သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးဒေလီမြို့မှာ လေထုညစ်ညမ်းမှု သတိပေးချက် ထုတ်ပြန်


အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်ဝန်းကျင်မှာ ဆိုးဝါးတဲ့ လေထုညစ်ညမ်းမှု ဖြစ်မည်ကို သတိပေးနေစဉ်
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်ဝန်းကျင်မှာ ဆိုးဝါးတဲ့ လေထုညစ်ညမ်းမှု ဖြစ်မည်ကို သတိပေးနေစဉ်

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်ဝန်းကျင်မှာ ဒီရက်ပိုင်းအတွင်း လူသေဆုံးနိုင်လောက်တဲ့အထိ ဆိုးဝါးတဲ့ လေထုညစ်ညမ်းမှု ဖြစ်နေတဲ့ သတိပေးချက်တွေ ထွက်ပေါ်လာတာမို့ ကျောင်းတွေ ပိတ်ထားလိုက်ရသလို ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းထားပြီး ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံတွေကိုပါ ယာယီ ပိတ်ထားရပါတယ်။

နယူးဒေလီတဝိုက်က လေထုထဲမှာ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ အန္တရာယ်ရှိတဲ့ အမှုန်ပါဝင်မှုဟာ စိတ်ချရတဲ့ အဆင့်အောက် အဆ ၃၀ ကျော် လောက် လျော့နည်းနေတယ် ဆိုတာကိုတွေ့ရတဲ့အတွက် အရေးပေါ်အဆင့် သတ်မှတ်ပြီး အရေးယူ ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

စာသင်ကျောင်းတွေကို ၃ ရက်ပိတ်ထားမှာဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းတွေကို ၅ ရက်ကြာ ရပ်နားထားရမှာ ဖြစ်တဲ့အပြင် ကျောက်မီး သွေးသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံတွေကို ၁၀ ရက်ကြာ ပိတ်ထားမှာ ဖြစစ်ကြောင်း နယူးဒေလီ ဝန်ကြီးချုပ် Arvind Kejriwal က တနင်္ဂနွေ နေ့မှာ ကြေညာလိုက်တာပါ။ မြို့တော်တခွင်က လေထုကို အဆိပ်သင့်စေရာမှာ အဓိကဖြစ်နေတဲ့ အမှုန်တွေ ဖုံတွေ တိတ်သွားအောင် လမ်းတွေကို ရေဖျန်းထားမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီဟာ ကမ္ဘာပေါ်မှာ လေထု အညစ်ညမ်းဆုံးမြို့တွေထဲကတမြို့ ဖြစ်ပေမယ့်လည်း ဒီသီတင်းပတ်ထဲမှာမှ အခြေနေက သိပ်ကိုဆိုးဝါးလာတာ ဖြစ်ပါတယ်။ အဆောက်အဦးတွေမှာ မီးခိုးမြူတွေနဲ့ ပိတ်ဖုံးနေပြီး လမ်းတွေပေါ်မှာလည်း အဝေးကို လှမ်းမမြင်နိုင် လောက်အောင် ဆိုးဝါးနေတာပါ။

ဒီဇယ်သုံးမော်တော်ယာဉ်တွေဆီက မီးခိုးတွေ၊ အမှိုက်မီးရှို့ရာက ထွက်လာတဲ့ အခိုးအငွေ့တွေနဲ့ အဆိပ်သင့် ဖုံမှုန့်တွေကြောင့် ဒေလီမြို့ရဲ့ လေထုဟာ သိပ်ကို ဆိုးဆိုးဝါးဝါး ညစ်ညမ်းနေရာက ဒီနှစ်မှာတော့ အနီးအနား ပြည်နယ်တွေက တောင်သူလယ်သမားတွေရဲ့ ကောက်ပဲသီးနှံ စွန့်ပစ်ပစ္စည်း တန်ချိန် သန်းပေါင်းများစွာ မီးရှို့ဖျက်ဆီးမှုကြောင့် ပိုဆိုးလာစေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နှစ်စဉ် ကျင်းပတဲ့ မီးပန်းဗျောက်အိုး ပစ်ဖေါက်မှုတွေကလည်း အခြေနေကို ဆိုးသထက် ဆိုးစေတာပါ။ ဒီလို အခြေနေတွေရှိနေတဲ့ ကြားက ဆောင်းရာသီရောက်လာတာမို့ လေသိပ် မတိုက်တဲ့အတွက် ဒီမီးခိုးမြူတွေ လွင့်ပါး ပျက်ပြယ်သွားအောင် မလုပ်နိုင်ပဲ ဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG