သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်နယ်စပ် အိန္ဒိယစစ်စခန်း တိုက်ခိုက်ခံရမှု တပ်ဖွဲ့ဝင် ၇ ဦးသေ


အိန္ဒိယနိုင်ငံပိုင် ဂျမူး၊ ကက်ရှ်မီးယားမြောက်ပိုင်းက စစ်စခန်းတခုကို အင်္ဂါနေ့အစောပိုင်းက လက်နက်ကိုင် စစ်သွေးကြွတွေ ဝင်ရောက်စီးနင်း တိုက်ခိုက်မှု ကြောင့် အိန္ဒိယစစ်သား ၇ ယောက်နဲ့ တိုက်ခိုက်သူ ၃ ဦး သေဆုံးသွားပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန်ကြား ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသမှာ အိန္ဒိယစစ်စခန်းတခုကို ပြီးခဲ့တဲ့ စက်တင်ဘာလထဲ တိုက်ခိုက်ခံခဲ့ ရပြီးနောက် ဆက်ဆံရေးတွေ အနိမ့်ဆုံးအဆင့် ရောက်နေချိန်မှာပဲ - အခုနောက်ဆုံးအဖြစ်အပျက်ကြောင့် ၂ နိုင်ငံကြား တင်းမာမှုတွေ ပိုပြီး ကြီးထွားလာမယ့် အလားအလာတွေ ရှိနေပါတယ်။

ကက်ရှ်မီးယားဒေသက ကွပ်ကဲရေးစခန်း ၄ ခုအနက် အဓိကတခုဖြစ်တဲ့ နာဂရိုတာ (Nagrota) စစ်စခန်းကို ဝင်ရောက်ဖို့ ကြိုးစားရင်း တိုက်ခိုက်သူတွေက လက်ပစ်ဗုံးတွေ၊ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ကြရာက နာရီနဲ့ချီ အပြန်အလှန် တိုက်ခိုက်မှုအတွင်း စစ်သားတွေနဲ့ စစ်သွေးကြွတွေ သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။

နာဂရိုတာ (Nagrota) စစ်စခန်းဟာ Srinagar မြို့နဲ့ ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမပေါ်က ဂျမူးမြို့နဲ့ ကီလိုမီတာ ၂၀ အကွာမှာ တည်ရှိပါတယ်။ ဂျမူးနဲ့ ဆီရင်နဂါမြို့တွေဟာ ကက်ရှ်မီးယားဒေသရဲ့ အဓိကမြို့ကြီးတွေလည်း ဖြစ်ကြပါတယ်။

စစ်တပ်အရာရှိမိသားစုတွေ အသုံးပြုတဲ့ အဆောက်အဦးထဲ ဝင်ရောက်လာခဲ့ကြတဲ့ စစ်သွေးကြွတွေဟာ အမျိုးသမီး ၂ ဦးနဲ့ ကလေးတွေ အပါအဝင် ဓားစာခံတွေကို ဖမ်းဆီးခဲ့တယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။ သေဆုံးသူ အိန္ဒိယစစ်သား ၇ ယောက်အနက် ၃ ယောက်ဟာ ဓားစာခံတွေကို ကယ်တင်တဲ့ စစ်ဆင်ရေးမှာ သေဆုံးခဲ့တာလို့လည်း ဆိုပါတယ်ရှင်။

XS
SM
MD
LG