သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယစစ်တပ် အကြီးအကဲ မြန်မာနိုင်ငံ ၄ ရက်ခရီးစဉ် လာရောက်


အိန္ဒိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် Bipin Rawat
အိန္ဒိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် Bipin Rawat

အိန္ဒိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် Bipin Rawat ရဲ့ မြန်မာနိုင်ငံကို မေလ ၂၈ ရက်ကနေ ၃၁ ရက်အထိ လေးရက် ခရီးစဉ်အတွင်း နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်နဲ့တွေ့ဆုံဖို့ရှိသလို တပ်မတော်ခေါင်းဆောင်ပိုင်း တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံမှာဖြစ်ပါတယ်။

ဗိုလ်ချုပ် Bipin Rawat ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့နဲ့ တွေ့ဆုံတဲ့အခါ နှစ်နိုင်ငံ လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့အတူ အထူးသဖြင့် နှစ်နိုင်ငံကြား စစ်ဘက်ဆက်ဆံရေးနဲ့ ပတ်သက်လို့ ဆွေးနွေးကြဖွယ်ရှိပါတယ်။

လေးရက်ကြာခရီးစဉ်အတွင်း နေပြည်တော်မှာရှိတဲ့ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် NDC က အရာရှိ ဗိုလ်လောင်း တွေကို မိန့်ခွန်းပြောဖို့ရှိပြီး ပြင်ဦးလွင်မှာရှိတဲ့ စစ်က္ကသိုလ်ကိုလည်း သွားရောက်မှာဖြစ်ပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းအိန္ဒိယနိုင်ငံတို့ကြားမှာ နှစ်ပေါင်းများစွာ ခိုင်မာတဲ့ ကုန်သွယ်ရေးနဲ့ မိတ်ဘက်ဆက်ဆံရေးရှိခဲ့သလို အပြန်အလှန် ယုံကြည်မှုနဲ့ နားလည်မှုအပေါ်အခြေခံတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလည်း ရှိခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲမှာ သမ္မတဦးထင်ကျော် အိန္ဒိယနိုင်ငံကို သွားရောက်ခဲ့ချိန်မှာလည်း နှစ်နိုင်ငံကြားထိစပ်နေတဲ့ ၁၆၄၀ ကီလိုမီတာ ရှည်လျားတဲ့ နယ်စပ်တလျှောက် လုံခြုံရေးအစောင့်တပ်တွေကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးကိစ္စ မြှင့်တင်ဖို့ သဘောတူခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံကတော့ မြန်မာနိုင်ငံထဲမှာခိုအောင်းနေတဲ့ အရှေ့မြောက်ပိုင်းဒေသက စစ်သွေးကြွတွေအရေးကို စိုးရိမ်ပူပန်နေတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG