သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယမှာ ဘာသာခြားလူနည်းစုတွေ စိုးရိမ်


အိန္ဒိယနိုင်ငံတွင်းက မွတ်စလင်အမျိုးသမီးများ။
အိန္ဒိယနိုင်ငံတွင်းက မွတ်စလင်အမျိုးသမီးများ။

အိန္ဒိယနိုင်ငံမှာ မွတ်စလင် နဲ့ ခရစ်ယာန်လူမှုအသိုင်းအဝိုင်းတွေအပေါ် ဘာသာရေးအရ အကြမ်းဖက်တိုက်ခိုက်တာတွေ ရုတ်တရက် တိုးလာနေတဲ့အပေါ်မှာ မွတ်စလင် နဲ့ ခရစ်ယာန်ဘာသာခေါင်းဆောင်တွေက စိုးရိမ်လာနေကြပါတယ်။

အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံး Uttar Pradesh ပြည်နယ်က လွှတ်တော်ရွေးကောက်ပွဲမှာ လက်ရှိအာဏာရ ဟိန္ဒူအမျိုးသားရေးဝါဒီ BJP ပါတီက အပြတ်အသတ်ရသွားတာနဲ့ အတူ ဟိန္ဒူလက်ယာစွန်းအဖွဲ့တွေဘက်က မုန်းတီးမှုကိုအခြေခံတဲ့ တိုက်ခိုက်မှုတွေတိုးလာနေတာ ဖြစ်ပါတယ်။

မွတ်စလင်တွေ နဲ့ ခရစ်ယာန်တွေကို ဆန့်ကျင်တဲ့တိုက်ခိုက်မှု အများစုဟာ BJP ပါတီအနိုင်ရတဲ့ပြည်နယ်တွေမှာဖြစ်ကြပြီး၊ ဒေသခံအစိုးရ တွေဟာ ပြစ်မှုကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန် အရေးမယူဘူးလို့ လူနည်းစုခေါင်းဆောင်တွေက ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ မွတ်စလင်လူဦးရေက ၁၄.၂ % နဲ့ ခရစ်ယာန်က ၂.၃ % ရှိပြီး၊ သူတို့ဟာ ညှင်းပန်းနှိပ်စက်မှု နဲ့ အကြမ်းဖက်မှုတွေ ခံနေရပြီးအများစုရဲ့ နောက်ကွယ်မှာ ဟိန္ဒူလက်ယာစွန်း RSS အဖွဲ့ ၊ အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံး ဟိန္ဒူဘာသာရေးအဖွဲ့ VHP အဖွဲ နဲ့ သူတို့ရဲ့အဖွဲ့ခွဲတွေ ပါဝင်ပတ်သက်နေတယ်လို့ ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ နရင်ဒရာမိုဒီ ဝန်ကြီးချုပ်ဖြစ်လာခဲ့တဲ့ ၂၀၁၄ ခုနှစ်ကစပြီး၊ ဟိန္ဒူလက်ယာစွန်း အဖွဲ့တွေက လူနည်းစုဘာသာဝင်တွေကို့စတင် ပြစ်မှတ်ထားတိုက်ခိုက်လာတာဖြစ်ပေမယ့်လည်း၊ အူတာပရာဒက်ရှ် အပါအဝင် ပြည်နယ် ၃ ခုမှာ BJP ပါတီအနိုင်ရပြီးတဲ့နောက်ပိုင်း ဘာသာရေးနဲ့ ဆက်နွယ်တဲ့ တိုက်ခိုက်မှု အသစ်တွေ စတင်ရင်ဆိုင်လာရတယ်လို့ ခရစ်ယာန်နဲ့ မွတ်စလင်ဘာသာရေးခေါင်းဆောင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်အတွင်း BJP ပါတီအုပ်ချုပ်တဲ့ ပြည်နယ်အများစုမှာ နွားတွေကို ကာကွယ်စောင့်ရှောက်တဲ့ လက်ယာစွန်းဟိန္ဒူအဖွဲ့တွေက ၊ နွားတွေ သယ်ယူပို့ဆောင်တဲ့ မွတ်စလင်တွေကို တိုက်ခိုက်တာတွေ ဒါဇင်နဲ့ချီ ရှိခဲ့ပြီး၊ အဲဒီတိုက်ခိုက်မှုတွေကြောင့် မွတ်စလင် ၇ ယောက် ထက်မနည်းသေဆုံးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG