိုပါတယ်။ မြေပြင်မှာ ရှိတဲ့သူတွေအတွက် အန္တရာယ်ဖြစ်နိုင်တဲ့ ကိစ္စတခုဖြစ်တဲ့အတွက် သက်ဆိုင်ရာ နိုင်ငံတွေအနေနဲ့ ပွင့်ပွင့်လင်းလင်း ဝန်ခံပြောဆိုသင့်တယ်လို့လည်း ကိုဇော်မိုးထက် ကပြောပါတယ်။

“ကျနော်တို့နိုင်ငံအနေနဲ့ ဒါတရားဝင် ထုတ်ပြန်ရမယ့်ကိစ္စကို မထုတ်ပြန်တာကလည်း တရုတ်ရဲ့ ပစ္စည်းတခု ဖြစ်နေတာကြောင့်မို့လားဆိုတာကို အဲလိုမထုတ်ပြန်တာလို့ပဲ ကျနော်တို့ ယူဆတယ်ခင်ဗျာ ။ သူတို့ချင်းသူတို့ချင်း ရှင်းရှင်းပြောရရင် လက်သိပ်ထိုးကြမယ့်ကိစ္စလို့မြင်တယ်။ အခုသယ်သွားတာလည်း ဘာမှ မသိလိုက်ရဘူး။ တပ်အသိုင်းအဝိုင်းကလည်း တရုတ်နဲ့ ပတ်သက်လို့ရှိရင် များသောအားဖြင့် ကျနော်တို့သိသလောက်ဆိုရင် ဘာမှ သိပ်ပြီးတော့ complain မတက်ရဲတဲ့ အနေအထားမျိုးတွေ ၊ complain တက်တာတွေမရှိတဲ့အတွက် ဒါကတော့ တရုတ်ပစ္စည်းဖြစ်လို့ အချင်းချင်းပဲ ခုနပြောသလိုပေါ့နော် ပွင့်လင်းမြင်သာမှုမရှိပဲနဲ့ အချင်းချင်းပဲ သူတို့ဖြေရှင်း သွားလိမ့်မယ်လို့ ကျနော်တို့ ယူဆပါတယ်။”

ဒီပစ္စည်းကျရောက်ခဲ့တဲ့ မှော်စီကျေးရွာနဲ့ ၉ မိုင်အကွာက အောင်ဘာလေ ကျေးရွာရဲ့ ဒေသခံတစ်ဦးရဲ့ နေအိမ်မှာလည်းတရုတ်စာသား တစ်ချို့ပါတဲ့ လုံးပတ် ၂ လက်မ အရှည် ၄ လက်မ ခွဲလောက်ရှိတဲ့ ဆလင်ဒါပုံ စက်ကိရိယာတစ်ခု ကျရောက်ခဲ့ပေမယ့်လို့ လူအထိအခိုက်တော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG