သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် လူမှုအသိုင်းအဝိုင်း ၂ ရပ်အတွက် အင်ဒိုနီးရှားကူညီ


ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်က Kutupalong ဒုက္ခသည်စခန်းကို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno L.P Marsudi သွားရောက်ကြည့်ရှုစဉ် (ဒီဇင်ဘာ ၂၀ ရက် ၂၀၁၆)
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်က Kutupalong ဒုက္ခသည်စခန်းကို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno L.P Marsudi သွားရောက်ကြည့်ရှုစဉ် (ဒီဇင်ဘာ ၂၀ ရက် ၂၀၁၆)

ရခိုင်ဒေသပဋိပက္ခကို ဖြေရှင်းရေးမှာ အာဆီယံနိုင်ငံတချို့ရဲ့ လူသားချင်းစာနာထောက်ပံ့မှု အကူအညီတွေဟာ အာဆီယံမိသားစု စိတ်ဓါတ်ကို ဖေါ်ပြရာရောက်ကြောင်း ပြည်ထောင်စုဝန်ကြီးတဦးက ပြောဆိုလိုက်ပါတယ်။ ရခိုင်ဒေသက ရခိုင်နဲ့ မွတ်ဆလင် နှစ်ဖက်လူမှုအသိုင်းအဝိုင်း အတွက်ဆိုပြီး အင်ဒိုနီးရှားနိုင်ငံက လူသားချင်းစာနာမှု အကူအညီတွေ စနေနေ့က လွှဲပြောင်းပေးအပ် ခဲ့တာဖြစ်ပါတယ်။ ဆက်သွယ် မေးမြန်း ထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

မြန်မာနိုင်ငံကို လတ်တလောရောက်ရှိနေတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး HE Mrs. Retno L.P Marsudi မဒမ် ရက်တနိုမာဆူဒီဟာ ရခိုင်ဒေသအတွက် အင်ဒိုနီးရှားအစိုးရကပေးလိုက်တဲ့ လူသားချင်းစာနာထောက်ပံ့ရေး အကူအညီပစ္စည်းတွေကို စစ်တွေမြို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ကို ဇန္နဝါရီ ၂၁ ရက် မနေ့မနက်ပိုင်းက လွှဲပြောင်းပေးအပ်ခဲ့တာပါ။

ဖွံ့ဖြိုးမှုနောက်ကျနေသေးတဲ့ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက အကြမ်းဖက်သမားတွေက နယ်ခြားစောင့်ရဲစခန်းတွေကို ဝင် ရောက်တိုက်ခိုက်ခဲ့ပြီး ရဲဝန်ထမ်း ၉ ဦးသေဆုံးခဲ့တဲ့ဖြစ်ရပ်နောက်ပိုင်း ရခိုင်ဒေသကို နိုင်ငံတကာက ပိုပြီးအာရုံစိုက်လာတာ ဖြစ်ပါတယ်။ ရခိုင် ဒေသကိုပေးအပ်တဲ့ အင်ဒိုနီးရှားရဲ့ လူသားချင်းစာနာထောက်ပံ့မှု အကူအညီတွေဟာ ရခိုင်ဒေသက ရခိုင်နဲ့မွတ်ဆလင် နှစ်ဖက် လူမှုအသိုင်း အဝိုင်းအတွက် ဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြောင်း လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက VOA ကို ပြောပါတယ်။

“အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း ပြောသွားပါတယ်။ တည်ငြိမ်အေးချမ်းရေးအတွက်ရော၊ ဖွံဖြိုးတိုးတက်ရေးအတွက်ရော ဆက်လက်ပြီးတော့ ပူးပေါင်းဆောင်ရွက်မယ်။ လုပ်စရာတွေလည်း အများကြီးရှိတယ်လို့လည်း ပြောသွားတယ်။ နောက်ပြီးတော့ အခု အကူအညီပေးတာတွေကိုလည်း ဒီမှာရှိတဲ့ လူမျိုးဘာသာ မခွဲခြားပဲနဲ့ ကူညီထောက်ပံခြင်းဖြစ်ပါတယ်လို့ ထပ်ခါထပ်ခါ ပြောသွားတယ်။”

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မဒမ် Retno L.P Marsudi ဟာ ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဝင်နဲ့လည်း မနေ့နေတုန်းက ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့တာပါ။ သူတို့ အင်ဒိုနီးရှားနိုင်ငံရဲ့ ရခိုင်ဒေသအတွက် အကူအညီတွေဟာ ရခိုင်မှာရှိတဲ့ နှစ်ဖက်လူမှုအသိုင်း အဝိုင်းအတွက် ဖြစ် တယ်လို့ ပြောကြောင်း ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က ပြောပါတယ်။

“ သူတို့ ပြောတာက ဒီလူ့အဖွဲ့အစည်း နှစ်ခုစလုံးကို ထောက်ပံမယ်။ နောက်ပြီး အပြုသဘောဆောင်သော သဟဇာတဖြစ်မှုကို ရောက်အောင် သူတို့ အားပေးမယ်။ OIC မှာလည်းပဲ အထင်အမြင်လွဲှမှားမှုတွေ ရှိတာတွေကို သူတို့ ဖြေရှင်းပေးတယ်။ လက်တွေ့ မြင်လိုက်လို့ရှိရင် အားလုံးဟာ သံသယတွေ ကင်းသွားမှာဖြစ်တယ်။ ဥပမာဆိုရင် သူတို့ ကျောင်းနှစ် ကျောင်း ဆောက်ပေးတယ်ဗျာ။ လူ့အဖွဲ့အစည်း နှစ်ခုလုံးက အသုံးချဖို့ပေါ့နော်။ နောက်တခါ သူတို့ ဈေးတခုတောင်လုပ်ပေးဖို့ရှိတယ် ပြောတယ်။ အဲဒီဈေးမှာ အသိုင်းအဝိုင်း နှစ်ခုက ဘယ်လိုဆုံတွေ့ ပူးပေါင်းပြီးတော့ လုပ်လို့ရမယ်ဆိုတဲ့ သဟဇာတဖြစ်ရေးကိစ္စကို လုပ်ချင်တယ်ဆိုတဲ့ သဘောနဲ့လာတာပါ။”

အင်ဒိုနီးရှားနိုင်ငံလိုပဲ မလေးရှားနိုင်ငံကပါ မြန်မာအစိုးရနဲ့ သံတမန်လမ်းကြောင်းက ဆက်သွယ်ပြီး ရခိုင်ဒေသအတွက် လူသားချင်းစာနာမှု အကူအညီတွေ မကြာခင်မှာ ပေးပို့ဖို့ရှိကြောင်း ဒေါက်တာဝင်းမြတ်အေးက ပြောပြပါတယ်။ အင်ဒိုနီးရှားနဲ့ မလေးရှားရဲ့အကူအညီတွေဟာ အာဆီယံမိသားစု စိတ်ဓါတ်ကို ဖေါ်ပြရာရောက်တယ်လို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

“ဒါလည်း အာဆီယံနိုင်ငံအချင်းချင်း မိသားစုစိတ်ဓါတ်နဲ့ ကူညီတယ်လို့ ကျနော်တို့ ယူဆပါတယ်။ ကျနော်တို့နိုင်ငံကလည်း အခြားနိုင်ငံတွေမှာ အဲလိုမျိုးကိစ္စပေါ်ပေါက်လာရင်လည်း ကျနော်တို့အနေနဲ့ ဒီပုံစံနဲ့ပဲ မိသားစုစိတ်ဓါတ်နဲ့ပဲ ဆောင်ရွက်မှာပါ။ ဒါကြောင့်မို့လည်း ကျေးဇူးတင်ပါတယ်။ နောက်ကိုလည်း ဒီလိုအစိုးရအဖွဲ့နဲ့ ဆက်သွယ်ပြီး ပူးပေါင်းဆောင်ရွက်ပါလို့။ မလေးရှားက သံအမတ်ကလည်း လွန်ခဲ့တဲ့ နှစ်ရက်က ကျနော်တို့နဲ့ လာတွေ့ပြီးပြီ။ နှစ်နိုင်ငံဆက်သွယ်ပြီး ဒီလိုပဲ ကူညီထောက်ပံတာပါပဲခင်ဗျ။”

ဒါပေမယ့် မလေးရှားနိုင်ငံကတော့ ရခိုင်ဒေသက မွတ်ဆလင်အရေးဟာ နိုင်ငံတကာအရေး ဖြစ်တယ်ဆိုပြီး ရခိုင်ပြဿနာကို ဆွေးနွေးဖို့ OIC (အစ္စလမ်နိုင်ငံများအဖွဲ့) အထူးအစည်းကို ဇန္နဝါရီ ၁၉ ရက်နေ့က ခေါ်ယူကျင်းပခဲ့ပါတယ်။ ဒါကြောင့် မလေးရှားဟာ မွတ်စလင်သောင်းကျန်သူတွေ လက်ချက်ကြောင့် ရဲဝန်ထမ်းတွေ သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ကို လျစ်လျူရှုပြီး သူ့ပြည်တွင်းနိုင်ငံရေး အကျိုးအမြတ်အတွက် ရခိုင်အရေးကို အသုံးချနေတဲ့အပေါ် စိုးရိမ်စရာဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန္နဝါရီ ၂၀ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

မနေ့က စစ်တွေမြို့မှာပေးအပ်တဲ့ အင်ဒိုနီးရှားရဲ့ လူသားချင်းစာနာမှု အကူအညီတွေထဲမှာ အဝတ်အထည် ခေါက်ဆွဲ‌ွခြောက် ကလေးအစား အစာ ဂျုံအိတ်တွေပါဝင်ပြီး စုစုပေါင်း ဒေါ်လာ ၁ သောင်း ၄ ထောင်ဖိုးလောက်ရှိပါတယ်။ စစ်တွေမြို့နယ် လက်မ‌ွခေကျေးရွာနဲ့ သက္ကယ်ပြင် ရွာတွေမှာ အင်ဒိုနီးရှား NGO တခုဖြစ်တဲ့ PKPU အဖွဲ့က မူလတန်းကျောင်း ၂ ကျောင်း ဆောက်လုပ် လှူဒါန်းထားတာကိုလည် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မဒမ် မာဆူဒီက မနေ့က လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG