သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နယ်စပ်ထိ အိန္ဒိယတံတားဆောက်


အိန္ဒိယ နိုင်ငံရဲ့ အရှည်လျားဆုံး တံတားကြီး Dhola Sadiya။
အိန္ဒိယ နိုင်ငံရဲ့ အရှည်လျားဆုံး တံတားကြီး Dhola Sadiya။

တရုတ်နိုင်ငံနဲ့ နယ်စပ်ခြင်းထိစပ်နေတဲ့ အိန္ဒိယ အရှေ့မြောက်ပိုင်းမှာ နိုင်ငံရဲ့ အရှည်ဆုံး တံတားသစ် ကြီးတခုကို တည်ဆောက်ပြီးစီးသွားပါပြီ။ Dhola Sadiya လို့ အမည်ပေးထားတဲ့ တံတားသစ်ဟာ နိုင်ငံကာကွယ်ရေး ဆိုပေမယ့်လည်း ကျေးလက်ဒေသ စီးပွားဖွံဖြိုးရေးကို အထောက်အကူပြုဖို့ အဓိကဖြစ်စေကြောင်း ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီက မနေ့က ကျင်းပတဲ့ ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားသွားပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီး တင်ပြမှာပါ။

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီဟာ သူ့ရဲ့အာဏာရ သက်တမ်း ၃ နှစ်တာ အထိမ်းအမှတ် အဖြစ် နိုင်ငံရဲ့ အရှည်လျားဆုံး တံတားကြီးကို မေလ (၂၆)ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။

"အာသံ နဲ့ အရူနာချယ်ပရာဒက်ရှ် ပြည်နယ်နှစ်ခု နီးစပ်အောင် ဒီတံတားကြီးက ဆက်သွယ်ပေး လိုက်ပါပြီ။ မိုင်ပေါင်း ၁၀၀ ကျော်အကွာအဝေးကိုလည်း ဖြတ်တောက်ပေးနိုင်ခဲ့ပါတယ်။ ဒီတံတားကြောင့်လူတွေရဲ့ ခရီးသွားလာတဲ့အချိန်ကို တိုတောင်းစေပါတယ်။အခုလို အခြေခံအဆောက်အဦးတွေ ဖွံဖြိုးလာရင် စီးပွားရေး တိုးတက်မှုအတွက် အခွင့်အလမ်းသစ်တွေ လည်း ပွင့်လာပါတယ်။"

ဒါ့အပြင် ဒီတံတားကြောင့် ပြည်နယ်နှစ်ခုလုံးမှာရှိတဲ့ တောင်သူလယ်သမားပေါင်း သောင်းနဲ့ချီပြီး ဈေးကွက်သစ်တွေရရှိဖို့ အထောက်အကူပေးနိုင်မှာဖြစ်သလို စီးပွားရေးအရှိန်အဟုန်နဲ့ တိုးတက်ဖို့ ကိုလည်း ဦးဆောင်မှုပေးနိုင်မှာဖြစ်တယ်လို့ မိုဒီက ပြောပါတယ်။

ခြောက်မိုင်နီးပါး ရှည်လျားတဲ့ Dhola Sadiya တံတားသစ် ကြီးကို အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း Arunachal Pradeshအရူနာချယ်ပရာဒက်ရှ် ပြည်နယ် မှာရှိတဲ့ ဗြဟ္မပုတြမြစ်ကို ဖြတ်ပြီး တည်ဆောက်ထားတာဖြစ်ပါတယ်။ တန် (၆၀) တိုက်ခိုက်ရေးသုံး သံချပ်ကားကားတွေ ဖြတ်သန်းသွားနိုင်တဲ့အထိ ခိုင်ခံတယ်လို့ ဆိုပါတယ်။ အဲဒီပြည်နယ်မှာ တိဗက်တောင်ပိုင်း လို့ တရုတ်တို့ဘက်က သတ်မှတ်ထားတဲ့ ဟိမဝန္တာတောင်တန်းဒေသ လည်း ပါဝင်နေတာဖြစ်ပါတယ်။

တရုတ်နဲ့ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ အရူနာချယ်ပရာဒက်ရှ်ပြည်နယ်ကို စစ်တပ်အင်အားနဲ့ ဒုံးကျည်လက်နက်တွေ တင်ပို့နိုင်ရေးအထောက်အကူပေးဖို့ ရည်ရွယ်ချက်နဲ့ ၂၀၁၁ခုနှစ်က စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ခုနှစ် ဒီဇင်ဘာလမှာ အပြီးသတ်ဆောက်လုပ်ဖို့ အရင် ရည်ရွယ်ခဲ့ပေမဲ့ ၂၀၁၇ခုနှစ်မှာ ပြီးစီးခဲ့ပြီး ကုန်ကျငွေစုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် ရှိခဲ့ပါတယ်။

၂၀၁၄ခုနှစ်မှာ ဝန်ကြီးချုပ် မိုဒီဦးဆောင်တဲ့ အစိုးရတက်လာပြီးတဲ့နောက် အိန္ဒိယ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုကို ဦးစားပေးအနေနဲ့ အခြေခံအဆောက်အဦးတွေ တိုးချဲ့တည်ဆောက်ခဲ့ပါတယ်။ အထူးသဖြင့် နိုင်ငံကာကွယ်ရေး ခိုင်မာဖို့ လိုအပ်နေတဲ့ အရှေ့မြောက်ပိုင်း နယ်စပ်ဒေသမှာ အရေးပါတဲ့ လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အဦး အတော်များများကို မိုဒီအစိုးရက နည်းဗျူဟာ စီမံကိန်းချမှတ် ဆောင်ရွက်ခဲ့တာပါ။

အိန္ဒိယနိုင်ငံရဲ့ အရင်နည်းဗျူဟာ အရဆိုရင်တော့ နယ်စပ်ဒေသတွေမှာ ဆယ်စုနှစ်ပေါင်းများစွာ အခြေခံအဆောက်အဦးတွေကို မြှင့်တင်တာမျိုးမလုပ်ခဲ့ပါဘူး။ တကယ်လို့ အဲဒီဒေသတွေမှာ တိုးတက်မှုတွေရှိလာမယ်ဆိုရင် တရုတ်တပ်တွေကနေ အိန္ဒိယဘက်ကို အလွယ်တကူ ရောက်ရှိဖို့ အထောက်အကူပေးသလို ဖြစ်နိုင်တယ်လို့ ယုံကြည်ခဲ့တာဖြစ်ပါတယ်။

၁၉၆၂ခုနှစ်က နယ်မြေအငြင်းပွားမှုကြောင့် အိန္ဒိယနဲ့ တရုတ် နှစ်နိုင်ငံကြား ရေတို တိုက်ပွဲတခု ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် နှစ်ဘက် အပြန်အလှန်ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး အချိန်ကြာမြင့်လာပေမဲ့လည်း အခုချိန်ထိ နယ်မြေအငြင်းပွားမှုကတော့ ဆက်ပြီးရှိနေဆဲဖြစ်ပါတယ်။

ဒီအတောအတွင်း အရူနာချယ်ပရာဒက်ရှ် ပြည်နယ်ကို ပြီးခဲ့တဲ့လက တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားလာရောက်လည်ပတ်ခဲ့တာဟာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေကြောင်း တရုတ်က အိန္ဒိယကို သတိပေးပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ နယ်စပ်မှာရှိနေတဲ့ အိန္ဒိယလုံခြုံရေးတပ်တွေကို တရုတ်ရဲ့ ကျူးကျော်မှုကို ကာကွယ်နိုင်ဖို့ မျက်ခြေမပြတ် စောင့်ကြည့်နေဖို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီး Rajnath Singh က ပြောကြားခဲ့ပါတယ်။

တရုတ်နယ်စပ်ထိ အိန္ဒိယတံတားဆောက်
please wait

No media source currently available

0:00 0:03:34 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG