သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဓမ္မလုပ်အားပေး ပပျောက်ရေး မြန်မာအစိုးရ ထိထိရောက်ရောက် မလုပ်


ILO နှစ်ပတ်လည် အစည်းအဝေး ကျင်းပနေစဉ်။ ဇွန် ၂၊ ၂၀၁၀။
ILO နှစ်ပတ်လည် အစည်းအဝေး ကျင်းပနေစဉ်။ ဇွန် ၂၊ ၂၀၁၀။

မြန်မာနိုင်ငံမှာ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှု ပပျောက်ရေးအတွက် ၁၉၉၈ ခုနှစ်က လုပ်ခဲ့တဲ့ ILO စုံစမ်းရေး ကော်မရှင်ရဲ့ အကြံပြု တိုက်တွန်းချက်တွေကို မြန်မာအစိုးရ အနေနဲ့ အပြည့်အ၀ လိုက်နာဆောင်ရွက်ဖို့ နှောင့်နှေးနေတယ်လို့ ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖဲွဲ့ချုပ်က အပြစ်တင်လိုက်ပါတယ်။ တချို့နေရာတွေမှာတော့ စနစ်ချပြီး လုပ်တဲ့ အဓမ္မ လုပ်အားပေး နည်းသွားတယ် ဆိုတာကိုလည်း ILO က အသိအမှတ် ပြုပါတယ်။ ဒီနေ့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ လုပ်တဲ့ ILO နှစ်ပတ်လည် အစည်းအဝေးကြီးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဘာတွေ ဆုံးဖြတ်ချက် ချခဲ့သလဲ ဆိုတာ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှု ပပျောက်ရေးအတွက် မြန်မာအစိုးရ အနေနဲ့ ILO နဲ့ ပူးပေါင်းဆောင်ရွက်တာ၊ ပညာပေးလုပ်ငန်း လုပ်ဆောင်တာမျိုးတွေ ရှိပေမဲ့ ဒါတွေဟာ လုံလောက်တဲ့ အဆင့်ကို မရောက်သေးဘူးလို့ ဂျနီဗာမှာလုပ်တဲ့ ILO နှစ်ပတ်လည် အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့ကြတာပါ။ ရန်ကုန်မှာရှိတဲ့ ILO ကိုယ်စားလှယ်ရဲ့ အစီရင်ခံချက်နဲ့ အခြား ကျွမ်းကျင်သူတွေရဲ့ လေ့လာသုံးသပ်ချက်၊ မြန်မာအစိုးရဘက်က ဖြေရှင်းတင်ပြချက်တွေကို အခြေခံပြီး ဒီဆုံးဖြတ်ချက် ထွက်လာတာပါ။

မြန်မာအစိုးရဘက်က ဆောင်ရွက်ချက်တွေကို အသိအမှတ်ပြုပေမဲ့ အရေးတကြီး လုပ်ဆောင်စရာတွေ အတော်များများ ရှိသေးတယ်လို့ ILO အမှုဆောင် ညွှန်ကြားရေးမှူး ကယ်ရီ တပ်ပီယိုလာ (Kari Tapiola) က ပြောပါတယ်။

“အချို့အချက်တွေ၊ အခြေအနေတွေ လုပ်နိုင်ခဲ့တယ် ဆိုတာကို အသိအမှတ် ပြုပါတယ်။ အစိုးရအနေနဲ့ ရန်ကုန်မှာရှိတဲ့ ILO ကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ အချို့အမှုလေးတွေ အထူးသဖြင့် စစ်တပ်ကနေ အသက်မပြည့်တဲ့ ကလေးငယ်တွေကို အတင်းခေါ်ယူ စုဆောင်း ခိုင်းစေတာမျိုးတွေမှာ ဖြေရှင်း ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ သူတို့ကို မိဘနေရပ်ထံ ပြန်ပို့ပေးခဲ့ပါတယ်။ ဒါ့အပြင် ပညာပေးလုပ်ငန်းတွေ၊ လက်ကမ်းစာစောင် ဖြန့်ချိမှုတွေ အချို့အဆင့်မှာ ဆောင်ရွက်နိုင်ခဲ့တာ ရှိပါတယ်။

“ဒါပေမဲ့ အခြေအနေ တခုလုံးကို ခြုံပြီး ကြည့်မယ်ဆိုရင်တော့ ILO စုံစမ်းရေး ကော်မရှင်က ၉၈ တုန်းက ထုတ်တဲ့ အကြံပြုချက်တွေရဲ့ ရည်မှန်းချက်နဲ့ ချိန်ကြည့်ရင်တော့ အစိုးရက ဆောင်ရွက်တဲ့ အပိုင်းတွေ လုံး၀ မပြည့်စုံ မလုံလောက်သေးပါဘူး။ အခု အစိုးရ ဆောင်ရွက်တဲ့ အဆင့်တွေဟာ အရေးပါပါတယ်။ ဒါပေမဲ့ အခြေအနေက လုံးလုံး ပြောင်းလဲသွားတဲ့ အနေအထား မရှိသေးပါဘူး။”

မြန်မာနိုင်ငံမှာ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှု ပပျောက်ရေးအတွက် ILO ထံ တိုင်ကြားရေး စနစ်တရပ် ထားရှိမှုကို မြန်မာအစိုးရဘက်က ခွင့်ပြု သဘောတူခဲ့ပါတယ်။ ILO ကိုယ်စားလှယ်ထံကို တိုင်ကြားသူတွေအပေါ် အစိုးရက အရေးမယူပါဘူး ဆိုတာလည်း သဘောတူထားပါတယ်။ ဒါပေမဲ့ အဲဒီ တိုင်ကြားရေးစနစ်နဲ့ ပတ်သက်လို့ ဖမ်းဆီးခံခဲ့ရတဲ့အမှု ပြီးတဲ့နှစ်အတွင်း တခုဖြစ်ခဲ့တယ်လို့ ကယ်ရီ တပ်ပီယိုလာက ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ်မှာ တိုင်ကြားရေးစနစ်နဲ့ ပတ်သက်လို့ ဖြစ်တဲ့ အမှုတခု ရှိပါတယ်။ အဲဒီ အောင်လံကိစ္စမှာ ၁၇ ဦး ဆက်စပ် အဖမ်းခံရပါတယ်။ အဲဒီအထဲက ၁၄ ဦး ပြန်လွတ်လာပါတယ်။ ဒါပေမဲ့ ကျန်တဲ့လူတွေဟာ ILO တိုင်ကြားရေးစနစ်နဲ့ မဆိုင်ဘူး၊ အခြားအမှုတွေနဲ့ ဖမ်းထားတာလို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒါပေမဲ့ ILO အနေနဲ့တော့ ဒါဟာ တိုင်ကြားရေးစနစ်နဲ့ ပတ်သက်ပြီး အရေးယူခံရတယ်လို့ ယူဆထားပါတယ်။”

ILO ကို တိုင်လို့ ဖမ်းခံရသူတွေ ရှိပေမဲ့ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုမှာ တာဝန်ရှိသူတွေကို အရေးယူတာမျိုး အားနည်းတယ်ဆိုပြီး ILO က ဝေဖန်ထားပါတယ်။ ILO တိုင်ကြားရေးစနစ်ဟာ တနိုင်ငံလုံးအဝန်းနဲ့ လုပ်ဆောင်ပေးနိုင်ခြင်း မရှိဘူးလို့လည်း ILO က ဝန်ခံပါတယ်။ ဒါပေမဲ့လည်း အခုအခြေအနေမှာ ထူးထူးခြားခြား အောင်မြင်တာမျိုး မရှိသေးပေမဲ့ အခြေအနေတွေက နောက်ပြန်ဆုတ်နေတာလည်း မဟုတ်ဘူးလို့ အမှုဆောင် ညွှန်ကြားရေးမှူး မစ္စတာ တပ်ပီယိုလာက ပြောပါတယ်။ အခုဆိုရင် လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့် ကိစ္စကိုတောင် မြန်မာအစိုးရနဲ့ စပြီး စကားပြောဆိုမှု ရှိတယ်လို့ ဆိုပါတယ်။

“လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့် ကိစ္စနဲ့ ပတ်သက်လို့ အစိုးရနဲ့ ကျနော်တို့ စတင်ဆွေးနွေး ပြောဆိုနေတာတွေ ရှိပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲပြီးရင် အစိုးရ အနေနဲ့က လွတ်လပ်တဲ့ အသင်းအပင်းကိစ္စ ဥပဒေဆိုင်ရာတွေ လုပ်လာရမယ့်သဘော ရှိပါတယ်။”

လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့် ကိစ္စနဲ့ ပတ်သက်လို့ပဲ လာမယ့် ကြာသပတေးနေ့ ILO နှစ်ပတ်လည် အစည်းအဝေးကြီးထဲမှာ မြန်မာနိုင်ငံကိစ္စကို ဆွေးနွေးကောင်း ဆွေးနွေးဖွယ်ရှိတယ်လို့ မစ္စတာ တပ်ပီယိုလာက ပြောပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ ဥပဒေပြုရေးပိုင်းမှာ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှု ပပျောက်ရေး ကိစ္စကို အသေအချာ ကိုင်တွယ်ဖို့ ဥပဒေတွေမှာ အတိအကျ ဖော်ညွှန်းဖို့ ILO က တိုက်တွန်းနေပါတယ်။ ဒီလို ဥပဒေပိုင်းတွေ ထုတ်ပြန်ရာမှာလည်း ILO ရဲ့ သတ်မှတ်ချက်အတိုင်း ပြည့်မီဖို့နဲ့ ILO ကွန်ဗန်းရှင်း အမှတ် ၂၉ ပါ အချက်အလက်တွေနဲ့ ဆီလျော်ဆက်စပ်ဖို့ လိုမယ်လို့ မြန်မာအစိုးရကို သတိပေးထားပါတယ်။

XS
SM
MD
LG