သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်သတင်းလောက အီဒီယံအသုံးအနှုန်းများ


မျက်မှောက်သတင်းလောက အီဒီယံအသုံးအနှုန်းများ
မျက်မှောက်သတင်းလောက အီဒီယံအသုံးအနှုန်းများ

ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်သတင်းလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံ အသုံး တချို့ဖြစ်တဲ့ A Run on Something, On Deck နဲ့ A Red Flagတို့ကို တင်ပြထားပါတယ်။

(၁) A Run On something

A (တခု၊ တကြိမ်) ၊ run (ပြေးတာ) ၊ on something (တခုခုနဲ့ပတ်သက်လို့) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က တခုခုနဲ့ပတ်သက်လို့ ပြေးတာဖြစ်ပါတယ်။ ဒီအသုံးရဲ့အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က ပစ္စည်းတခုခုနဲ့ပတ်သက်လို့ ရုတ်တရက် စုပြုံပြီး အဝယ်လိုက်တာဖြစ်ပါတယ်။ တနည်း အရောင်းကောင်းလွန်းလို့ ရောင်းမလောက် ဖြစ်တာမျိုး၊ ပစ္စည်းကိုဝယ်တဲ့လူတွေများလွန်းလို့ လက်မလယ်အောင် ရောင်းရတာမျိုး ဖြစ်ပါတယ်။

ဒီအသုံးကို ခုဟောင်ကောင်မှာ ဖြစ်ပွါးနေတဲ့ ဆန္ဒပြမှုတွေအတွင်း ရဲဘက်က မျက်ရည်ယို ဗုံးတွေသုံးပြီး လူစုခွဲလေ့ရှိတာကြောင့် ဒီ မျက်ရည်ယိုဗုံးပစ်တဲ့ ဒဏ်ကနေ ကွယ်နိုင်အောင် မျက်နှာဖုံးအကာတွေဖြစ်တဲ့ Gas Masks တွေကို သုံးရတဲ့အတွက် ဟောင်ကောင်မှာ ဒီ Gas Masks တွေဟာ ခုတလော ရုတ်တရက် အဝယ် လိုက်ပြီး လူတွေက သူ့ထက်ငါ အလုအယက်ဝယ်ကြတဲ့အတွက် The Washington Post သတင်းစာကြီးက

“A run on gas masks in Hong Kong “ ဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာဖြစ်ပါတယ်။

ဥပမာ

There was “a run on” flashlights and candles at stores because of the hurricane warning tonight.

ဒီညကျမယ့် မုန်တိုင်းသတိပေးချက်ကြောင့် လက်နှိပ်ဓါတ်မီးတွေနဲ့ ဖယောင်းတိုင်တွေ ဆိုင်တွေမှာ ရုတ်တရက် အဝယ်လိုက်ခဲ့တယ်။

(၂) On Deck

On (အပေါ်မှာ) ၊ deck က သဘောၤကုန်းပတ်စဖြင့်အဓိပ္ပါယ်အမျိုးမျိုးရှိပေမဲ့ ဒီနေရာမှာတော့ အမေရိကန်မှာ လူကြိုက်များတဲ့ baseball အားကစားနည်းမှာ အသင်း နှစ်သင်း ယှဉ်ပြိုင်ကြရာမှာ အသင်းတသင်းရဲ့ ဘောလုံး ရိုက်တဲ့ hitter ဒါမှမဟုတ် batter က ရိုက်နေစဉ် သူ့အသင်းရဲ့အရံ hitter နောက် တယောက်က ကွင်းရဲ့ အနောက်ဘက်က Deck လို့ခေါ်တဲ့ စက်ဝိုင်းတွင်းမှာ သူ့အလှည့်ရောက်ဖို့ အဆင်သင့် စောင့်နေရတာ ဖြစ်ပါတယ်။

Baseball ကစားကွင်းတိုင်းမှာ အသင်းတသင်းစီအတွက် အဆင်သင့်စောင့်နိုင်ဖို့ (၅ ပေ) ပတ်လည်ရှိတဲ့ စက်ဝိုင်းနှစ်ကွင်း ထားပေးလေ့ ရှိပါတယ်။ ဒီအသုံးရဲ့ Idiom အဓိပ္ပါယ် ကလည်း သိပ်မကွာလှပါဘူး။ တခုခု လုပ်ဖို့ အဆင်သင့်စောင့်နေတဲ့သဘော ဖြစ်ပါတယ်။ ဒီအသုံးကို အခု အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေး စစ်မှာ အခွန်တွေစည်းကြပ်မှု အပါအဝင် ဘတပြန်၊ ကျားတပြန် အရေးယူဆောင်ရွက်မှုတွေရှိခဲ့လို့ နှစ်နိုင်ငံကြား ကုန်သွယ်ရေး ကျဆင်းနေတဲ့အခြေအနေမှာ ဂျပန်က အမေရိကန်နဲ့ကုန်သွယ်ရေး ဆွေးနွေးပွဲတွေ လုပ်ပြီး လွတ်နေတဲ့နေရာကိုဝင်ယူဖို့ ဘေးကနေ အဆင်သင့် စောင့်နေ တာ တွေ့ရတဲ့အတွက် Fox News က-

“As US-China fight on trade, Japan is on deck.” ဆိုတဲ့ခေါင်းကြီးနဲ့ရေးသားခဲ့တာဖြစ်ပါတယ်။

ဥပမာ

The mayor had a team of workers “on deck” to help clean up the storm damage.

မုန်တိုင်းအပျက်အစီးတွေရှင်းလင်းဖို့မြို့တော်ဝန်က အလုပ်သမားတစုကို အဆင်သင့် ချထားတယ်။

(၃) A Red Flag

A (တခု)၊ red flag (အနီရောင်အလံ) ဖြစ်ပြီး

စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က အနီရောင်အလံတခု ဖြစ်ပါတယ်။ အလံနီကို အန္တရာယ် အချက်ပြတဲ့အနေနဲ့ အသုံးပြုတာ ၁၆၀၀ ခုနှစ်များက စစ်သင်္ဘောတွေမှာ စစ် တိုက်ဖို့ ပြင်ဆင်ကြရင်သုံးခဲ့ကြသလို မြစ်ရေကြီးလို့ သတိပေးရင်လဲ အလံနီကိုသုံးတာ ဖြစ်ပါတယ်။ ဒါ့အပြင် တောမီးလောင်တဲ့ဲ့ အန္တရာယ်ကို သတိပေးရမှာလည်း အလံနီကိုပဲ သုံးပါတယ်။ ဒါကြောင့် A red flag ရဲ့ သွယ်ဝိုက်အဓိပ္ပါယ်က နေ့စဉ်ဘဝမှာ သတိထား ရမယ့် အန္တရာယ်ရှိတဲ့ အချက်ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ တနည်း စိုးရိမ်စရာရှိလို့ ကြိုတင်သတိပေးတာလည်း ဖြစ်ပါတယ်။

ဒီအသုံးကို မကြာသေးမီက Texas ပြည်နယ်၊ El Paso နယ်စပ် မြို့နဲ့ Ohio ပြည်နယ် Dayton မြို့တို့မှာ သေနတ်သမား ၂ ဦး ရဲ့လက်ချက်ကြောင့် စုစုပေါင်း လူ ၃၁ ဦး သေ ဆုံးခဲ့ကြရတဲ့ဖြစ်ရပ်နှစ်ခုနဲ့ပတ်သက်လို့ ပြန်လည်သုံးသပ်ရာမှာ ဒီ သေနတ်သမား နှစ်ယောက်ဟာ ကျောင်းနေစဉ် စိတ်မူမမှန် တာတွေ၊ အသက်ခြိမ်းခြောက်မှု လုပ်ခဲ့ တာတွေ၊ စရိုက်ကြမ်းတမ်းတာတွေ၊ လူမျိုးရေးမုန်းတီးတဲ့ပြောဆိုမှုတွေ စသဖြင့် တနေ့နေ့မှာ ဒုက္ခပေးလာနိုင်စေမယ့်၊ လူ့ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်လာစေမယ့် အလားအလာရှိတဲ့အရိပ်လက္ခဏာတွေကို တွေ့ခဲ့ရပေမယ့် သက်ဆိုင်ရာကျောင်း၊ မိဘ၊ အပေါင်းအသင်း၊ ရဲ စသဖြင့် လူ့အဖွဲ့အစည်းအသီးသီးက မီးမလောင်ခင်ကတားရမယ်-ဆိုတဲ့ ဖြစ်ရပ်တွေကို အချိန်မီမတားနိုင်ဘဲ ဥပက္ခာပြု လျစ်လျှူရှုခဲ့ကြတဲ့အတွက် The Washington Post သတင်းစာကြီးရဲ့ခေါင်းကြီးမှာ

“Years before tragedies, Red flags often ignored."

ကြေကွဲဖွယ်ရာဖြစ်ရပ်ကြီးတွေမဖြစ်မီ အန္တရာယ်ရှိတဲ့၊ စိုးရိမ်စရာကောင်းတဲ့အချက်တွေကို ကြိုတင်သတိပေးခြင်းမရှိဘဲ နှစ်နဲ့ချီပြီး လူတွေက ဥပက္ခာပြုခဲ့ကြတယ်- လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ - John’s anger over a minor issue definitely raised “a red flag” for me.

John ကဘာမဟုတ်လေးနဲ့ ဒေါသထွက်တာတွေ့ရတော့ ကျနော့်အနေနဲ့ တကယ့်ကိုသတိထားရမယ်ဆိုတာ သိလာတယ်။

တိုက်ရိုက် လင့်ခ်

----------------------------------

XS
SM
MD
LG