သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ ပဲရစ်သဘောတူညီချက် အိန္ဒိယ လက်မှတ်ထိုးမည်


ဥတုရာသီ ပြောင်းလဲမှုကြောင့် အိန္ဒိယမှာ ရေကြီးနေပုံ
ဥတုရာသီ ပြောင်းလဲမှုကြောင့် အိန္ဒိယမှာ ရေကြီးနေပုံ

ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကမ္ဘာတဝှမ်း ကြိုးပမ်း ဆောင်ရွက်နေမှုတွေမှာ ပါဝင်မှု တိုးမြှင့်တဲ့ အနေနဲ့၊ ကမ္ဘာပေါ်က ဖန်လုံအိမ်ဓါတ်ငွေ့ တတိယ အများဆုံး ထုတ်လွှတ်နေတဲ့ အိန္ဒိယ နိုင်ငံက ပဲရစ် သဘောတူစာချုပ်ကို တနင်္ဂနွေနေ့မှာ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။

အခုလို အိန္ဒိယနိုင်ငံက တရားဝင် သဘောတူညီကြောင်း လက်မှတ်ရေးထိုးလိုက်တာဟာ ဒီသဘောတူညီချက်ကို အားဖြည့်ဆောင်ရွက် နိုင်ဖို့ ပိုနီးစပ်လာတာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်က ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှု ပမာဏ အားလုံးရဲ့ ၅၅ % ထုတ်လွှတ်နေတဲ့ နိုင်ငံပေါင်း ၅၅ နိုင်ငံရဲ့ သဘောတူညီမှုရမှ ဒီသဘောတူညီချက်ကို အားဖြည့် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံက လက်မှတ် ရေးထိုးလိုက်တာကြောင့် အခုဆိုရင် နိုင်ငံပေါင်း ၆၂ နိုင်ငံ ရှိသွားပြီဖြစ်ပြီး ကမ္ဘာ့ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်နေတဲ့ နိုင်ငံပေါင်း ထက်ဝက်ကျော် သဘောတူလာပြီဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတွေက ပြီးခဲ့တဲ့ လကပဲ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး အီးယူ ဥရောပ သမဂ္ဂကတော့ ရှေ့သီတင်းပတ်ထဲမှာ လက်မှတ်ရေးထိုးမယ်လို့ ပြောကြားခဲ့ပါတယ်။

ပဲရစ်သဘောတူညီချက်က ကမ္ဘာကြီးပူနွေးလာမှုကို စက်မှုခေတ် မတိုင်ခင်က အပူချိန်ထက် ၂ ဒီဂရီ Celsius အောက် လျော့ကျစေဖို့ ရည်ရွယ် တာပါ။ ဒီလိုလုပ်နိုင်ဖို့ ကမ္ဘာတဝှမ်း ရုပ်ကြွင်းလောင်စာ ရေနံကိုပဲ မှီခို မနေရအောင် လုပ်ကြမှာ ဖြစ်ပါတယ်။

၂၀၃၀ မှာ နိုင်ငံတွင်း စွမ်းအင်လိုအပ်ချက် အားလုံးရဲ့ ၄၀ % ကို ပြန်လည်ပြည့်မြဲ စွမ်းအင်ကနေ ထုတ်ယူဖို့ အိန္ဒိယ နိုင်ငံက စီမံကိန်း ချထားပါတယ်။ စွမ်းအင်ထုတ်လုပ်မှု အများစုကို ကျောက်မီးသွေးက ရယူနေတဲ့ အိန္ဒိယနိုင်ငံဟာ နေရောင်ခြည်ကို ကောင်းကောင်းရတာမို့ နေစွမ်းအင်ကို အများဆုံး ပြောင်း သုံးဖို့အတွက် စီစဉ်နေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG