သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး အစိုးရရှင်းလင်းချက် HRW တုံ့ပြန်


မောင်တောမြို့နယ် ကျေးရွာတရွာမှာ မီးလောင်ခံထားရတဲ့ ဈေးကို တွေ့မြင်ရစဉ် (အောက်တိုဘာ ၁၇ ရက်)
မောင်တောမြို့နယ် ကျေးရွာတရွာမှာ မီးလောင်ခံထားရတဲ့ ဈေးကို တွေ့မြင်ရစဉ် (အောက်တိုဘာ ၁၇ ရက်)

ရခိုင်ပြည်နယ် မောင်တောဒေသမှာ အခြေအနေမှန်တွေကို သိရဖို့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကို သွားခွင့်ပြုဖို့ လိုအပ်ကြောင်း HRW လူ့အခွင့်အရေးအဖွဲ့ကြီးက မြန်မာအစိုးရကို တိုက်တွန်း လိုက်ပါတယ်။

မောင်တောအရေးနဲ့ ပတ်သက်လို့ နေပြည်တော်မှာ မနေ့ ဗုဒ္ဓဟူးနေ့က ကျင်းပ တဲ့ မြန်မာအစိုးရရဲ့ သတင်းစာရှင်းလင်းပွဲအပေါ် HRW ရဲ့ တုန့်ပြန်ချက်တွေ ကို မအင်ကြင်းနိုင်က မေးမြန်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသမှာ ကျေးရွာအိမ်ပေါင်း ၄၀၀ကျော် မီးလောင်ခံ ရကြောင်းနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေကြောင်း နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးရဲ့ တနင်္လာနေ့က ထုတ်ပြန် လိုက်တဲ့အစီရင်ခံစာပါ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ မြန်မာအစိုးရက သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာပါ။

HRW ရဲ့အစီရင်ခံစာမှာ satellite ဂြိုလ်တုကနေ ရိုက်ထားတဲ့ ဓါတ်ပုံတွေအရ မီးရှို့ ဖျက်စီးခံရတဲ့ ကျေးရွာအိမ် စုစုပေါင်း (၄၃၀)ရှိနေတယ်ဆိုတဲ့ ဖေါ်ပြချက်နဲ့ ပတ်သက် လို့ တာဝန်ရှိသူတွေဘက်က တပ်မတော် ရဟတ်ယာဉ် နဲ့ မောင်တောဒေသတ ဝိုက် ကျေးရွာတွေကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ မှာ စုစုပေါင်း (၁၅၅)လုံးသာ မီးလောင်ပျက်စီးခဲ့တာသာတွေ့ရှိရကြောင်း သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ HRW ရဲ့ အာရှရေးရာတာဝန်ခံ Brad Adams က အခုလိုတုန့်ပြန်ပါတယ်။

"မောင်တောခရိုင်တွင်း ကျေးရွာသုံးရွာမှာ အိမ်ပေါင်း (၄၃၀) မီးလောင်ထား တဲ့ဓါတ်ပုံတွေကို ကျနော်တို့ ဂြိုလ်တုကနေ ရိုက်ကူးဖေါ်ပြမှုအပေါ်မှာ သူတို့အသေ အချာကြည့်ရှုစစ်ဆေးတဲ့အတွက် ကျနော်တို့ ကျေနပ်မိ ပါတယ်။ မြန်မာအစိုးရ ဘက်ကတော့ ဒီအရေအတွက်ကို ငြင်းပါတယ်။ သူတို့က ရဟတ်ယာဉ်သုံးပြီး မီးလောင်ထားတဲ့အိမ်တွေကို လိုက်ပြီးရေတွက်တဲ့အခါမှာ ၂၀၀ ကျော်ပဲရှိတယ် လို့ပြောပါတယ်။ အဲတော့ ပျက်စီးမှုတွေရှိနေတယ်ဆိုတာ သူတို့ဝန်ခံပေမဲ့ ကျနော် တို့ တင်ပြထားတာလောက် မဆိုးဘူး ဆိုတာပြောနေ တာဖြစ်ပါ တယ်။ နောက် ပြဿနာက ရဟတ်ယာဉ်ပျံသန်းမှု မြန်တော့ ဂြိုလ်တုကနေ ရတဲ့ အချက်အလက်တွေနဲ့ ယှဉ်ရင် ရတဲ့ သတင်းအချက်အလက်တွေ ကွာခြားပါ တယ်။ ဒါအပြင် ကျနော်တို့မှာ ရွာတွေ မီးမလောင်ခင် အခြေအနေတွေနဲ့ မီးလောင်ပြီး အခြေအနေတွေ ကို ပြနေတဲ့ အထောက်အထား ဓါတ်ပုံတွေကို ဂြိုလ်တုက ရရှိထားတာပါ။ ဒါကြောင့် ဒီဓါတ်ပုံတွေကို နှိုင်းယှဉ်ကြည့်ပြီး မီးလောင်ခံရ တဲ့အိမ်အလုံး အရေအတွက်ကို ကျနော်တို့က အတိအ ကျပြောနိုင်တာပါ။"

ဒါအပြင် အဲဒီဒေသမှာ လုံခြုံရေးတပ်တွေကို အကြမ်းဖက်သမားတွေက ဓါး၊ လှံ၊ ဝါးချွန်တွေ၊ လက်လုပ်ဗုံးတွေနဲ့ အုပ်စုလိုက် တိုက်ခိုက်မှုတွေနဲ့ လုံခြုံရေးတပ်တွေ ဘက်က ကျဆုံးတဲ့သတင်းတွေကို မြန်မာအစိုးရဘက်က ထုတ်ပြန်ထားပေမဲ့ လည်း လွတ်လပ်တဲ့ သတင်းမီဒီယာအဖွဲ့တွေ၊ ကျွမ်းကျင်တဲ့ သတင်းထောက်တွေ သွားရောက်ပြီး သတင်းယူခွင့်မရတဲ့အတွက် ဘာတွေဖြစ်နေသလဲဆိုတာ သူတို့ အနေနဲ့ မှန်မှန်ကန်ကန် မသိရဘူးလို့ Brad Adams ကဆိုပါတယ်။ ဒါကြောင့် ပုဂ္ဂလိက သတင်းမီဒီယာတွေကိုပါ သွားခွင့်ပြုဖို့ အစီအစဉ် ရှိကြောင်း မြန်မာအစိုးရ က ပြောကြားခဲ့အတွက် HRW က ကြိုဆိုကြောင်း တဆက်တည်း အခုလိုပြောသွား ပါတယ်။

"ရခိုင်ပြည်နယ် မောင်တောဒေသက ကျေးရွာအိမ်တွေ မီးရှို့ဖျက်စီးမှုနဲ့ အခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး သွားရောက်ကြည့်ရှုဖို့ သ တင်းထောက်တွေကို ခွင့်ပြုမှာဖြစ်တယ်လို့ မြန်မာအစိုးရ က ပြောကြားခဲ့ တဲ့အ တွက် ကျနော်တို့ ဝမ်းသာမိပါတယ်။ နောက်ပြီး လွတ်လပ်တဲ့ သတင်းမီဒီ ယာအဖွဲ့အစည်းတွေအားလုံးသာမက မြန်မာနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေကိုပါ လာခွင့်ပေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီဒေသမှာ ဘာတွေဖြစ်နေလဲဆိုတဲ့ အခြေအနေမှန်တွေကို ကျနော်တို့ ရဖို့ လိုအပ်ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာလည်း ဦးဇော်ဌေးက ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ် သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီကို ဖွဲ့စည်း လိုက်ကြောင်း ပြောသွားပါတယ်။ ကော်မတီ ဥက္ကဋ္ဌ အဖြစ် နိုင်ငံတော်အ တိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်နဲ့ ဒုဥက္ကဌ အဖြစ် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ဗိုလ်ချုပ်စိုးနိုင်ဦးတို့ဖြစ်ပြီး အချိန်နဲ့ တပြေးညီ သတင်းထုတ်ပြန် သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ အခုလို သတင်းထုတ်ပြန်မှာကို ကြိုဆိုပေမဲ့ သတင်းအဖွဲ့ထဲမှာ စစ်တပ်အရာရှိတွေ ပါနေတဲ့ အတွက် နိုင်ငံတကာ အသိုင်း အဝိုင်းက ယုံကြည်မှုရှိမှာမဟုတ်ဘူးလို့ Brad Adams ကပြောပါတယ်။

"တကယ်လို့များ ဒီသတင်းအဖွဲ့မှာ လုံခြုံရေးတပ်တွေဘက်ကပါနေမယ်ဆိုရင် ကျနော်တို့ကတော့ ယုံကြည်မှုရှိမှာ မဟုတ်ပါဘူး။ ဒီလုံခြုံရေးတပ်တွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်လို့ စွပ်စွဲခံထားရတာပါ။ စစ်တပ်ရဲ့ အကျိုးစီးပွား ပါနေပြီး လွတ်လပ်တဲ့ သတင်းမီဒီယာ အဖွဲ့မဟုတ်ဘူးဆိုတာက ထင်ရှားပါတယ်။"

မောင်တောဒေသမှာ အကြမ်းဖက်မှုတွေဖြစ်နေတဲ့ အခြေအနေ ကို နိုင်ငံတကာ အနေနဲ့ မှန်မှန်ကန်ကန် သိနိုင်ဖို့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ အပါအဝင် ကုလသမဂ္ဂနဲ့ အခြား ပဋိပက္ခအရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာကျွမ်းကျင်သူတွေ သွားရောက်ကြည့်ရှုခွင့်ပြုဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာအစိုးရကို တိုက်တွန်းနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG