သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဘေးရှောင်သူတွေကို မမေ့ဖို့ ဒေါ်စု တိုက်တွန်းချက် HRW ထောက်ခံ


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံမှာ ဒေါ်စု အဖွင့်အမှာစကား ပြောကြားစဉ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံမှာ ဒေါ်စု အဖွင့်အမှာစကား ပြောကြားစဉ်။

မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသားဒေသတွေမှာရှိနေတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေကို မေ့မထားသင့်ကြောင်း သမိုင်းဝင် ၂၁ ရာစု ပင်လုံ ညီလာခံ အဖွင့်မိန့်ခွန်းအတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ စစ်ဘေးဒဏ်တွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ IDP ဒုက္ခသည်တွေရဲ့ အခန်းကဏ္ဍဟာ အရေးအကြီးဆုံး အချက်ထဲမှာ ပါဝင်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကလည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

သြဂုတ်လ ၃၁ ရက်နေ့မှာ စတင်တဲ့ ၅ ရက်ကြာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ အဖွင့်မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က စစ်ဘေးရှောင် ဒုက္ခသည်တွေအရေးကို မေ့မထားကြဖို့ ညီလာခံကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကိုပြောကြားခဲ့ပါတယ်။

“အခုဆိုရင် တနိုင်ငံလုံးမှာ ရှိနေကြတဲ့ ကျမတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေ အားလုံးဟာ စိုးရိမ် မျှော်လင့်ချက်များနဲ့ စောင့်ကြည့်နေကြပါပြီ။ မငြိမ်းချမ်းသေးတဲ့ နယ်မြေဒေသတွေမှာ ရှိနေတဲ့ ကျမတို့ရဲ့ တိုင်းရင်းသား၊ တိုင်းရင်းသူတွေဟာလည်း ကျမတို့ရဲ့ ညီလာခံကြီး ဘယ်လို ဖြစ်လာမလဲဆိုတာကို အားကိုးတကြီး စောင့်မျှော်နေကြပြီ ဖြစ်ပါတယ်။ စစ်ဘေးရှောင်ဘို့ ဟိုဟိုဒီဒီ ပြေးလွှားနေကြရတဲ့ ဒုက္ခသည်တွေထဲမှာ အရွယ်အမျိုးမျိုး ပါနေပါတယ်။ သူတို့အားလုံးရဲ့ မျှော်လင့်ချက်တွေ မှေးမှိန် အားပျော့နေတာ ကြာခဲ့ပါပြီ။ ဒီတခါတော့ ဘယ်လိုများ ဖြစ်လာမလဲ ဆိုတာကိုလဲ မဝံ့မရဲနဲ့ မျှော်လင့်နေကြပါတယ်။ သူတို့ရဲ့ဒုက္ခတွေကို ကျမတို့တတွေ မေ့လို့ မဖြစ်ပါဘူး။”

IDP - လို့ ခေါ်တဲ့ ပြည်တွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးကြရသူတွေကို မကြာခန ဒုက္ခသည်တွေအဖြစ် မှားယွင်းစွာ ခေါ်ဆိုလေ့ ရှိကြပါတယ်။ တကယ်တော့ ဒီလူတွေဟာ နယ်စပ် ဖြတ်ကျော်ခြင်းမရှိပဲ ကိုယ့်တိုင်းပြည်အတွင်းမှာသာ အများအားဖြင့် ဘေးကင်းရာကို ထွက်ပြေး တိမ်းရှောင်နေကြသူတွေ ဖြစ်ပါတယ်။ စစ်မက် ဖြစ်ပွားခြင်း၊ ဖိနှိပ် ချုပ်ခြယ်ခြင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စတဲ့ ဒုက္ခသည်တွေ နယ်စပ်ကိုဖြတ်ကျော်ပြီး ပြည်ပကို ထွက်ပြေးရတဲ့ အခြေခံ အကြောင်းအချက်တွေနဲ့ တူညီတဲ့ အချက်တွေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးကြရတာ ဖြစ်ပေမယ့် ကိုယ့်တိုင်းပြည်အတွင်းမှာ ရှိနေတာသေးတာကြောင့် မိမိအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာပဲ တရားဝင် တည်ရှိနေကြသူတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း IDP တွေ အများဆုံး ရှိတဲ့ဒေသတွေကတော့ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့ ဖြစ်ကြပါတယ်။

UNHCR - ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်တဲ့ ၂၀၁၅ ခုနှစ် စာရင်းတွေအရ မြန်မာနိုင်ငံအတွင်းမှာ စစ်ဘေးရှောင် IDP ဒုက္ခသည်ပေါင်း ၆ သိန်းနီးပါး ရှိတယ်လို့ ဆိုပါတယ်။

Brad Adam ဟာ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အာရှရေးရာ ညွန်ကြားရေးမှူး ဖြစ်ပါတယ်။ သူက ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ IDP လို့ခေါ်တဲ့ ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြရသူတွေအရေးဟာ အရေးပါဆုံးကိစ္စရပ်တခုဖြစ်တယ်လို့ ပြောပါတယ်။

“ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေဟာ IDP - ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေး ကြရသူတွေအရေးဟာ အရေးအကြီးဆုံး အကြောင်းအရာ တခုဖြစ်ပါတယ်။ တိုင်းပြည်အတွင်းက တချို့နေရာတွေမှာ နှစ်ပေါင်း ၅၀ လောက် ကြာလာပြီဖြစ်တဲ့ ပြည်တွင်းစစ်ရဲ့ အနိဌာရုံတွေကို ဒီလူတွေ ကြုံတွေ့ ခံစားနေကြရတာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရဲ့ ပြည်တွင်းစစ် အဆုံးသတ်ရေးအတွက် လုပ်ဆောင်တဲ့ ဘယ်ကိစ္စမှာမဆို IDP တွေ နေရပ်ပြန်နိုင်ရေး၊ သူတို့ရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေးအခြေအနေတွေ ပြည်လည် တည်ဆောက်နိုင်မယ့် အခွင့်အရေးတွေ ဖန်တီးပေမယ့် အစီအစဉ်တွေ ပါဝင်သင့်ပါတယ်။ ဒီလူတွေ အများစုဟာ စစ်တပ်က အတင်းအကြပ် မောင်းထုတ်ခြင်း ခံခဲ့ကြရ သူတွေ ဖြစ်ပါတယ်။ တချို့ကတော့ အစိုးရတပ်ဖွဲ့မဟုတ်တဲ့ တခြား လက်နက်ကိုင် အဖွဲ့အစည်းတွေကြောင့် နေရပ် စွန့်ခွာ ထွက်ပြေးခဲ့ကြရတာ ဖြစ်ပါတယ်။”

ပြည်ပရောက် ကချင်အမျိုးသားအစည်းအရုံးက အမေရိကန်ဌာနခွဲရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ San Francisco မြို့က ကိုဇော်အောင် ကလည်း ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ ဒုက္ခသည်တွေကိစ္စဟာ အရေးပါကြောင်း ပြောပါတယ်။

“အထူးသဖြင့် ကျနော်တို့ ပြည်တွင်းစစ်ရဲ့ဒဏ်ကို ခံရတာကတော့ နယ်စပ်ဒေသဘက်မှာရှိတဲ့ တိုင်းရင်းသားတွေပေါ့နော်။ မြို့ဘက်မှာတော့ ဒီလောက် မသိသာဘူး။ ဒါပေမယ့် အဲဒီဘက်မှာ ကျနော်တို့ရဲ့ ကလေးတွေ၊ မိခင်တွေ၊ သက်ကြီးရွယ်အိုတွေက ထွက်ပြေး တိမ်းရှောင်ပြီးတော့မှ ဒုက္ခသည် စခန်းတွေမှာဆိုရင် အခုဆိုရင် နှစ်ရှည်လများ နေလာရတယ်။ သူတို့တွေက အစားအသောက် မလုံလောက်ဘူး၊ သန့်ရှင်းတဲ့ရေ မရဘူး၊ သူတို့ မိလ္လာစံနစ်တွေ အသေအချာ မရှိဘူး၊ အဲဒါကြောင့်မို့လို့ ရောဂါဘယတွေ ထူပျောပြီးတော့ ကလေးတွေ သေဆုံးတယ်။ နောက် ကလေးတွေကလည်း အစာရေစာ ငတ်မွတ်ပြီးတော့မှ ဒီ အဟာရတွေ ချို့တဲ့နေကြတယ်။ အဲဒါကြောင့်မို့လို့ သူတို့ကလည်းပဲ အင်မတန်မှ အိမ်ကို ပြန်ချင်လှပြီ။ ရွာကို ပြန်ချင်လှပြီ။ အခုအချိန်မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သူ့ရဲ့ မိန့်ခွန်းမှာ ဒီ တိုင်းရင်းသား ဒုက္ခသည်တွေ အရေးကို မမေ့ပါဘူး၊ ဂရုစိုက်နေပါတယ်ဆိုတာ သူ့မိန့်ခွန်းထဲမှာ ထည့်ပြောတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ ပြည်ပရောက် ကချင်အမျိုးသားတွေ အနေနဲ့လည်းပဲ ဒါကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။”

လက်ရှိကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ပြည်ပရောက် ကချင်အမျိုးသားတွေအနေနဲ့ အကောင်းမြင် ကြိုဆိုကြောင်း ပြောပါတယ်။

နေပြည်တော်မှာ ၅ ရက်ကြာ ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ကို အစိုးရ တာဝန်ရှိသူတွေ၊ တပ်မတော်အရာရှိကြီးတွေ၊ တိုင်းဒေသကြီးအစိုးရတွေကို ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း တက်ရောက်နေကြတာပါ။ ဒီညီလာခံကို မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ AA ရခိုင့်တပ်မတော်၊ ကိုးကန့်နဲ့ တာအာင်းတပ်ဖွဲ့တို့က တက်ရောက်ခြင်း မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG