သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ ကချင်ခရစ်ယာန်သင်းထောက် ၂ ဦး မိသားစုနဲ့ တွေ့ခွင့်ရ


Sankt-Peterburg, Rossiya
Sankt-Peterburg, Rossiya

ပြီးခဲ့တဲ့ ဒီဇင်ဘာလကစလို့ မြန်မာစစ်တပ်က ဖမ်းဆီးထားတဲ့ မုံးကိုး ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်က သင်းထောက်ဆရာနဲ့ လူငယ်တာဝန်ခံတယောက်ကို အင်္ဂါနေ့မှာတော့ မူဆယ်ရဲစခန်းကို လွှဲပြောင်းပေးလိုက်ပါတယ်။

သူတို့ရဲ့ မိသားစုဝင်တွေ သွားရောက် တွေ့ဆုံခွင့်ရခဲ့ပေမဲ့ သူတို့ကို ဘယ်လိုစွဲချက်တွေနဲ့ တရားစွဲထားတယ်ဆိုတာ သေချာ မသိရသေးတဲ့အကြောင်း မုန်းမောင်ဇုန် ကချင်နှစ်ခြင်းအသင်းတော်များအဖွဲ့ အတွင်းရေးမှူး ဆရာတော်က မိန့်ပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေကတော့ သူတို့နှစ်ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတာပါ။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

တိုက်ပွဲတွေဖြစ်နေတဲ့ ရှမ်းပြည်မြောက်ပိုင်း မုံးကိုးဒေသမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့က ပျောက်သွားခဲ့တဲ့ မုံးကိုး ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်က သင်းထောက်ဆရာ ဦးဒွမ်ဒေါ့နောင်လတ်နဲ့ လူငယ်တာဝန်ခံ ဓမ္မဆရာ ဦးလန်းဂျော်ဂမ်ဆိုင်း တို့ကို မြန်မာစစ်တပ်က သူတို့ ဖမ်းဆီးထားတာ ဖြစ်တဲ့အကြောင်း ထုတ်ပြန်ပြောဆိုခဲ့ပြီး တပတ်နီးပါးအကြာ အင်္ဂါနေ့က မူဆယ် ရဲစခန်းကို လွှဲပြောင်းပေးလိုက်တာပါ။

လွှဲပြောင်းလိုက်တဲ့နေ့မှာပဲ သူတို့ရဲ့ မိသားစုဝင်တွေ ရဲစခန်းမှာ သွားရောက် တွေ့ဆုံခွင့် ရခဲ့တဲ့အကြောင်း မုံးကိုး ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် အပါအဝင် ဖြစ်တဲ့ မုန်းမောင်ဇုန်နယ်မြေ ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်များအဖွဲ့ အတွင်းရေးမှူး ဆရာတော် ဇောင်းရာ က မိန့်ပါတယ်။

“ဒီနေ့တော့ သူတို့မိသားစုတွေက သွားတွေ့ကြတယ်။ တွေ့ခွင့်တော့ရတယ်ပေါ့။ ကျနော်တို့ ဆရာတော်တွေကတော့ မနက်ဖြန်မှ သွားတွေ့မယ်ခင်ဗျ။ သူတို့ အမှုဖွင့်မှပဲ ဘာအမှုနဲ့ စွဲထားတယ်ဆိုတာ ကျနော်တု့ိ တကယ် အတိအကျပေါ့ သိနိုင်မှာဖြစ်ပါတယ်။ မနက်ဖြန် ရဲနဲ့ တွေ့ပြီးတော့မှပဲ ကျနော်တို့ ဘာတွေ ဆက်လုပ်မယ်ဆိုတာ ကျနော်တို့ ပြောနိုင်မှာဖြစ်တယ်။”

မုံးကိုး ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်က သင်းထောက်ဆရာ ဦးဒွမ်ဒေါ့နောင်လတ် နဲ့ လူငယ်တာဝန်ခံ ဓမ္မဆရာ ဦးလန်းဂျော်ဂမ်ဆိုင်း တို့ဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း မုံးကိုးဒေသမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းမီဒီယာတွေကို အသိပေး ပြောဆိုတာတွေ ရှိခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့လထဲမှာပဲ မြန်မာစစ်တပ်က ဖမ်းဆီး ထိန်းသိမ်းတာကို ခံခဲ့ရတာပါ။ အစောပိုင်းတုန်းကတော့ ဘယ်သူဘယ်ဝါ တွေက ဖမ်းဆီးသွားခဲ့တယ်ဆိုတာ သေချာမသိခဲ့ရပါဘူး။ ဒီဇင်ဘာလ ၂၄ ရက်နေ့ကတည်းက သူတို့ ပျောက်ဆုံးသွားခဲ့ပေမဲ့ သူတို့ဖမ်းဆီးထားတယ်ဆိုတာကို မြန်မာစစ်တပ်က ဇန်နဝါရီလ ၁၉ ရက်နေ့ကမှ ထုတ်ပြန် ပြောခဲ့တာပါ။

တကယ်လို့ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေကသာ သူတို့နဲ့ပတ်သက်ပြီး တစုံတရာ ဖိအားပေး တောင်းဆိုတာတွေမရှိရင် အခုလို မူဆယ်ရဲစခန်းကို လွှဲပြောင်းပေးတဲ့ အခြေအနေတောင် ဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့တခု ဖြစ်တဲ့ Human Rights Watch အဖွဲ့ရဲ့ အာရှရေးရာ ဒုတိယညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။

“ကချင်ပြည်နယ်အတွင်းက ဒေသခံအဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်းပြီး ဒီကိစ္စကို ကျနော်တို့ဘက်ကသာ မဖော်ထုတ်ခဲ့ဘူးဆိုရင် မြန်မာစစ်တပ်အနေနဲ့ ဒီလူနှစ်ယောက်ကို သူတို့ ဖမ်းထားတယ်ဆိုတာကို ဝန်ခံမှာ မဟုတ်ပါဘူး။ သေချာတာကတော့ မြန်မာစစ်တပ်က သူတို့ကို ဆက် ဖမ်းထားပြီး ဖျောက်ထားလိုက်မှာပါ။ ဒါပေမဲ့ ဒီလူတွေ ပျောက်သွားတဲ့အကြောင်းနဲ့ ပျောက်သွားတဲ့ အခြေအနေကလည်း စစ်တပ်က စခန်းတခုကိုလာဖို့ ခေါ်တဲ့အတွက် သွားတဲ့အချိန်မှာ ပျောက်သွားတာကြောင့် ဒီလို ဆက်စပ်နေတဲ့ အခြေအနေတွေက ဖုံးဖိလို့ မရတဲ့အဆုံး နောက်ဆုံးမှာ မြန်မာစစ်တပ်က ဝန်ခံလိုက်တာပါ။”

တကယ်တော့ သူတို့နှစ်ဦးဟာ ဒေသတွင်း တိုက်ပွဲတွေမှာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အများသိရှိအောင် ထုတ်ဖော်ရာမှာ ကူညီပေးခဲ့တဲ့အတွက် မြန်မာစစ်တပ်ဘက်က လက်တုံ့ပြန် ဖမ်းဆီးတာကို ခံခဲ့ရပုံရတယ်လို့လည်း မစ္စတာ Robertson က ပြောပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထုတ်ဖော်ပြောဆိုကြတဲ့ လူပုဂ္ဂိုလ်တွေအပေါ် အာဏာပိုင်တွေက လက်တုံ့ပြန် အရေးယူမှာကို စိုးရိမ်တဲ့အကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ၁၂ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အဆုံးသတ်ခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Ms. Yanghee Lee ကလည်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG