သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်သတင်းလောက အီဒီယံအသုံးအနှုန်းများ


မျက်မှောက်သတင်းလောက အီဒီယံအသုံးအနှုန်းများ
မျက်မှောက်သတင်းလောက အီဒီယံအသုံးအနှုန်းများ

ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်သတင်းလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံ အသုံးတချို့ဖြစ်တဲ့ Do or die , Run out of gas နဲ့ Get by the throat တို့ကို တင်ပြထားပါတယ်။

(၁) Do or die

Do (လုပ်တာ) ၊ or (သို့မဟုတ်) Die ( သေတာ) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက် အဓိပ္ပါယ်က တခုခုကို လုပ်ရင်လုပ်၊ မလုပ်ရင်သေ ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက် လာ တာက ၁၉ ရာစုနှောင်းပိုင်းဖြစ်တဲ့ ၁၇၉၃ ခုတုန်း က Scotland လွတ်လပ်ရေးရဖို့ ပထမဆုံး တိုက်တဲ့စစ်ပွဲနဲ့ပတ်သက်လို့ ကဗျာဆရာကြီး Robert Burns ရေးစပ် တဲ့ ကဗျာရဲ့နောက်ဆုံးအပိုဒ်မှာ ရက်စက်တဲ့အာဏာရှင်ကို အသက်သေခံပြီး အပြုတ်တိုက်ဖို့ တိုက်တွန်းရာမှာ “Do or Die” ကို အသုံးပြုထားတာဖြစ်တယ်လို့ ဆိုပါတယ်။

အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ ကျမတို့မြန်မာ မှာ “ရှင်ရွှေထီး ၊သေမြေကြီး” ဆိုတဲ့ အသုံးနဲ့ဆင်တူတယ်လို့ ဆိုရမှာပါ။ သိပ်ကိုအရေးကြီးလှတဲ့အတွက် ဘယ်လိုမှ ရှောင် လွှဲလို့မရဘဲ အသက်လုပြီး အရဲစွန့်လုပ်ရမယ့် စွမ်းဆောင်မှုမျိုးဖြစ်ပါတယ်။ မလုပ်ဘဲ နေလို့မရတော့တဲ့အနေအထားမို့ စွန့်စားလုပ်ရမှာမို့ ဆုံးရှုံးမှု၊ ပေးဆပ်မှုများတဲ့ အန္တရာယ် ရှိတာကို ဆိုလိုတာဖြစ်ပါတယ်။ ဒီအသုံးကို ဇူလိုင်လ ၂၄ ရက်နေ့က ဗြိတိန် ဝန်ကြီးချုပ် သစ် ဖြစ်လာတဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Boris Johnson ဟာ Brexit ဆိုတဲ့ EU သမဂ္ဂကနေ ဗြိတိန် နုတ်ထွက် ရေးကို ထောက်ခံအားပေးသူဖြစ်တဲ့ အတိုင်း သူ့အနေနဲ့ ဗြိတိန်ကို အောက်တိုဘာလ ၃၁ ရက် နောက်ဆုံးထား ပြီး EU နဲ့ သဘော တူညီမှု ညှိနှိုင်းလို့ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဘယ်လိုပဲဖြစ်ဖြစ်၊ မဖြစ်မနေ နုတ်ထွက်ဖြစ်အောင် နုတ်ထွက်ဖို့လုပ်မယ်လို့ကတိပေးခဲ့တဲ့အတွက် Irish Times သတင်းစာကြီးက “Boris Johnson promises ‘do-or-die’ Brexit by October 31st” ဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာဖြစ်ပါတယ်။

ဥပမာ

It was a “do or die” situation for the U.S. Women’s team. They played well in the championship game and won the 2019 FIFA Women’s World Cup!

အမေရိကန်အမျိုးသမီးအသင်းက ဘာကြီးပဲဖြစ်ဖြစ ်အနိုင်ကစားရမယ့် အခြေအနေရောက်ခဲ့တယ်။ နောက်ဆုံး ဗိုလ်လုပွဲမှာ အသင်းကစားတာလည်းကောင်းတော့ ၂၀၁၉ FIFA အမျိုးသမီးကမ္ဘာ့ဖလားဆုကို နိုင်လိုက်တယ်။

(၂) Run out of gas

Run out of ( ကုန်သွားတာ) Gas က (ဓါတ်ဆီ) ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ဓါတ်ဆီကုန်သွားတာဖြစ်ပါတယ်။ ဒီနေရာမှာ တကျောင်း တဂါထာ၊ တရွာ တပုဒ်ဆန်းဆိုသလို သာမန် အင်္ဂလိပ်အသုံး ဓါတ်ဆီကို petrol လို့ခေါ်ပေမဲ့ အမေရိကန်က gasoline အတိုကောက် gas လို့ ခေါ်တာ ဖြစ်ပါ တယ်။ မော်တော်ကားမောင်းရာမှာ ဓါတ်ဆီကုန်သွားပြီဆိုရင်ဆက်မောင်းလို့မရနိုင်တော့သလို အီဒီယံရဲ့ သွယ်ဝိုက် အဓိပ္ပါယ်ကလည်း နေ့စဉ်ဘဝမှာ လူတွေမှာ စိတ်ဓါတ်၊ ဇွဲလုံ့လ၊ စွမ်းအင်၊ ငွေအင်အား၊ ထောက်ခံမှု စသဖြင့်တို့ ကုန်ခမ်းလာပြီး နောက်ဆုံးမှ ဘာမှမတတ်နိုင်ဘဲ လက်လျှော့လိုက်ရတာ၊ လုပ်ငန်းကိုရပ်လိုက်ရတာ၊ ကျမတို့မြန်မာမှာ မီးဇာကုန်ဆီခမ်းတဲ့အသုံးနဲ့ဆင်တူတဲ့အနေအထားမျိုးဖြစ်လာတာပါ။ တနည်း ဝန်နဲ့အား မမျှတဲ့အခါ ကြာရင်လက်ပန်းကျလာတာမျိုး၊ ကြာလာတော့ စိတ်ဝင်စားမှုနည်းလာတာ၊ ငြီးငွေ့လာပြီး ဆက်မလုပ်ချင်တော့တဲ့အနေအထားမျိုးလည်း ဖြစ်ပါတယ်။

ဒီ အသုံးကို ကမ္ဘာ့ဒုတိယစီးပွါးရေးအင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံရဲ့စီးပွါးရေး ဖွံ့ဖြိုးမှုနှုန်းဟာ ၆.၂ % ရှိမယ်လို့ ခန့်မှန်းထားသလို ဒါဟာ အရင်နှစ်တွေကထက် နည်းတဲ့ အပြင် အမေရိကန်နဲ့ ကုန်သွယ်ရေးစစ် ကြောင့် ပို စိုးရိမ်နေရတဲ့အတွက် တရုတ်အစိုးရ ဦးစီးတဲ့ စီးပွါးရေးဖွ့ဖြိုးမှု ပုံစံဟာ အလုပ်မဖြစ်တော့ဘူး ဆိုပြီး Wall Street Journal သတင်းစာကြီးက “China’s State-Driven Growth Model Is Running Out of Gas” ဆိုတဲ့ခေါင်းကြီးနဲ့ ရေးသားခဲ့တာဖြစ်ပါတယ်။

ဥပမာ

China’s plan to revive the Myitsone dam project seemed to have “run out of gas.”

မြစ်ဆုံရေကာတာစီမံကိန်းကိုပြန်စဖို့ တရုတ်ရဲ့အစီအစဉ်ကြည့်ရတာ မီးဇာကုန်ဆီခမ်းနေ တဲ့ အခြေအနေ ရောက်နေပုံရတယ်။

(၃) Get by the throat

Get (ယူတာ) by the throat (လည်ပင်းကနေ) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက် အဓိပ္ပါယ်က လည်ပင်း ကနေ ယူတာ ဖြစ်ပါတယ်။ တနည်းတော့ လည်ပင်း ဒါမှမဟုတ် လည်မျိုကိုညှစ်တာ ဖြစ်ပါတယ်။ ဒီ Idiom မှာ Get အနောက်မှာ someone (တဦး တယောက်) ဒါမှမဟုတ် something (တခုခု) ကို ထည့်ပြီး Get someone by the throat ဒါမှမဟုတ် Get something by the throat လို့ သုံးလေ့ရှိပါတယ်။

Idiom အဓိပွါယ်က လူတဦး ဒါမှဟုတ် တခုခုကို အပိုင်ချုပ်ကိုင်နိုင်ဖို့လုပ်တာဖြစ်ပါတယ်။ ဒီအသုံးကို စီးပွါးရေး အားကောင်းတဲ့ တရုတ်နိုင်ငံဟာ ကမ္ဘာတဝှမ်း ဖွံ့ဖြိုးဆဲနိုင်ငံတွေကို အခြေခံယန္တရား အဆောက်အအုံတွေ အတွက် အတိုးနှုန်းမြင့်မြင့်နဲ့ငွေထုတ်ချေးထားတဲ့ အတွက် ဆင်းရဲတဲ့နိုင်ငံတွေဟာ တရုတ် အကြွေး းပိနေကြလို့၊တရုတ်ဟာ ကမ္ဘာကြီးကို လည်မျိုညှစ်ထားတယ် ဆိုပြီး Bloomberg စီးပွါးရေးစာစောင်မှာ “China’s Got the World by the Throat” ဆိုတဲ့ခေါင်းကြီးနဲ့ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

The boss has got John “by the throat.” So John is completely under his control.

ဆရာသမားက John ကို အပိုင်ကိုင်ထားနိုင်တော့ သူက John ကို လုံးဝထိန်းချုပ်ထားနိုင်တာတွေ့ရတယ်။

----------------------------------

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG