သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခေါင်းဆောင်ကြီးတွေ မျှော်မှန်းခဲ့တဲ့ လွတ်လပ်ရေးရပြီလား


မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တာ ဒီကနေ့မှာ ၆၉-နှစ်ပြည့်ပြီ ဖြစ်ပေမဲ့ လွတ်လပ်ရေး ခေါင်းဆောင်ကြီးတွေ မျှော်မှန်းခဲ့တဲ့အတိုင်း လွတ်လပ်ရေးရဲ့ အသီးအပွင့်တွေကို ဗမာ အပါအဝင် တိုင်းရင်းသားလူမျိုးစုတွေက အခုချိန်ထိ အပြည့်အဝ မခံစားရသေးဘူးလို့ လွတ်လပ်ရေး ကြိုးပမ်းမှုမှာ ကိုယ်တိုင်ပါဝင်ခဲ့သူတွေရဲ့ သားသမီးတွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တချို့က ပြောဆို ပါတယ်။

လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်ရေးကိစ္စမှာ လက်နက်ကိုင်နည်းနဲ့ ဖြေရှင်းလို့ မရနိုင်ဘူးဆိုတာ လက်နက်ကိုင်သူတွေ အားလုံး နားလည်လက်ခံဖို့ လိုကြောင်းလည်း တိုက်တွန်းကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေက မဆုတ်မနစ် ကြိုးပမ်းခဲ့ကြတာကြောင့် ၁၉၄၈ ခုနှစ် ဇန္နဝါရီ ၄ ရက်နေ့မှာ အင်္ဂလိပ်ကိုလိုနီ လက်အောက်ကနေ မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ နှစ်ပေါင်း ၆၉ နှစ်ပြည့်တဲ့ ဒီကနေ့ အချိန်ထိတော့ မြန်မာနိုင်ငံဟာ ခေါင်းဆောင်ကြီးတွေ မျှော်မှန်းခဲ့တဲ့အတိုင်း လွတ်လပ်ရေးရဲ့ အရသာ အသီးအပွင့်တွေကို အပြည့်အဝ မခံစားနိုင်သေးပါဘူး။ လွတ်လပ်ရေးရပြီးတဲ့အခါ ထိပ်တန်းနိုင်ငံတခု တည်ဆောက်သွားဖို့ဆိုတဲ့ ခေါင်းဆောင်ကြီးတွေရဲ့ မျှော်မှန်းချက်နဲ့ ဒီကနေ့လက်တွေ့ အခြေအနေဟာ ကွာဟနေသေးကြောင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ တူတော်စပ်သူလည်းဖြစ် အာဇာနည် ဦးဘဝင်းရဲ့သားလည်းဖြစ်တဲ့ ဒေါက်တာစိန်းဝင်း က ပြောပါတယ်။

“လွတ်လပ်ရေးရတဲ့အချိန်မှာ လူတွေက တိုင်းပြည်ကြီးက ညီညီညွတ်ညွတ်နဲ့ ဗိုလ်ချုပ်အောင်ဆန်းပြောသလိုပဲ သူများက တလှမ်းလှမ်းရင်၊ ကိုယ်က ငါးလှမ်း၊ ဆယ်လှမ်း လှမ်းနေမှ တော်ရာကျမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ကမ္ဘာမှာမဟုတ်တောင် အရှေ့တောင်အာရှမှာ ထိပ်တန်းနိုင်ငံဖြစ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေ ရှိပါတယ်။ ဆိုတော့ အဲဒါနဲ့ကတော့ အဝေးကြီးဝေးတယ်။ အကွာကြီးကွာနေပါတယ်လို့ ကျနော် ပြောချင်ပါတယ်။”

လွတ်လပ်ရေးကြိုးပမ်းတဲ့ လှုပ်ရှားမှုတွေမှာပါဝင်ခဲ့တဲ့ ကရင်တိုင်းရင်းသားခေါင်းဆောင် မန်းဘဇံရဲ့သားဖြစ်သူ KNU တပ်မှူးဟောင်း ဗိုလ်မှူး ရောဘတ်ဇံကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ တည်မြဲပြီး စစ်တပ်က အာဏာတည်မြဲနေသ၍ တိုင်းပြည်လွတ်လပ်မှု အပြည့်အဝရှိမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“အဲဒီတုန်းက ခေါင်းဆောင်တွေအားလုံးက ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေချင်ကြတယ်ဆိုတဲ့ စေတနာပါပဲ။ အဲဒါကြောင့်မို့ အင်္ဂလိပ်ကို ဝိုင်းတိုက်ကြတာ။ လွတ်လပ်ရေးရလာတယ်။ ဒါပေမဲ့ လွတ်လပ်ရေးရဲ့ အသီးအပွင့်ကိုတော့ တိုင်းရင်းသားလူမျိုးစုအားလုံးက ဘယ်သူမှ မခံစားကြရပါဘူး။ စစ်အာဏာရှင်စနစ်ရဲ့ အကျိုးစီးပွားအောက်မှာ တိုင်းရင်းသားလူမျိုးတွေအားလုံးက လွတ်လပ်ရေးအရသာကို မခံစားရပါဘူး။ NLD ဟာ ၂၀၀၈ ဖွဲ့စည်းပုံကို ခေါင်းလျှိုဝင်ပြီးတော့ သစ္စာခံခဲ့ရတာပါ။ အဲတော့ ၂၀၀၈ နဲ့ တိုင်းပြည် ဘယ်တော့မှ လွတ်လပ်ရေး မရနိုင်ဘူး။ အခုက စစ်တပ်က ချုပ်ကိုင်ထားတာပဲ။ ကာလုံတို့၊ ကာကွယ်ရေးတို့ ၂၀၀၈ မပြင်သမျှကာလပတ်လုံး ဘာမှ လုပ်လို့မရဘူး။ အဲဒါကြောင့် စစ်မှန်တဲ့ လွတ်လပ်ရေး အသီးအပွင့်တွေ ခံစားချင်ရင် စစ်တပ်က ကိုယ့်နေရာကိုယ်ပြန်နေ၊ ပြည်သူ့အုပ်ချုပ်ရေးအောက်မှာရှိ၊ NLD အုပ်ချုပ်ရေးအောက်မှာရှိနေရင်တော့ လွတ်လပ်ရေးအသီးအပွင့်တွေ ပြည်သူတွေ ခံစားခွင့်ရှိတယ်။”

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ကြေညာစာတမ်း အချက် ၄ နဲ့ ၅ မှာ လွတ်လပ်ရေးရယူတာဟာ လူမျိုးတမျိုးထဲ ကောင်းကျိုးချမ်းသာအတွက် မဟုတ်ဘဲ ကျောသားရင်သား မခွဲခြားဘဲ ခံစားကြမယ်လို့ ဖော်ပြထားသလို၊ ကမ္ဘာအရှည်တည်သ၍ တူညီတဲ့ အခွင့်အရေးတွေကို အတူတကွ ခံစားမယ် ဆိုတဲ့သဘော ဖော်ပြထားပါတယ်။ ဒါပေမဲ့ အခုချိန်ထိ တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ မရှိတာကြောင့် ပြည်တွင်းစစ်ဟာလည်း အဆုံးမသတ်နိုင်သေးဘူးလို့ ချင်းအမျိုးသားတပ်ဦး CNF ရဲ့ ဒုဥက္ကဌ ဦးထန်နန်လျန်းထန်က ပြောပါတယ်။

“ကျနော်တို့ တိုင်းရင်းသားလူမျိုးတွေ ဗမာ အပါအဝင် အားလုံးက နယ်ချဲ့လက်အောက်ကနေ ကျနော်တို့ လွတ်လပ်ရေးကို အတူယူကြရအောင်၊ ပြည်ထောင်စုကြီးကို အတူ တည်ဆောက်ကြရအောင်ဆိုတဲ့ ဘုံရည်မှန်းချက်အပေါ်မှာ ရပ်တည်ပြီးတော့ အတူတကွ လက်တွဲခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် စစ်အာဏာရှင်အောက်မှာ ကျရောက်ခဲ့ကြရပါတယ်။ ဒါကြောင့် ရည်မှန်းထားတဲ့ ကတိတွေက ဒီကနေ့ ပြည့်စုံတဲ့ အနေအထားကို မရောက်တဲ့အပြင် ပြည်တွင်းစစ်တွေနဲ့ ရင်ဆိုင်နေရတဲ့ ကာလကို ရောက်တဲ့အခါကျတော့ ကျနော်တို့ တိုင်းရင်းသားတွေ အားလုံးရဲ့ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ ဖက်ဒရယ်စနစ်နဲ့ တိုင်းပြည်ကို တည်ဆောက်မယ်ဆိုတဲ့ အခွင့်အရေးတွေကို ကျနော်တို့ မရခဲ့ပါဘူး။ ဒါပေမဲ့ ဖက်ဒရယ်ဆိုတာက ခွဲထွက်ရေးမဟုတ်ပါဘူး။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာရှိတဲ့ ပြည်သူအားလုံးနဲ့ဆိုင်တဲ့ ဖက်ဒရယ်စနစ်ဖြစ်ပါတယ်။ မတူညီတဲ့ အနေအထားတွေအရ ပြည်ထောင်စု ပေါင်းစည်းခြင်းလို့ ကျနော်တို့ကတော့ ခံယူပါတယ်။”

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ်လည်း ပေါ်ပေါက်ခဲ့ရပြီး ဒီစစ်ပွဲတွေ အဆုံးသတ်ရေးမှာ လက်နက်ကိုင်နည်းနဲ့ ဖြေရှင်းလို့ မရနိုင်ဘူးလို့ ဒေါက်တာစိန်ဝင်းက သုံးသပ်ပါတယ်။

“ပြည်တွင်းစစ် ငြိမ်းချမ်းဖို့ဆိုတာ လက်နက်ကိုင်တဲ့နည်းနဲ့ ဖြေရှင်းလို့ မရဘူးဆိုတာကို အထူးသဖြင့်တော့ လက်နက်ကိုင်ပြီး တိုက်နေတဲ့သူတွေ၊ သဘောပေါက်ဖို့ လိုတယ်။ အခုလည်း တိုင်းပြည် နာနေတာပဲ။ နိုင်ငံရေးအရ ဘယ်လိုဖြေရှင်းကြမလဲ။ တိုင်းပြည်ကောင်းကျိုးအတွက် ဘယ်လိုလုပ်ကြမလဲ။ ငါ့အတွက် မကြည့်ဘဲနဲ့ အားလုံးအတွက် ကြည့်ပြီးတော့ ဖြေရှင်းဖို့နည်းကတော့ လိုလာပြီလို့ ကျနော် ထင်ပါတယ်။”

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ တက်လာပြီးနောက်ပိုင်း အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့ ရည်ရွယ်ပြီး ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပလုပ်ဆောင် ခဲ့ပေမယ့် ကွဲပြားနေတဲ့ တိုင်းရင်းသားတွေကြားမှာ ပြေလည်အောင် ညှိနှိုင်းနိုင်ပါ့မလားဆိုတာကိုတော့ မေးခွန်းထုတ်နေကြပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG