သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်သတင်းလောက အီဒီယံအသုံးအနှုန်း


မျက်မှောက်သတင်းလောက အီဒီယံအသုံးအနှုန်း
မျက်မှောက်သတင်းလောက အီဒီယံအသုံးအနှုန်း

ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်သတင်းလောက မှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့ ဖြစ်တဲ့ Lock Horns, Double Down နဲ့ Blink First တို့ကို တင်ပြထားပါတယ်။

(၁) Lock Horns

Lock (ချိတ်မိနေတာ၊ ငြိနေတဲ့အတွက် ရုန်းထွက်လို့ မရနိုင်တာ)၊

horns (ဦးချိုတွေ) ဖြစ်ပြီး စကားစုတခုလုံးရဲ့တိုက်ရိုက် အဓိပ္ပါယ်က ဦးချိုတွေချိတ်မိနေတာဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာက ဦးချိုတွေရှိကြတဲ့ သမင်ဖိုတွေ၊ နွားသိုးရိုင်းတွေ တကောင်နဲ့တကောင် ရန်ဖြစ်ကြလို့ ဦးချိုနဲ့ခွေ့ကြရာမှာ ဦးချိုချင်း ချိတ်မိနေတဲ့အနေအထားကို ဆိုလိုတာဖြစ်ပါတယ်။

အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ လူတဦးနဲ့နောက်တဦး ကိစ္စတခုခုကြောင့် ရန်ဖြစ်စကားများကြတာ ဖြစ်ပါတယ်။ သူကလဲတင်း၊ ကိုယ်ကလဲမလျှော့တဲ့အနေအထားမျိုး ဖြစ်ပါတယ်။

ကျမတို့မြန်မာမှာတော့ ဘတပြန ်ကျားတပြန် ရန်ဖြစ်နေကြတာမျိုး၊ ချိတ်ချိတ်ချင်း ချိတ်မိနေတာမျိုး ဖြစ်ပါတယ်။ ဒီအသုံးကို အမေရိကန်သမ္မတ Donald Trump နဲ့ တရုတ်သမ္မတ Xi Jinping ကြား နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ပတ်သက်လို့ အပြန်အလှန် ခြိမ်းခြောက်ပြောဆိုတာတွေ၊ အခွန်စည်းကြပ်တာတွေ၊ ငွေတန်ဘိုးချတာတွေ စသဖြင့်အရေးယူဆောင်ရွက်တာတွေ ရှှိခဲ့လို့၊ ကမ္ဘာ့စီးပွါးရေးကို ဂယက်ရိုက်ခတ် လာပြီး Stocks ဈေးတွေလည်း ထိုးကျခဲ့လို့ The Washinton Post သတင်းစာကြီးက “Trump and Xi lock horns — and drag the world with them”. Trump နဲ့ Xi တို့ ဘတပြန် ကျားတပြန် ချနေကြတဲ့ ဂယက်မှာ ကျန် ကမ္ဘာကြီးကိုလnf; ဆွဲသွင်းနေတယ် ဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာဖြစ်ပါတယ်။

ဥပမာ

The mayor and city planning committee often “lock horns” on budgetary issues.

မြို့တော်ဝန်နဲ့ မြို့ရဲ့စည်ပင်ကော်မတီကြား ဘတ်ဂျက်အသုံးစရိတ်ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ရန်ဖြစ် စကားများကြလေ့ ရှိတယ်။

(၂) Double Down

Double က (နှစ်ဆ)၊ down က (အောက်) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ် က အောက်ကို နှစ်ဆ ချလိုက်တာဖြစ်ပါတယ်။ ဒီအသုံးက Blackjack ဆိုတဲ့ casino လောင်းကစားနည်းကနေ ဆင်းသက် လာတာ ဖြစ်ပါတယ်။ Blackjack ဖဲကစားနည်းမှာ ဒိုင်က ပထမ ဖဲနှစ်ချပ်ကိုဝေအပြီးမှာ ကစားသမားက ကိုယ့်လက်ထဲရောက်နေတဲ့ ဖဲတွေရဲ့အခြေအနေ ကောင်းနေရင် ဒိုင်က နောက်ဆုံးတချပ်မဝေမီ ကစားသမားအနေနဲ့ ပထမလောင်းကြေးကို နှစ်ဆတိုး လောင်းခွင့်ရှိတာ ဖြစ်ပါတယ်။ တနည်းတော့ ကိုယ့်လက်ထဲမှာရှိနေတဲ့ ဖဲနှစ်ချပ်က နိုင်ခြေများတယ်ဆိုရင် ကိုယ်က ပိုအတင့်ရဲလာပြီး လောင်းကြေး နှစ်ဆတိုးတဲ့သဘောဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကတော့ လူတဦးအနေနဲ့ အခြေအနေ ကောင်းလို့ တခုခုနဲ့ပတ်သက်လို့ အတင့်ရဲပြီး နှစ်ဆတိုးရင်း လုပ်ဆောင်တာ၊ ဒါမှမဟုတ် နှစ်ဆတိုး ဖိအားပေး လုပ်ဆောင်တာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။

ဒီအသုံးကို အမေရိကန်နဲ့ တရုတ်ကုန်သွယ်ရေးစစ်အရှိန်မြင့်နေချိန်လဲဖြစ်၊ Uighur မွတ်စလင်တွေအပေါ် တရုတ်ရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကြောင့် အနောက်နိုင်ငံတွေရဲ့ ဝေဖနိမှုတွေလည်း တိုးနေချိန်မှာ တရုတ်သမ္မတအဖြစ် (ရ ) နှစ်တာထမ်းဆောင်ခဲ့ပြီးဖြစ်တဲ့ Xi Jinping ဟာ သူ့ရဲ့တရုတ်ကွန်မြူနစ်ပါတီကို အရှေ့၊ အနောက်၊ တောင်၊ မြောက် အားဖြည့်ပြီး ပေါ်လစီချမှတ်ရေးသာမက စစ်ရေး၊ စီးပွါးရေး၊ ပညာရေး၊ ဥပဒေရေးရာ တို့ကိုလည်း ထိပ်တန်းဦးစားပေးဆောင်ရွက်မယ်လို့ပြောခဲ့သလို တချိန်က တရုတ်ခေါင်းဆောင် ကြီး Deng Xiaoping က နိုင်ငံကို ချမ်းသာအောင်လုပ်ခဲ့တဲ့ နည်းတူ Xi Jinping ကလည်း ကွန်မြူနစ်ပါတီ အားဖြည့်ဖို့နှစ်ဆတိုး ဖိအားပေး လုပ်ဆောင်မယ် ဆိုတဲ့ပြောဆိုချက်တွေကြောင့် The Washington Post သတင်းစာကြီး မှာ “Xi Doubles down on strengthening the Party “ ဆိုတဲ့ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

The people need to “double down” on their calls for press freedom in the country.

ပြည်သူတွေအနေနဲ့ နိုင်ငံမှာသတင်းလွပ်လပ်ခွင့်ရရှိရေးအတွက် နှစ်ဆတိုး ဖိအားပေး တောင်းဆိုသင့်ကြ တယ်။

(၃)Blink First

Blink (မျက်တောင်ခတ်တာ)၊

first (ဦးစွာအရင်) ဖြစ်ပြီး စကားစုတခုလုံးရဲ့တိုက်ရိုက်အဓိပ္ပါယ်က မျက်တောင်ကို အရင်ခတ်တာ ဖြစ်ပါတယ်။ ဒီအသုံးက ကလေးတွေ တဦးနဲ့တဦးစိုက်ကြည့်ပြီး ဘယ်သူက မျက်တောင်အရင်ခတ်မလဲဆိုပြီး ပြိုင်ကြတဲ့ကစားနည်းကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။

တောင့်ခံထားပေမယ့် အားမတန်မာန်လျှော့ပြီး မျက်တောင်အရင်ခတ်တဲ့လူက အရှုံးပေးတဲ့ သဘောမျိုး ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က နေ့စဉ်ဘဝမှာ လူတွေအနေနဲ့ တယောက်နဲ့တယောက် စိန်ခေါ်ကြရာမှာ ဘယ်သူက အရင်လျှော့ပေးမလဲဆိုပြီး အားပြိုင်ကြရမှာ အရင်အလျှော့ပေးလိုက်တဲ့လူဟာ Blink first လုပ်တဲ့လူပဲ ဖြစ်ပါတယ်။ ဒီအသုံးကို သမတ Trump နဲ့ တရုတ်သမ္မတ Xi ကြား နှစ်နိုင်ငံ ကုန်သွယ်ရေးစစ်မှာ ဘတပြန်၊ ကျားတပြန် ခြိမ်းခြောက်မှုတွေ၊ အရေးယူဆောင်ရွက်မှုတွေလုပ်ခဲ့လို့ ကမ္ဘာ့ စီးပွါးရေးကိုလည်း ဂယက်ရိုက်ခဲ့တဲ့အနေအထားမျိုးမှာ သမ္မတ Trump က နောက်ထပ် တရုတ် ပို့ကုန်တွေအပေါ် စက်တင်ဘာ ၁ ရက်ကစလို့ အခွန် ၁၀ % တိုးစည်းကြပ်မယ်လို့ခြိမ်းခြောက်ခဲ့ပေမဲ့ ရက်နီးကပ်လာတဲ့အခါ ဒီဇင်ဘာလကျမှပဲ အခွန်တိုးစည်းကြပ်မယ်လို့ ရက်ရွှေ့ပေးလိုက်တဲ့အတွက် ကုန်သွယ်ရေးစစ်မှာ Trump က အရင် စပြီးအလျှော့ပေး လိုက်တယ်လို့ Wall St. Stock ဈေးကွက်ကရော တရုတ်ကပါ ပြောနေကြပြီ ဆိုပြီး Money and Markets.com မှာ “Wall Street and China Say Trump Just Blinked First in Trade War “ ဆိုတဲ့ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

We wonder who will “blink first” in the trade war between the U.S. and China.

အမေရိကန်နဲ့တရုတ်ကြား ကုန်သွယ်ရေးစစ်မှာဘယ်သူအရင်အလျော့ပေးမလဲလို့ ကျနော်တို့ တွေးတောနေကြတယ်။

-------------------------------------------------------------------------------

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG