သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင်ကျောက်စိမ်း တူးဖော်မှုတားမြစ်မိန့်ကြောင့် ဖားကန့်ဒေသခံတွေ နစ်နာ


ဖားကန့်ရှိ ရေမဆေးကျောက်ရှာဖွေသူများ
ဖားကန့်ရှိ ရေမဆေးကျောက်ရှာဖွေသူများ

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ တရားမဝင်ကျောက်စိမ်းတူးဖော်ရင်၊ လက်ဝယ်ထားရှိရင် ဥပဒေအရ ထောင် ၁နှစ်ကနေ ၇နှစ်အထိချမှတ်မယ်ဆိုတဲ့ တားမြစ်မိန့်တွေ ထုတ်ပြန်လိုက်တာကြောင့် တပိုင်တနိုင် လုပ်ကိုင် စားသောက်နေတဲ့ ဒေသခံတွေနဲ့ ရေမဆေးကျောက်ရှာဖွေသူ သိန်းနဲ့ချီပြီး ထိခိုက်မယ့် အခြေအနေ ရှိနေပါတယ်။ ဒီကန့်သတ်ချက်ကို အာဏာပိုင်တွေဖက်က တင်းတင်းကျပ်ကျပ် ဆောင်ရွက်လာမယ်ဆိုရင်တော့ ဒေသတွင်းမှာ ရာဇဝတ်မှုတွေ ထူပြောလာတာနဲ့ ဆန္ဒပြတာတွေဖြစ်ပေါ်လာမယ့်အခြေအနေ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်ကတင်ပြထားပါတယ်။

ဖားကန့်ဒေသမှာ ရေမဆေးကျောက်ရှာဖွေသူတွေကြောင့် ကျောက်စိမ်းတူးဖော်တဲ့ကုမ္ပဏီတွေ ထိခိုက်ကြောင်း အမျိုးသားလွှတ်တော်မှာ သြဂုတ်လအတွင်းက မေးမြန်းဆွေးနွေးပြီးတဲ့ ဒီလို တားမြစ် ကန့်သတ်တာတွေကို ဆောင်ရွက်လာတာဖြစ်ပါတယ်။

လောလောဆည် ကျောက်စိမ်းလုပ်ငန်းအပေါ် ကန့်သတ်လိုက်တဲ့အခြေအနေကို ဖားကန့်ဒေသက ဌာနေတိုင်းရင်းသားတဦးဖြစ်တဲ့ ဦးလမောင်လတောင်က အခုလို ပြောပါတယ်။

“တရားမဝင် ကျောက်စိမ်းတူးဖော်တယ်ဆိုရင် ၊ ပြီးတော့ အဲဒီကျောက်စိမ်းလက်ဝယ်ထားရှိရင် ထောင် ၃ နှစ်ကနေ ၇ နှစ်ဆိုပြီး ရေးချိတ်ထားတယ်လေ။ အဲဒီမြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာရော ၊ ကျောက်စိမ်းရုံးရှေ့မှာရော အဲဒီလို ရေးတပ်ထားတာတွေ့တယ်။”

ဒီလိုထုတ်ပြန်လိုက်တဲ့အတွက် ဒေသခံဌာနေပြည်သူတွေအတွက်အပါအခက်အခဲတွေလာနိုင်တယ်လို့ ဆက်ပြော ပါတယ်။

“ကျနော်တို့ ဌာနေပြည်သူတွေက ဒီကျောက်စိမ်းကိုပဲ အဓိက ထားတော့တာလေ။ အရင်တုန်းကကျတော့ တောင်ယာလုပ်တာတို့ ၊ ဥယျာဉ်လုပ်တာတော့ရှိတယ်။ ဒါပေမယ့် အခု ကုမ္ပဏီခေတ်ရောက်လာတော့ ကျနော်တို့ ဥယျာဉ်တွေဘာတွေ အားလုံး ကျောက်စိမ်းကုမ္ပဏီတွေက နည်းမျိုးစုံသုံးပြီးတော့ သိမ်းလိုက်တာတို၊့ အဲဒီနေရာတွေမှာ ကုမ္ပဏီထောင်လိုက်တာတို့ရှိတဲ့အခါကျတော့ ကျနော်တို့ ဌာနေပြည်သူတွေက ဘာမှ လုပ်ကိုင်စားသောက်ရမယ့် နေရာတွေမရှိတော့ဘူး ။ ဒီဘာမှမဟုတ်တဲ့ ကျောက်စိမ်းလေးကို ကျနော်တို့ ရှာဖွေစားသောက်နေတာကို အစိုးရက အဲဒီလိုလုပ်လိုက်တယ်ဆိုတဲ့အခါကျတော့ ဒါတမင် ကျနော်တို့ ကို အနိုင်ကျင့်တယ်လို့ပဲ အဲလိုပြောရမလိုဖြစ်နေပြီလေ။”

လောလောဆည်မှာတော့ ရေမဆေးကျောက်ရှာဖွေတာနဲ့ ကျောက်စိမ်းရောင်းဝယ်ရေးလုပ်ငန်းတွေဟာ ဆက်လက်ရှိနေဆဲဖြစ်ပြီး အာဏာပိုင်တွေဖက်က တဖြည်းဖြည်းချင်းတင်းကျပ်လာမယ့် အခြေအနေ ရှိကြောင်း လည်း သုံးသပ်ပါတယ်။

ဒီလို တားမြစ်လိုက်တာကြောင့် ဖားကန့်ဒေသက အလွတ်သတင်းထောက် ကိုဇော်မိုးထက်ကတော့ ဖားကန့်ဒေသမှာနေထိုင်နေတဲ့ သိန်းနဲ့ ချီတဲ့ လူတွေကို ထိခိုက်စေနိုင်ကြောင်း ပြောပါတယ်။

“ထိခိုက်တာကတော့ ကုမ္ပဏီကလွဲရင် အကုန်ထိခိုက်တယ်။ ဘာလိုလဲဆိုတော့ ဒီမှာက ရေမဆေးကိုပဲ အခြေခံပြီး ဒီမှာရှိတဲ့ ဒေသခံတွေက စာဝတ်နေရေး ဒါကိုပဲ အဓိကထားပြီးတော့ လုပ်နေတာဆိုတော့ ။ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ တွေက သူတို့က လိုင်စင်ရှိတဲ့သဘောမျိုးဖြစ်သွားပြီးတော့ သူတို့ကကျောက် သယ်ခွင့်ပြုခွင့်ရတယ်ဗျာ။ သာမန် လက်လုပ်လက်စားတွေက ရေမဆေးကျောက်ကိုတောင်မှာ ကိုင်ဆောင်ပြီးရောင်းဝယ်ခွင့်မရှိဘူးဆိုတဲ့ သဘောသက်ရောက်သွားတာလေ။ ဦးရေအားဖြင့် ကျနော်တို့ မှော်ထဲမှာ ၁ သန်းကျော်ရှိတယ် ကျနော်တို့ခန့်မှန်းစာရင်းကောက်တာ၊ ၁ သန်းကျော်ဆိုတဲ့နေရာမှာ ရှင်းရှင်ပြောရင် ၉၀ ရာခိုင်နှုန်းထိခိုက်တယ်။

အာဏာပိုင်တွေဘက်က တင်းတင်းကျပ်ကျပ်ကိုင်တွယ်လာမယ်ဆိုရင် ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေကို ကိုဇော်မိုးထက်က အခုလို ဆက်ပြောပါတယ်။

“ကျနော်တို့ ဒီကရှိတဲ့ တိုင်းရင်းသား၊ အခြေခံလူတန်းစားတွေ လုပ်ကိုင်စားသောက် နိုင်လို့ ရနိုင်တဲ့ အခွင့်အလမ်းလေးတခုတော့ ဖန်တီးပေးမှ ရမှာဗျ။ အဲဒီတော့ ဒီလိုမျိုးမဟုတ်ပဲနဲ့ ဒီပုံစံအတိုင်းသွာမယ်ဆိုရင် မှော်ထဲမှာ ဘာပြဿနာတွေ ရှိနိုင်သလဲဆိုရင် ခိုး၊ လုယှက်မှုတွေ မလိုလားအပ်တဲ့ ဒုစရိုက်လုပ်ငန်းတွေ အများကြီးဖြစ်လာနိုင်တယ်။ နောက်ပိုင်းဆိုရင် ဆန္ဒပြ ပွဲတွေ တောင်ဖြစ်လာမယ့်အနေအထားရှိတယ်။”

ဒီတားမြစ်ချက်ဟာ ဒီနှစ်ဇန်နဝါရီလ၂၉ရက်နေ့က အရင်အစိုးရသက်တမ်းကာလပြီးဆုံးခါနီးမှာ ပြည်ထောင်စုလွှတ်တော်က ထပ်မံအတည်ပြုထားတဲ့ ကျောက်မျက်ဥပဒေအရ ထုတ်ပြန်တာဖြစ်ပါတယ်။

ဖားကန့်ဒေသက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်ကတော့ ဒီဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

“ကျနော်က အမျိုးသားလွှတ်တော်သံယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထဲမှာ ပါတယ်လေ။ ဒီနေ့လည်းအဲဒီအတွက်ဆွေးနွေးပါတယ် အဓိကကတော့ ကျနော်တို့ က ဒီ ဥပဒေကို ပြင်ဖို့လုပ်နေပါတယ်။ ပြင်လည်းပြင်ပြီးပြီ ပြင်ပြီးတော့မှ ကျနော်တို့ ဥပဒေကြမ်းကို ပို့ထားပြီးပြီ။ ဥပဒေကြမ်း က ပြန်ကျလာမှ အဲဒီမှာ နည်းဥပဒေကို ပြန်ဆွဲမှာ ၊ နည်းဥပဒေလည်း ကျနော်တို့ပဲ ဆွဲမှာပဲ။”

ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ရက်နေ့က အမျိုးသားလွှတ်တော်မှာ ကျောက်မျက်တူးဖော်ရေးလုပ်ကွက်တွေကို ရေမဆေးကျောက်ရှာဖွေသူတွေက ဥပဒေမဲ့ ကျူးကျော်နေတာကြောင့် ကုမ္ပဏီပိုင်ရှင်တွေ ရင်ဆိုင်နေရတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းဆောင်ရွက်မလဲ လို့ ရှမ်းပြည်နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က ဦးကျော်နီနိုင်က မေးမြန်းခဲ့တာဖြစ်ပါတယ်။

ဒီမေးခွန်းကို စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ဒီလိုဖြစ်ပျက်နေတာဟာ ဒေသတွင်း ဥပဒေစိုးမိုးမှုမရှိတာကြောင့်ဖြစ်ကြောင်းနဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို ရှင်းလင်းဖို့ အုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်က ရဲ၊ တပ်မတော်နဲ့ ညှိနှိုင်းဆောင်ရွက်နေကြောင်းဖြေကြားခဲ့ပါတယ်။

ဖားကန့်ဒေသမှာ စက်ယန္တယားကြီးတွေအသုံးပြုပြီး ကျောက်စိမ်းကို အလွန်အကျွံတူးဖော်နေတာကြောင့် သဘာဝပတ်ဝန်းကျင်ပျက်ဆီးရသလို နှစ်စဉ် ရေကြီးရေလျံတာတွေဖြစ်နေပါတယ်။ ကျောက်စိမ်းတူးဖော်ရာက ထွက်ရှိတဲ့ မြေစာတွေကို စနစ်တကျမစွန့်ပစ်တာကြောင့် မကြာခနဆိုသလို မြေစာပုံပြိုကျပြီး လူသေပျောက်တာတွေလည်း ဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG